• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၂နှစ်သစ်ပွဲ

(GMT+08:00) 2012-01-17 11:24:33

    နှစ်တစ်နှစ်ကုန်ဆုံးပြီး နောက်နှစ်သစ်ကို ကူးပြောင်းတဲ့ နာရီပိုင်းအချိန်လေးကို စောင့်ပြီး Happy New Year ဆိုပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲတွေကို လုပ်ကြတာ အလေ့အထတစ်ခုလိုဖြစ်နေကြပါပြီ ။ အခုလည်း ၂၀၁၁ ခုနှစ်ကုန်လို့ နှစ်သစ်ဖြစ်တဲ့ ၂၀၁၂ ခုနှစ်ကို ကူးပြောင်းတဲ့အချိန်မှာ ကျွန်မတို့ဟာ ကိုယ့်အမိနိုင်ငံမှာ မဟုတ်ပဲ ပညာတော်သင်ရောက်နေတဲ့ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ သူငယ်ချင်းအသစ်တွေနဲ့ပေါ့။ ကျွန်မတို့ အဖွဲ့လည်း အဲဒီ့ New Year ပွဲကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွဲကြဖို့ ဖြစ်လာပါတယ်။ ကျွန်မတို့ သင်တန်းမှာ အာရှနိုင်ငံတွေ လူအနည်းအကျဉ်းပဲ ပါပြီး  အာဖရိကန်နဲ့ အာရပ်နိုင်ငံကလူတွေများပါတယ်။ new year နေ့မရောက်ခင်နေ့ကတည်းက ကျောင်းခန်းမှာ စာသင်ချိန်ပြီးတာနဲ့ ၅ မိနစ် ၁၀ မိနစ်စီလောက် အဲဒီ့နေ့ကြရင် ငါတို့ဘာလုပ်ကြမလဲ ဆိုပြီး ဆွေးနွေးတိုင်ပင်ဖြစ်ကြတယ်။ ဘင်လာရုစ်နိုင်ငံက သူငယ်ချင်းကဆို အရမ်းကိုတက်ကြွပြီး ငါ ခရစ်စမတ်သစ်ပင်ပြင်ဆင်ဖို့အတွက် လိုအပ်တာတွေတောင် ဝယ်ပြီးပြီ။ နောက်အဲဒီ့နေကြရင် ပြင်ဆင်ဖို့ ငါတို့ ရုရှားတွေ စားလေ့ရှိတဲ့ အစားအစာတစ်ချို့တောင် ဝယ်ထားပြီးပြီလို့ဆိုပါတယ်။ အဲလိုနဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ရောက်တော့ အလုပ်ရှုပ်ကြပြီ။ ဖြစ်ချင်တော့ အဲဒီ့ရက်က ကျောင်းပိတ်ရက်ဖြစ်နေတော့ ကျောင်းခန်းမှာလို လူစုပြီးသားမဟုတ်တော့ အတန်းခေါင်းဆောင်နဲ့ ကျွန်မတို့ သူငယ်ချင်းလေးငါးယောက်ဦးဆောင်ပြီး တစ်ခန်းချင်းတံခါးလိုက်ခေါက်ပြီး ငါတို့ မနက်ဖြန်ည အတွက် ဘာလုပ်ကြမှာလဲဆိုပြီး လိုက်မေးကြတယ်။ အဲဒီ့တော့တစ်ချို့က ပိုက်ဆံတစ်ယောက်ကို ယွမ် ၅၀ စီစုပြီး ကိတ်မုန့်၊  ကြက်သားကြော် ၊ အချိုရည် နဲ့ တခြားစားစရာလေးတွေကို အဓိကပြင်ဆင်မယ်ပေါ့နော်။ ပိုက်ဆံမထည့်မယ့်သူတွေက ကိုယ့်ဘာသာ စားစရာမုန့်နဲ့ သောက်စရာတွေ ကိုယ်စီယူလာကြမယ်လို့ သဘောတူလိုက်ကြတယ်။ အဲဒီ့မှာလျှို့ဝှက်ချက်ကတော့ ကျွန်မရယ်၊ နိုင်ဂျီးရီယားက သူငယ်ချင်းရယ်၊ တန်ဇန်နီးယားက သူငယ်ချင်းရယ် ၊ အီရတ်နဲ့  အီသီယိုပီးယားက သူငယ်ချင်းရယ် ပိုက်ဆံစုပြီးလုပ်မယ်ဆိုတဲ့ ကိတ်မုန့်က ရိုးရိုးကိတ်မုန့်မဟုတ်ပဲ မွေးနေ့ကိတ်လို သီးသန့်မှာပြီးလုပ်လိုက်ကြတာပါပဲ။ ၃၁ ရက်နေ့မှာ တော့ ဈေးသွားတဲ့သူကသွားကြ၊ ခရစ်စမတ်သစ်ပင်ကို ပြင်ဆင်ကြ၊ sandwich တွေ ကိုယ်တိုင်လုပ်တဲ့လူက လုပ်ကြတဲ့ တစ်နေကုန်သွားတယ်။ ည ၉ နာရီခွဲပြီးလောက်မှာ ကျွန်မတို့ သူငယ်တွေအကုန်လုံး new year ကို နွဲဖို့ လူစုပြီး သီချင်းတွေဖွင့်ပြီး ပြင်ဆင်ပြီးကြပြီ။ တစ်ချို့ကလည်း သူတို့နဲ့ခင်တဲ့ တရုတ်လူမျိုးသူငယ်ချင်းတွေ ကိုလည်း ဖိတ်ထားကြတယ်။ အဲဒီမှာ မုန့်တွေစားကြ သီချင်းတွေဆိုကြ ကတဲ့သူက ကကြပေါ့။ အဲလိုနဲ့ ၁၁ နာရီထိုးပြီးသွားတော့ နှစ်သစ်ကူးဖို့ ၁ နာရီပဲလိုတော့တယ်လို့ သူငယ်ချင်းတစ်ယောက်က သတိပေးတယ်။ ကျွန်မတို့ အစီအစဉ်ထဲမှာ နှစ်သစ်ကူးတဲ့အချိန်ရောက်ရင် ရှိန်ပိန်ပုလင်းကို ဖောက်ဖို့ဆိုတာလည်းပါပါတယ်။ ကျွန်မဘာလို့ ဒါကိုထည့်ပြောလည်းဆိုတာ ခဏနေရင် သိလိမ့်မယ်၊ သေချာပြင်ဆင်ထားပေမယ့် မထင်မှတ်တဲ့ အမှားလေးဖြစ်ပြီး ကျွန်မတို့တွေအတွက် အမှတ်တရလည်းဖြစ် တော်တော်လေးလည်း ရယ်ရတဲ့အဖြစ်ကလေး တစ်ခုဖြစ်ခဲ့လို့ပါပဲ။ နှစ်သစ်ကူးဖို့ ၁၀ မိနစ်ပဲလိုတော့တယ်၊ ၅ မိနစ်ပဲလိုတော့တယ်ဆိုပြီး တွက်လာလိုက်ကြ တာ နှစ်သစ်ကူုးဖို့ ၁ မိနစ်အလိုကိုရောက်သွားပါပြီ။ အဲဒီ့မှာ စက္ကန့်ကို အကုန်လုံးသံပြိုင်အော်ပြီး ရေတွက်ကြ တာပေါ့။ ၅၉..၅၈..၅၇..ကနေ စပြီး ရေတွက်လာလိုက်တာ ရှန်ပိန်ပုလင်းကိုဖွင့်မယ်သူငယ်ချင်းက ပါကင်ကို ဖောက်လို့မရသေးဖြစ်နေပါတယ်။ စက္ကန့်ကို ရေတွက်တဲ့လူကလည်း တွက်ကြ၊ တစ်ချို့က ရှန်ပိန်ပုလင်း ဖောက်နေတဲ့သူငယ်ချင်းကို မြန်မြန်ဖောက် မြန်မြန်ဖောက်နဲ့ အော်ရင်း ဝိုင်းကူနေကြပေမယ့် ၅..