• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စကော်လာတို့အားမာန်များ အပိုင်း-၁

(GMT+08:00) 2017-08-11 16:34:24

 တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ  မြန်မာနိုင်ငံက ကျောင်းသားတွေ လာရောက် ပညာသင်ကြားနေကြတာ များစွာရှိနေပါတယ်။ ဒီလို လာရောက်ပညာသင်ကြားကြတဲ့အခါ ကိုယ့်စရိတ်နှင့်ကိုယ်၊ ဒါမှမဟုတ် တရုတ်နိုင်ငံကပေးတဲ့ စကော်လာရှစ်ရလို့ လာရောက် တဲ့သူ   အစုံပါဝင်ပါတယ်။ ဒီလို အစုံပါဝင်နေပေမယ့် သူတို့ရဲ့ တူညီတဲ့ရည်ရွယ်ချက် ကတော့ နိုင်ငံခြားက သင်ယူခဲ့တဲ့ ပညာရပ်တွေနှင့်အတူ မိမိနိုင်ငံအတွက် ပြန်လည်အကျိုး ပြုကြမယ် ဆိုတာပါပဲ။ ဖြစ်လာတာ မဖြစ်လာတာကတော့ အခြေအနေတစ်ခုစီပေါ်မှာ မူတည်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် စကော်လာတို့ရဲ့ ရင်ထဲမှာတော့ အတွေးတွေ၊ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ များစွာရှိနေတာတော့ သေချာပါတယ်။  ဒါကြောင့် ဒီတစ်ပတ်က တရုတ်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေရဲ့ အတွေးအမြင်၊ ခံယူချက်တွေနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။ အခုတစ်ပတ်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CSC (china scholar- ship council)က ပေးအပ်တဲ့ စကော်လာရှစ်နှင့် ပီကင်းမြို့ language and Culture Uni- versityမှာ တရုတ်ဘာသာအဓိကဖြင့် လာရောက်ပညာသင်ကြားနေတဲ့ မDJ မျိုးဆက်နှင့်  တွေ့ဆုံမေးမြန်းထားမှုကို တင်ပြပေးလိုက်ပါတယ်။

 

မေး----မင်္ဂလာပါ-ညီမလေး

မျိုး---- ဟုတ်ကဲ့ မင်္ဂလာပါ။

မေး---- ပညာသင်ကာလ ဘယ်နှစ်ရောက်နေပြီလဲ။

မျိုး---- ပညာသင်ကာလကတော့ အခု ဒုတိယနှစ်ရောက်နေပြီ။ စုစုပေါင်း (၅)နှစ် တက်ရ မှာပေါ့။

မေး---- အခုလို ပညာသင်ကြားနိုင်ဖို့အတွက် ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပေးတာပါ လဲ။

မျိုး---- ဟုတ်--အဓိကကတော့ ဒီမှာလာသင်တာက တရုတ်နိုင်ငံအစိုးရကထောက်ပံ့တာ ပေါ့နော်။ CSC (china scholarship council)ကနေ့ ထောက်ပံ့တာပါ။

မေး---- အဲဒီတော့ ညီမလေးအနေနဲ့ ဒီမှာပညာသင်ခွင့်ရလာပြီပေါ့နော်။ အခုဆို ဒုတိယနှစ် ရောက်နေပြီ။ ဒီမှာ ပညာသင်ရတဲ့အခြေအနေနှင့် မြန်မာနိုင်ငံမှာ ပညာသင်ရတဲ့ အခြေအနေ ဘာတွေ ကွာဟမှုရှိနေလဲ။

မျိုး---- ဟုတ်။ အဓိကကတော့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဒီတိုင်းပဲ စာတွေကို ဆရာက ပေးတယ်။ ပြီးတဲ့အခါ အကုန်လုံးကို ကျက်ပြီးဖြေတယ်။ ပြီးလို့ ပြန်မေးရင်တော့ လုံးဝမသိ တောဘူးပေါ့နော်။ ဒီမှာကျတော့ ကျက်စရာမလိုဘူး။ သူတို့က မှတ်ဖို့ပဲပြောတယ်။ အဲဒီ တော့ သင်ဖို့ဆိုလို့ရှိရင်လည်း အစကနေအဆုံး အကုန်လုံးကို မှတ်ပြီးတော့သင် မှတ်ပြီး တော့ဖြေရတာပေါ့နော်။ အဲဒီအခါကျတော့ စာမေးပွဲပြီးသွားရင်လည်း သူတို့ပြောတာ အနည်းနှင့်အများ အကုန်လုံးမဟုတ်ရင်တော့ တော်တော်များများမှတ်မိနေတယ်ပေါ့။ မြန်မာနိုင်ငံမှာကျတော့ အကုန်လုံးကို ကျက်ပြီးဖြေရတယ်ဆိုတော့ စာမေးပွဲပြီးသွားရင် လုံးလုံးကိုမမှတ်မိတော့ဘူး။ အဲလိုကိုဖြစ်သွားတယ်။ ဘွဲ့ရပြီးရင်လည်း  အဲလိုပဲပေါ့။ အခုခေတ်လူတွေလည်း အဲလိုပဲလို့ထင်ပါတယ်။

မေး---- ဟုတ်ကဲ့ပါ ညီမလေး-- ဒီနိုင်ငံမှာ သူတို့နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပညာ သင်တဲ့အခါမှာ သင်ယူမှုအတွက် ထောက်ပံ့ပေးမှုတွေက ပြည့်စုံမှုရှိတာ ကိုတွေ့ရ ပါတယ်။ နိုင်ငံတော်အနေနဲ့ကူညီပံ့ပိုးတာတွေလည်းရှိတယ်။ အဲဒီအပေါ်မှာ ညီမအနေနဲ့ဘာများ ပြောချင်ပါသလဲ။

မျိုး---- သူတို့က နိုင်ငံခြားသားတွေကိုတော့  တော်တော်များများပြည့်စုံအောင် ထားပေး ထားပါတယ်။ နိုင်ငံခြားသားဆိုလို့ရှိရင် ရေခဲသေတ္တာ၊ TV၊ မွေ့ယာကအစ အကုန်လုံး အဆင်ပြေပြေနှင့်ထားပေးထားတယ်။ ဘာမှလုပ်စရာမလိုအောင်၊ အ၀တ်လျှော်စက်ကအစ အကုန်လုံးထားပေးထားတယ်။ စာပဲကြည့်နေရုံပဲ။ ဘာမှလုပ်စရာမလိုအောင် အကုန်လုံး ပြည့်ပြည့်စုံစုံထားပေးထားပါတယ်။

မေး---- ဟုတ်ကဲ့ပါ။ ညီမအနေနဲ့ ဒီတရုတ်နိုင်ငံက ပညာသင်ယူမှု ၊ ပညာသင်ကြားမှု တွေကို တွေ့ရတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် ဘယ်အချက် တွေက ပြုပြင်သင့်တယ်။ ဘယ်အချက်တွေကတော့ ပြောင်းလဲသင့်တယ်လို့ ထင်ပါသလဲ။

မျိုး---- သမီးကတော့ အများကြီးတော့မပြောချင်ဘူး။ အကြံပေးချင်တာက မြန်မာနိုင်ငံ မှာဆိုလို့ရှိရင် ဒါကျက် ဒါဖြေစနစ်ကြီးကို မဖြစ်စေချင်ဘူးပေါ့နော်။ သူများနိုင်ငံ၊ နိုင်ငံ တော်တော်များများကို ကြည့်မယ်ဆိုရင် စာကို ကျက်တာထက်စာရင် မှတ်တာ၊ အဲလိုမှတ် တာက ပိုများတယ်။ မှတ်တဲ့အတွက်ကြောင့်မို့ ပိုပြီးတော့လည်း မှတ်မိတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာလို ဒါကျက် ဒါဖြေ အဲလို စနစ်ကြီးကိုတော့ အမြန်ဆုံးတော့ပြောင်းလဲ ပစ်ချင် တယ်။ ကိုယ်ကလည်း အဲဒီမှာတက်ခဲ့တာဆိုတော့။ တကယ်တမ်းပြန်မေးရင် သူငယ်တန်း ကနေပြီးတော့ မြန်မာနိုင်ငံမှာတက်ခဲ့တဲ့ First year ၊ second year ၊ third year တစ်လျောက်ပေါ့။ ပြန်မေးမယ်ဆိုရင် စာတွေ လုံးလုံးမမှတ်မိဘူးပေါ့။ ဒီမှာဆိုလို့ရှိရင်လည်း တစ်နှစ် နှစ်နှစ်ပဲသင်ခဲ့တယ်။ အဲဒီတစ်နှစ် နှစ်နှစ်ကို တော်တော်များများတော့ မှတ်မိတယ် အဲလိုမျိုးပေါ့။ အဲဒါကြောင့် ဒါကျက် ဒါဖြေစနစ်ကြီးကို မဖြစ်စေချင်ဘူး။ တခြားဟာကတော့ သူတို့လည်း သူတို့စနစ်နှင့်သူတို့ပေါ့။

မေး---- အခု ညီမတို့ကို CSC (china scholarship council)ကနေ ပညာသင်ထောက်ပံ့ စရိတ်ပေးတယ်ပေါ့။ အဲဒီတော့ ဒီကနေ ညီမတို့ ပညာသင်ပြီးသွားရင် မြန်မာနိုင်ငံကို ပြန် ရောက်ရင် ဘာတွေပြန်လုပ်မလဲ။ ညီမရဲ့ အနာဂတ်ရည်မှန်းချက်ကို သိချင်ပါတယ်။

မျိုး---- အနာဂတ်ရည်မှန်းချက်က ပထမတော့ တစ်ခုရှိတာပေါ့နော်။ ဒါပေမယ့် အခုဟာက အခြေအနေက ကိုယ်မြန်မာနိုင်ငံကလာတဲ့ မေဂျာ (Suject)အတိုင်းသင်ရတာမဟုတ်ဘူး၊ ဒီရောက်တော့ တရုတ်စာမေဂျာကို ပြောင်းလိုက်ရတယ်။ ဒီအတွက်ကြောင့်မို့ တရုတ် စာနှင့်ပတ်သက်ပြီးပေါ့။ ကိုယ်ကလည်း တရုတ်စာတတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်၊ တရုတ်နှင့်မြန်မာအဲလိုမျိုး စီးပွားရေးတွေ၊ လူမှုရေး အကုန် လုံးကို ကိုယ်တတ်ထားတဲ့ တရုတ်စာပညာနှင့် ကူညီမယ်လို့တော့ စဉ်းစားထားတယ် ပေါ့ နော်။ ကိုယ်ကလည်း အများကြီးမဟုတ်ဘူး၊ တရုတ်စာပဲတတ်ထားတာဆိုတော့ တရုတ်စာ နှင့် စီးပွားရေး၊လူမှုရေး၊ ကူညီနိုင်တာမှန်သမျှဆို အကုန်လုံးကူညီသွားမှာပါ။

မေး---- ပညာရေးနှင့်ပတ်သက်ပြီးတော့ရော ညီမအနေနဲ့ ဘယ်ကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက်သွားဖို့ရှိပါသလဲ။

မျိုး---- ပညာရေးကဏ္ဍကတော့ ကိုယ်ကလည်း အဲလိုကြီးကြီးမားမားထဲက မဟုတ်တဲ့ ဟာကျတော့ ကိုယ်တတ်နိုင်တာဆိုရင်လည်း အကုန်လုံး ကူညီမယ်။ ကူညီနိုင်တာဆိုရင် တော့ အားလုံးကိုကူညီသွားမှာပါ။

မေး---အခုနောက်ပိုင်းမှာပေါ့နော်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနှင့် အခြားဝန်ကြီးဌာန အဖွဲ့အစည်းတွေက ၀န်ထမ်း တွေကို ပညာပေးနိုင်ဖို့အတွက် scholarship ပေးပြီး ခေါ်ယူနေတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းဆို ပိုပြီးတော့ တွေ့လာရတယ်ပေါ့။ အဲဒီတော့ ဒီscholarshipတွေကို မြန်မာနိုင်ငံကိုခေါ်တယ်။ မြန်မာနိုင်ငံကလည်း ပို့ပေးတယ်။ အဲလိုမျိုးတွေ ပညာသင် ကျောင်းသားတွေ ခေါ်ယူမှုနှင့် စေလွှတ်မှုတွေရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးဟာ ဘယ်လောက်အထိ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ညီမထင် ပါသလဲ။

မျိုး----- ဟုတ်။။ အခုလိုမျိုး scholarship တွေခေါ်တာ အရမ်းကို ကောင်းတယ်ပေါ့နော်။ တစ်ချို့လူတွေကျတော့ ပိုက်ဆံမတတ်နိုင်ဘူး၊ မိဘက မတတ်နိုင်ဘူး။ ဒါပေမယ့် သူတို့မှာ ပညာအရည်အချင်းရှိတယ်။ ဒီလိုခေါ်တဲ့အခါကျတော့ ပိုက်ဆံမတတ်နိုင်ပေမယ့် ပညာ အရည်အချင်းရှိတဲ့အတွက်ကြောင့်မို့ သူတို့ scholar လျှောက်လို့ရတယ်။ scholarရတဲ့ အခါကျတော့ သူတို့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် စီးပွာေးရးပဲဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ် ဒီနှစ်နိုင်ငံဆက်ဆံရေးကိုပေါ့နော်။ အကောင်းမွန်ဆုံးလုပ်ပေးလို့ရတယ်။ ဒီကြားထဲမှာမှ တစ်ချို့တွေဆိုလို့ရှိရင် ပညာအရည်အချင်းရှိတယ်။ ဒါပေမယ့် ပိုက်ဆံမရှိတဲ့အခါကျတော့ သူတို့မှာ ကူညီချင်တာလည်း အခွင့်အရေးမရှိဘူးပေါ့။ ဒါပေမယ့်အခုလိုမျိုး scholarship တွေ ပေးတဲ့အခါကျတော့ သူတို့ဖြစ်ချင်တဲ့ ပုံစံမျိုး၊ အတိုင်းအတာမျိုးအကုန်လုံး အဆင် ပြေပြေလုပ်လို့ရတယ်ပေါ့။ နှစ်နိုင်ငံဆက်ဆံရေးကတော့ အခုကလည်း တရုတ်နှင့်မြန်မာ အိမ်နီးချင်းဖြစ်တဲ့အခါကျနေတော့ တရုတ်ကို မကောင်းမြင်နေမယ့်အစား ကိုယ်ပြောချင် တာ ကိုယ်ဖြစ်ချင်တာတွေ အကုန်လုံးကို သေသေချာချာညှိနှိုင်းပြီးတော့လုပ်ရင် အကုန်လုံး အဆင်ပြေမှာပါ။

မေး----- ဒီ scholarတွေကရော နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုနိုင်မယ်လို့ထင်ပါလဲ။

မျိုး-----scholarshipတွေကတော့ သူတို့က နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပေးတာ။ သမီး တို့ဆို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် scholar ပေးတာဆိုတော့ ချစ်ကြည်ရေးလည်း ပိုကောင်းတယ်။ စီးပွားရေးရော၊ လူမှုရေးရော အကုန်လုံးဆက်သွယ်မှုကြားထဲမှာ လမ်းပန်း တွေပွင့်သွားပေါ့နော်။

မေး---- ညီမ မြန်မာနိုင်ငံကနေ လာတဲ့အချိန်မှာ တရုတ်နိုင်ငံကို ရောက်ရောက်ချင်း ဖြစ်သွားတဲ့ စိတ်ခံစားမှုနှင့် ပြောချင်တဲ့စကားတစ်ခွန်းတော့ ရှိမယ်ထင်ပါတယ်။ ရှိတယ် ဆိုပြောပေးပါဦး။

မျိုး---ဟုတ်ကဲ့-ဒီစစရောက်တဲ့အခါကျတော့ သူတို့တွေအကုန်လုံးက တော်တော် များများ က တရုတ်လိုပဲ ၊ ဘာမဆိုတရုတ်လိုပဲ ပြောတာ။ အင်္ဂလိပ်လိုလည်း သေသေချာချာပြောလို့ မရဘူး။ အဲဒီအခါကျတော့ ကိုယ်ကလည်း ဒီစရောက်တဲ့အချိန်မှာ "နီဟောင်" တစ်လုံးက လွဲလို့ သိပ်ပြီးမတတ်ဘူး။ (ရယ်လျက်)  မတတ်တဲ့အခါကျတော့ တရုတ်တွေနှင့် စကား ပြောတဲ့အခါ၊ ပြီး ပစ္စည်းဝယ်တာ ဘာပဲဖြစ်ဖြစ်အကုန်လုံး တော်တော်ခက်ခဲတယ်ပေါ့နော်။ အဲခါကျတော့ ဟန်ပန်အမူအရာနှင့်ပဲပြောရတာ၊ တော်တော်လည်း ရယ်ရတယ်။ အရမ်း လည်းဆိုးဝါးတယ်ပေါ့။ အဲဒီတော့ သူများနိုင်ငံလာပြီဆို၇င်တော့ international  langu- age အင်္ဂလိပ်စာကို တတ်ထားတာကောင်းတယ်ဆိုပေမယ့် သူတို့နိုင်ငံက စကားကို အခြေခံလောက်တတ်ထားတာ ပိုကောင်းမယ်လို့ ထင်တယ်ပေါ့နော်။

မေး---- နိုင်ငံတစ်နိုင်ငံမှာ ညီမတို့လို မျိုးဆက်သစ်လူငယ်တွေက များစွာအရေးပါအရာ ရောက်တယ်ပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း လူငယ်ဖိုရမ်လေးတွေကျင်းပနေကြတယ်။ ပြီးခဲ့နှစ်ကစပြီး လုပ်နေတယ်။ ဖိုရမ်ကြီးတော့ မကျင်းပသေးဘူး၊ ဒါပေမယ့် မြို့နယ် အလိုက် တော့ ဖိုရမ်လေးတွေ ကျင်းပနေကြတယ်။ အဲဒီတော့ ညီမလည်း လူငယ် တစ်ယောက်ဖြစ် တဲ့အတွက်ကြောင့်  နိုင်ငံတစ်နိုင်ငံရဲ့အင်အားဟာ လူငယ်တွေဖြစ်နေ တာမို့ ညီမအနေနဲ့ လူငယ်တွေကို ပါဝင်ဆောင်ရွက်ခွင့်ပေးမယ်ဆိုရင် ဘယ်ကဏ္ဍကနေ ပါဝင်ဆောင်ရွက် ချင်ပါသလဲ။

မျိုး---- အခုဟာက နိုင်ငံတော်တော်များများမှာဆိုလို့ရှိရင် (၁၈)နှစ်ဆို သူတို့ဘာသာ သူတို့ ရပ်တည်နေကြပြီ၊ မြန်မာနိုင်ငံမှာ အဲလိုမဟုတ်ဘူး၊ အသက်(၂၀)ကျော်တဲ့အထိကို ကလေးတစ်ယောက်လိုပဲ နေကြတယ်ပေါ့နော်။ ဟိုတစ်ခေါက်က facebookမှာ စာတစ်ခု ဖတ်လိုက်ရတယ်။ ကောင်မလေးနှစ်ယောက်၊ သူတို့ပုံစံကြည့်ရတာကတော့ အသက် (၂၅) ၊ (၂၆)လောက်ထင်ရတယ်။ ဒါပေမယ့် တကယ်တမ်းမေးကြည့်တော့ (၁၈)လောက်ပဲ ရှိ သေးတယ်ပေါ့။ နိုင်ငံတော်တော်များများကိုလည်း သွားလာနေပြီ။ သူတို့သူတို့လည်း ရပ်တည်နေပြီ။ သူတို့ မြန်မာနိုင်ငံကို လာလည်တယ်။ တခြားနိုင်ငံတွေလည်း ဆက်ပြီး သွားဖို့ရှိတယ်လို့ပြောတယ်ပေါ့။ အဲတော့ မြန်မာနိုင်ငံမှာ အသက်(၂၀) ကျော်လောက် အထိကို ကလေးလိုပဲ နေနေတယ်။ နိုင်ငံခြားဆို (၁၈)နှစ်လောက်ဆို နိုင်ငံ အနည်းဆုံး (၃)၊ (၄)နိုင်ငံတော့ရောက်နေပြီ။ တချို့တွေကလည်း ပိုက်ဆံမရှိတဲ့အခါကျတော့ ကိုယ့်နိုင်ငံမှာ အဲလိုလုပ်ကြတာရှိတယ်။ ဒါပေမယ့် ပိုက်ဆံရှိတဲ့လူတွေကျတော့လည်း ဈေးဝယ်တာတို့ ဘာတို့ အဲလိုမျိုးထွက်တာမျိုးမဟုတ်ဘဲနှင့် နိုင်ငံတစ်ခုကို သွားပြီဆိုရင် သူတို့ရဲ့စီးပွားရေး က ဘာဖြစ်လို့ ဒီလောက်တောင် မြင့်တာလဲ၊ ပြီးတော့ လူမှုဆက်ဆံရေးကရော ဘာလို့ ဒီလောက်တောင်ကောင်းပြီးတော့ ကိုယ့်နိုင်ငံထက်သာနေတာလဲ၊ ကိုယ်က ပိုက်ဆံရှိလို့ သွားပြီဆိုရင် အဲဒါတွေကို လေ့လာကြည့်စေချင်တယ်ပေါ့။ ပြီးတော့ ဒီကြားထဲမှာ ကိုယ့် သူငယ်ချင်းတွေက ပိုက်ဆံရှိတဲ့လူလည်းရှိမယ် မရှိတဲ့လူလည်းရှိမယ်။ အဲဒီအခါကျတော့ ပိုက်ဆံရှိတဲ့သူက သူတို့သွားနိုင်၇င် သူတို့အတွေ့အကြုံတစ်ခုရမယ်ပေါ့။ ကိုယ်နှင့်ဖလှယ် လို့ရတယ်။ မသွားနိုင်တဲ့လူကိုလည်း ကိုယ့်သူငယ်ချင်းဆိုရင် ကိုယ်ကပြန်ပြီး ရလာတဲ့ အတွေ့အကြုံတွေကို ပြောပြစေချင်တယ်ပေါ့။ သမီးက လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် တကယ်လို့ အဲလိုမျိုးပါဝင်ဆောင်ရွက်ခွင့်ရမယ်ဆိုလို့ရှိရင် လူငယ်တွေကိုမှ အဲလို အသိ ပညာပေးတဲ့အဖွဲ့အစည်းမျိုး ထောင်ချင်တယ်ပေါ့နော်။ တချို့လူငယ်တွေက မသိကြတာ အခုကတော်တော်များတယ်။ များတဲ့အခါကျတော့ ကိုယ်ကလည်း ဒီမှာ သူများနိုင်ငံမှာ ပညာသင်နေတဲ့အခါကျတော့ ကိုယ်သိသမျှကို အကုန်မျှဝေပေးချင်တယ်။ မျှဝေပြီးတော့ သူတို့ကို ကိုယ်သာပိုက်ဆံရှိခဲ့တဲ့ လူတစ်ယောက်ဆိုရင် သူတို့ကို ထောက်ပံ့ပြီးတော့ ပညာသင်တာတွေ၊ အတွေ့အကြုံတွေ ဘာတွေ အကုန်လုံးကို လုပ်ပေးချင်တယ်ပေါ့။

မေး---ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတာ အထူးပဲကျေးဇူးတင်ပါတယ်။ ညီမလည်း ထူးချွန်ထက်မြက်တဲ့ ပညာတတ်တစ်ယောက်ဖြစ်ပါစေနော်။

မျိုး---- ဟုတ် သမီးကလည်း ကျေးဇူးတင်ပါတယ်။

 

တွေ့ဆုံမေးမြန်း/ရေးသား---ဇော်မင်းထွန်း

 

   Webradio