• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားသို့ တရုတ်မျက်စိအတွင်းတိမ်ရောဂါကုသရေးအဖွဲ့ ရောက်ရှိ

(GMT+08:00) 2019-03-18 12:51:54

မကြာခင်က တရုတ်ပြည် ကွမ်ရှီးဆေးတက္ကသိုလ် လက်အောက်ခံ ဆေးရုံ(၁)မှ ဆေးကုသရေးအဖွဲ့ တစ်ဖွဲ့သည် ကမ္ဘောဒီးယား ကမ်ပုန်ချမ်-ပြည်နယ်သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းသည် ဒေသခံ မျက်စိအတွင်းတိမ်ရောဂါ ဝေဒနာရှင်များ အတွက် ခွဲစိတ်ကုသရန် ကမ်ပုန်ချမ်-ပြည်နယ်သို့ ရောက်ရှိခဲ့သော စတုတ္ထအသုတ် တရုတ် ဆေးကု အဖွဲ့ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းဆေးကုအဖွဲ့တွင် ဆရာဝန် ၃ဦးနှင့် သူနာပြု ၃ဦး ပါဝင်ကြောင်း၊ ယင်း ဆေးကုသခြင်းလှုပ်ရှားမှုကို Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဟောင်ကောင်စင်တာမှ ကမကထပြုပြီး အာရှ မျက်စိကွယ်ခြင်း ကြိုတင်ကာကွယ်ရေး ဖောင်ဒေးရှင်း၊ ဟောင်ကောင် New Home Association၊ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရနှင့် ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးတွဲ လက်တွေ့ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှုကို ၂၀၁၈ခုနှစ် မေလက စတင် တရားဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလ ၁၅ရက်နေ့သည် ဆေးကုအဖွဲ့သည် ခွဲစိတ်ကုသမှု ပြုလုပ်သော ပထမရက် ဖြစ်ပြီး တစ်ရက်အတွင်း မျက်စိအတွင်းတိမ်ရောဂါ ဝေဒနာရှင်များ အတွက် စုစုပေါင်း ခွဲစိတ်ကုသမှု ၂၃ကြိမ်ကို ပြုလုပ်ခဲ့ကြောင်း၊ ကမ်ပုန်ချမ်-ပြည်နယ် ဆေးရုံ မျက်စိကု ဌာနမှ ဆရာဝန် တစ်ဦးက တရုတ် ဆေးကုအဖွဲ့များ လာရောက်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့သည့် နောက်ပိုင်းတွင် ထောင်နှင့် ချီသော ဒေသခံ မျက်စိ အတွင်းတိမ်ရောဂါ ဝေဒနာရှင်များသည် မျက်စိအလင်းရောင် ပြန်လည်ရရှိခဲ့ကြောင်း၊ ထို့အပြင်၊ ကမ္ဘောဒီးယား ဆရာဝန်များအား မျက်စိအတွင်းတိမ်ရောဂါ ခွဲစိတ်ကုသမှု ဆိုင်ရာ ဗဟုသုတသစ်နှင့် နည်းပညာသစ်များကို သင်ပေးခဲ့ကြောင်းလည်း ပြောကြားသည်။

ဒေသခံ ဆေးဝါးကုသမှု အရည်အချင်းကို တိုးမြှင့်ရန် အတွက် တရုတ် ဆေးကုအဖွဲ့သည် မျက်စိခွဲစိတ်ကုသမှုယာဉ် ၂စီး၊ ဝေဒနာရှင် သယ်ဆောင်ရေးယာဉ် ၁စီးနှင့် သက်ဆိုင်ရာ ဆေးကု ပစ္စည်း ကိရိယာများကို ဒေသခံ ဆေးရုံများအား လှူဒါန်းပေးခဲ့ကြောင်း၊ ယခုအကြိမ် ဆေးကုအဖွဲ့ တာဝန်ခံ လျန်ဟောက်က မိမိတို့၏ အကြီးဆုံး ဆန္ဒမှာ မျက်စိအတွင်းတိမ် ရောဂါ ခွဲစိတ်ကုသမှု အားလုံးကို ကောင်းမွန်စွာ ပြုလုပ်ပြီး ကမ္ဘောဒီးယား ပြည်သူများကို အကျိုးရရှိစေရန် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio