• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NPC နှင့် CPPCC ဒုတိယအကြိမ်အစည်းအဝေးများသို့တက်ရောက်ခဲ့သည့် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့်တွေ့ဆုံမေးမြန်းမှု(၂)

(GMT+08:00) 2019-03-11 10:44:11

၂၀၁၉ ခုနှစ် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီအစည်းအဝေးနဲ့ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ်အစည်းအဝေးတို့ကို မတ်လ ၃ ရက်နေ့နဲ့ မတ်လ ၅ ရက်တို့မှာ အသီးသီး ဖွင့်လှစ်ခဲ့ပြီး မတ်လ ၅ ရက်နေ့မှာ ၀န်ကြီးချုပ် လီခချန်က အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်း တက်ရောက် ခဲ့တဲ့အတွက် CRI က အခုလိုမျိုးတွေ့ဆုံမေးမြန်းခဲပါတယ်။

မေး- သံအမတ်ကြီး မင်္ဂလာပါရှင်။

ဖြေ- မင်္ဂလာပါ။

မေး- မျက်မှောက်ခေတ် တရုတ်-မြန်မာဆက်ဆံရေးကိုသံအမတ်ကြီးအနေနဲ့ ဘယ်လိုသုံးသပ် ပါသလဲရှင်။

ဖြေ - လက်ရှိတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကတော့ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း မိတ်ဖက်ကောင်းတွေဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ညီအစ်ကို စိတ်ဓာတ်တွေ ချစ်ကြည်ရေးတွေရှိပါတယ်။ တစ်ဆင့်တက်ပြီးတော့လည်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံများဆက်ဆံရေးအဆင့်ကို ကျွန်တော်တို့တက်လှမ်းလျက် ရှိပါ တယ်။ ကျွန်တော်တို့နှစ်နိုင်ငံကြားမှာ အဓိကစွဲကိုင်ထားတဲ့အချက်ကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ချက်ဟာ နှစ်နိုင်ငံစလုံးအတွက် အရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်တဲ့မူ ၅ ချက်ဖြစ်ပါတယ်။ အဲဒီမူ ၅ ချက်အတိုင်း နှစ်ဦးနှစ်ဖက်လုံးလိုက်နာပြီး ယှဉ်တွဲနေထိုင်လျက်ရှိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းမပြု တာတွေ၊ တစ်နိုင်ငံကသူ့နိုင်ငံရဲ့ ပြည်သူလူထုရဲ့ လိုလားတဲ့နိုင်ငံရေးစနစ်အတိုင်း ချီတက်နေတဲ့ ဟာကို တစ်နိုင်ငံက အသိအမှတ်ပြုတာတွေ ရှိပါတယ်။ အပြန်အလှန်ယုံကြည်မှုတွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန် နားလည်မှုတွေနဲ့ ရှေ့ဆက်နေတာလည်း ဖြစ်ပါတယ်။

      အဓိကကတော့ မြန်မာ-တရုတ်ဆက်ဆံရေးဆက်ပြီးတော့ အဓွန့်ရှည်တည်တံ့ခိုင်မြဲဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီနေရာမှာ အစိုးရချင်း ဆက်ဆံရေးကောင်းမွန်တာတင်မကဘဲနဲ့ ပြည်သူလူထုချင်းဆက်ဆံရေးကောင်းမွန်ဖို့လည်း ကြိုးစားရပါတယ်။ မျိုးဆက်သစ်လူငယ်တွေ ကြားမှာလည်း မြန်မာတရုတ်ဆက်ဆံရေးဟာ နှစ်နိုင်ငံလုံးအတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာအရေးကြီးတယ်ဆိုတာ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

 မေး- ၂၀၁၉ခုနှစ် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သံအမတ်ကြီးအနေနဲ့ ဘာအကြံပြုချက်များ ပေးချင်ပါသလဲရှင်။

ဖြေ- အကြံပြုချက်ကတော့ ခုဏပြောတဲ့အထဲမှာလည်း ပါပြီးပါပြီ။ အစိုးရချင်းဆက်ဆံရေးရော အခုဆို လွှတ်တော်ချင်းရော ပါတီအဖွဲ့အစည်းအသီးသီးချင်းရော တပ်မတော်ချင်းရော ပြည်သူလူထုချင်းရော ဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုတိုးမြှင့်တဲ့အခါမှာ အတွေ့အကြုံ ရှိပြီးသားဖြစ်တဲ့ ၀ါရင့်လူကြီးတွေကတစ်ဆင့် လူငယ်တွေကို စနစ်တကျအသိပညာတွေ ပြန့်ပွား အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လက်ရှိအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေမှာလည်းပဲ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေပေးနေတာတွေရှိတယ်။ ဒါတွေအပေါ်မှာလည်းပဲ ကျွန်တော်တို့ နားလည် သဘောပေါက်ကြရမှာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကတော့ ဘက်ပေါင်းစုံကဏ္ဍစုံက လုပ်ရမှာဖြစ်ပါတယ်။ နိုင်ငံရေးတင်မကဘဲနဲ့ စီးပွားရေးရော လူမှုရေးရော ယဉ်ကျေးမှုရော ပညာရေးရော ကျန်းမာရေးရော ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီအခါမှာ အားလုံးကနေမှ စိတ်ရင်း စေတနာကောင်းကောင်းနဲ့ ၀ိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြဖို့လိုပါတယ်။

မေး- ဟုတ်ကဲ့ပါရှင်.. ဒီနှစ်ဟာတရုတ်-အာဆီယံမီဒီယာကူးလူးဖလှယ်ရေးနှစ်ဖြစ်ပါတယ်။ ဒီတော့ သံအမတ်ကြီး အနေနဲ့ နှစ်နိုင်ငံမီဒီယာများဘာပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့ မျှော်လင့် ထားပါသလဲရှင်။

ဖြေ- ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တရုတ်အာဆီယံမီဒီယာပူးပေါင်းဆောင်ရွက်ရေး ဖွင့်ပွဲ အခမ်းအနားကို ဘေကျင်းမှာကျင်းပခဲ့တယ်။ ကျွန်တော်သွားတက်ခဲ့ပါတယ်။ အာဆီယံနဲ့တရုတ်ကြား မှာ ၂၀၁၈ ခုနှစ်အတွင်းမှာ မီဒီယာပူးပေါင်းဆောင်ရွက်ဖို့အတွက် ၄၁ ချက်သဘောတူညီထားတာ ရှိပါတယ်။ အလားတူပဲ အာဆီယံချိုင်းနားစင်တာရဲ့ အစီအမံတွေနဲ့လည်း နှစ်နိုင်ငံအာဆီယံနဲ့ တရုတ်ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ ၂၀၁၉ ခုနှစ်ထဲမှာရှိပါတယ်။ အဲဒီလိုပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ ဖိုရမ်တွေကျင်းပမယ်။ အပြန်အလှန်မီဒီယာအလည်အပတ်တွေ ပြုလုပ်မယ်။ ဂျာနယ်လစ်တွေ လည်း အသွားအလာလုပ်ကြမယ်။ Documentary တွေ အာဆီယံနိုင်ငံတွေအကြောင်းရိုက်မယ်၊ နောက်တစ်ခါ တရုတ်နိုင်ငံနဲ့သက်ဆိုင်ရာနိုင်ငံတွေကြားမှာ ဇာတ်လမ်းတွေကို အသံဖလှယ်ပြီးတော့ တစ်နိုင်ငံအကြောင်းတစ်နိုင်ငံနားလည်အောင် ဆောင်ရွက်မယ့်အစီအမံတွေ ရှိပါတယ်။  နောက်တစ်ခါ မြန်မာနိုင်ငံအနေနဲ့လည်း မီဒီယာ Exchange Program တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်။

မေး- ဟုတ်ကဲ့ပါရှင်..ဒီနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့ နှစ် ၇၀ ပြည့်နှစ်ဖြစ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့အချိန်အတွင်း အထူးသဖြင့် တံခါးဖွင့်ရေးနဲ့ပြုပြင် ပြောင်းလဲရေး ကျင့်သုံးတဲ့ နှစ်၄၀အတွင်း ရရှိတဲ့အောင်မြင်မှုတွေကိုသံအမတ်ကြီးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲရှင်။

ဖြေ- ပြီးခဲ့တဲ့နှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ နှစ် ၄၀ Reform and opening up exhibition ဆိုတာ ဘေကျင်းက National Museum မှာ ကျင်းပတယ်။ကျွန်တော်နှစ်ကြိမ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ဖိတ်ကြားချက်အရ သွားရောက်လေ့လာခဲ့ပါတယ်။ ဒါ တရုတ်ပြည်သူလူထုအတွက် ထိုက်တန်တဲ့ အောင်မြင်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ သူတို့တွေ မဆုတ်မနစ်ကြိုးစားတဲ့ရလဒ် ဖြစ်ပါတယ်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းခဲ့တဲ့ရလဒ်ဖြစ်ပါတယ်။ အရင် ၁၉၇၈ ပတ်ဝန်းကျင်လောက်မှာ တရုတ်နိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက် ယခင်ခေါင်းဆောင်တွေကနေမှ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ အဲဒီ နှစ် ၄၀ တစ်စိုက်မတ်မတ် အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက်မှာ လက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီးအနေနဲ့ ခုဏကပြောတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း အကြံအစည်ကို အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံအားလုံးနဲ့ ပူပေါင်းအကောင်အထည်ဖော်ဖို့ အတွက် ထပ်ဆင့်တွန်းအားပေးတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းကြီး ထပ်ဆင့်တွန်းအားပေးပြီးတော့ နှစ် ၄၀ အတွင်း တံခါးဖွင့်တာနဲ့ပြုပြင်ပြောင်းလဲတဲ့ အရှိန်အဟုန်မရပ်တန့်အောင် ဆောင်ရွက်သွားမယ် ဆိုတဲ့ ဒီအစီအစဉ်တွေရှိတယ်။

အဲဒီအတွက်ကြောင့် နှစ် ၄၀ ပြုပြင်လဲမှုရလဒ်က ဆက်ပြီးတော့ တရုတ်နိုင်ငံမှာ ရှိနေဦး မယ်လို့ ကျွန်တော်တို့သုံးသပ်ပါတယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင်  International Import Expo  ပေါ့နော် ဒါဆိုရင် ကျွန်တော်တို့လို ပို့ကုန်ကို ဦးစားပေးနေတဲ့ ဖွံ့ဖြိုး တိုးတက်မှု အထိုက်အလျောက်ပဲရှိသေးတဲ့ နိုင်ငံတွေအတွက် ဒါတံခါးဖွင့်ပေးတဲ့သဘောလို့ ကျွန်တော်က ဒီလိုယုံကြည်ပါတယ်။ အခုလက်ရှိ အစည်းအဝေးကျင်းပနေတဲ့ NPC မှာဆိုရင်လည်း သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်လစီကို ပြန်ပြီးသုံးသပ်မယ်လို့ပြောတယ်။ အဲဒီလိုပြန်ပြီးသုံးသပ်မယ်ဆိုရင် တရုတ်နိုင်ငံကိုလာပြီးရင်းနှီးမြှုပ်နှံနိုင်တဲ့ အခြေအနေရှိတဲ့ နိုင်ငံတွေအတွက် ပိုပိုပြီးတော့ အခွင့်အလမ်း တွေ ရရှိမှာဖြစ်ပါတယ်။ ဒါပြုပြင်ပြောင်းလဲမှုနဲ့တံခါးဖွင့်တဲ့မူဝါဒပဲဖြစ်ပါတယ်။ ဒါအင်မတန် ကောင်းမွန်တဲ့ အခြေအနေဖြစ်တယ်လို့ကျွန်တော့်အနေနဲ့သုံးသပ်ပါတယ်။

မေး- ဟုတ်ကဲ့ပါ..အခုလို CRI က သိလိုသမျှတွေကို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် CRI က အထူးကျေးဇူးတင်ရှိပါတယ်ရှင်။၏

ဖြေ- ဟုတ်ကဲ့ပါ။ ကျွန်တော့်အနေနဲ့လည်းပဲ နှစ် ၇၀ ပြည့်မြောက်တော့မယ့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်တဲ့အခါကာလသမယမှာ တရုတ်နိုင်ငံသူ၊နိုင်ငံသားတွေရော အခုအစည်းအဝေး  ကျင်းပနေတဲ့ NPC၊ CPPCC က ကိုယ်စားလှယ်တွေရော ကျန်းကျန်းမာမာရွှင်ရွှင်လန်းလန်းနဲ့ အောင်မြင်မှုတွေ ဒီထက်မက ပိုမိုရရှိပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်တာ ၆၉ နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း နှစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲတဲ့ဆက်ဆံရေး ဒီထက်မက ပိုမိုတည်တံ့အောင် ကြိုးပမ်းဆောင်ရွက် ကြဖို့ သန္နိဋ္ဌာန်ပြုပါတယ်။ ကျေးဇူးတင်ပါတယ်။

                                                        စုသက်မှူး(မရမ်းကုန်း)

   Webradio