၄..၃..၂..၁ Happy New Year လို့သာ အော်ပြီးသွားတယ် အဲဒီ့ရှန်ပိန်ပုလင်းက ဖောက်လို့မပြီးတာကြောင့် ကျွန်မတို့တွေ ရယ်လိုက်ကြရတာ ဗိုက်တွေတောင်အောင့်ကြတယ်။ အဲဒါနဲ့ ပုလင်းဖောက်ပြီးတော့ ပြန်အော်မယ် ၁၀..၉..၈.. ဆိုပြီး ပြန်အောင်ပြီးဖောက်လိုက်ပေမယ့် ရှန်ပိန်ပုလင်းက ဖောင်းကနဲထွက်လာပြီး ဝိုင်းအော်ဖို့ စောင့်နေကြတဲ့ သူတွေ မအော်နိုင်ပဲ ကြမ်းပြင်ပေါ် ပက်လက်လန်ကျပြီး ထိုင်ရယ်လိုက်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပုလင်းက ထင်သလိုဖောင်းကနဲ့ ရှန်ပိန်အရည်တွေထွက်မလာပဲ ဟန်ပြင်နေသူတွေသာ မျက်လုံးအဝိုင်းသားနဲ့ ကြောင်တောင်တောင်ဖြစ်သွားကြလို့ပါပဲ။ အဲဒီ့အချိန်မှာ ကျွန်မတို့တွေ တရုတ်စကားနဲ့ ရှင်းနီရန် ခွိုက်လ ဆိုပြီးလည်း အော်လိုက်ကြပါတယ်။ ရှင်းနီရန် ခွိုက်လ ဆိုတာ တရုတ်ဘာသာစကားနဲ့ Happy New Year လို့ပြောတာပါ။ ၂၀၁၂ ခုနှစ် နှစ်သစ်ရဲ့အစကိုရောက်ပါပြီ။  ကျွန်မတို့တွေ အကုန်အသက် တစ်နှစ်ကြီး သွားကြပြီပေါ့။ ကျွန်မတို့ New Year ပွဲလေး မပြီးသေးပါဘူး။ ကျွန်မတို့ အထူးမှာထားတဲ့ မွေးနေ့ကိတ်မုန့်ကို မီးထွန်းပြီး Happy Birthday လို့ဆိုလိုက်ကြတော့ တစ်ချို့သူငယ်ချင်းတွေက အံ့သြပြီး ဘယ်သူလဲ ဘယ်သူလဲပေါ့နော်။ ကျွန်မတို့အဖွဲ့ထဲက ဆူဒန်နိုင်ငံက အိုစမန် ဆိုတဲ့ သူငယ်ချင်းရဲ့မွေးနေ့က ဇန်နဝါရီလ ရက်နေ့ပါတဲ့။ အဲဒါကြောင့် ကျွန်မတို့က သူမသိအောင် တိတ်တိတ်ကလေး မွေးနေ့ကိတ် စီစဉ်ထားပြီး အားလုံးပိုပျော်ရအောင်စီစဉ်ထားလိုက်ကြတာပါ။ သူကိုယ်တိုင်လည်း တော်တော်လေး ပျော်သွား ပြီး ကျေးဇူးတင်ကြောင်းပြောတယ်။ နောက်နှစ် ဒီလိုနှစ်သစ်ကူးချိန်ဆိုရင် ကျွန်မတို့တွေ ကိုယ့်နိုင်ငံတွေကို ကိုယ်စီပြန်ရောက်နေကြပြီပေါ့နော်။ အခုလို နိုင်ငံပေါင်းစုံကသူငယ်ချင်းတွေနဲ့အတူတူ ပျော်ခဲ့တဲ့ နှစ်သစ်ကူးပွဲ ကို သတိရနေမယ်ထင်တယ်။ နှစ်သစ်မှာ ကောင်းသော သစ်သော အတွေးစိတ်ကူးတွေနဲ့အတူ အောင်မြင် ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

   Webradio