• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

NPC နှင့် CPPCC ဒုတိယအကြိမ်အစည်းအဝေးများသို့တက်ရောက်ခဲ့သည့် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့်တွေ့ဆုံမေးမြန်းမှု(၁)

(GMT+08:00) 2019-03-11 10:40:16

၂၀၁၉ ခုနှစ် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီအစည်းအဝေးနဲ့ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ်အစည်းအဝေးတို့ကို မတ်လ ၃ ရက်နေ့နဲ့ မတ်လ ၅ ရက်တို့မှာ အသီးသီး ဖွင့်လှစ်ခဲ့ပြီး မတ်လ ၅ ရက်နေ့မှာ ၀န်ကြီးချုပ် လီခချန်က အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်း တက်ရောက် ခဲ့တဲ့အတွက် CRI က အခုလိုမျိုးတွေ့ဆုံမေးမြန်းခဲပါတယ်။

မေး- သံအမတ်ကြီး မင်္ဂလာပါရှင်။

ဖြေ- မင်္ဂလာပါ။

မေး- တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန် တင်ပြသောအစိုးရလုပ်ငန်းအစီရင်ခံစာကို ကြားနာပြီးနောက် သံအမတ်ကြီးအနေနဲ့ ဘယ်လိုမျိုးခံစားချက် ရှိပါသလဲ။ဘယ်လို အကြောင်းအရာ တွေကို အာရုံအစိုက်ဆုံးဖြစ်ခဲ့ပါသလဲရှင်။

ဖြေ- NPC အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ကျွန်တော်သွားတက်ခဲ့ပါတယ်။ ၀န်ကြီးချုပ်လီခချန်ရဲ့ ၂၀၁၈ ခုနှစ်ရဲ့ အလုပ်အဖွဲ့အစီရင်ခံစာ နောက် ၂၀၁၉ ခုနှစ်အတွက်မျှော်မှန်းချက်တွေ ပြည်သူ လူထုကို တင်ပြတာတွေ နားထောင်ခဲ့ပါတယ်။ အစီရင်ခံစာဟာ ပြည့်စုံပြီးတော့ တရုတ်နိုင်ငံရဲ့ ပြည်တွင်း ပြည်ပအခြေအနေအားလုံးကို လွှမ်းခြုံမှုရှိတယ်။ ကောင်းမွန်တဲ့အစီရင်ခံစာဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ် တိုးတက်မှုတွေ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ နောက် ၂၀၁၉ ခုနှစ်အတွက် ရည်မှန်းချက်တွေကို အသေးစိတ်ဖော်ပြထားတာတွေ့ပါတယ်။ ပထမဆုံး ကိန်းဂဏန်းလေးတွေကို လေ့လာကြည့်မယ် ဆိုရင် တရုတ်နိုင်ငရဲ့ ၂၁၀၈ ဂျီဒီပီတိုးတက်မှုနှုန်းဟာ ၆.၆ % ရှိပါတယ်။ အလုပ်အကိုင်ဖန်တီးမှု ဆိုရင်လည်းပဲ ၁၃ သန်းကျော်ကျော်အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်တယ်။ အလုပ်လက်မဲ့ လူဦးရေကို ကြည့်မယ်ဆိုရင်လည်းပဲ ၅% အောက်မှာပဲ ထိန်းထားနိုင်တာ တွေ့တယ်။ နောက်တစ်ခါ နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးတဲ့ စိုက်ပျိုးရေး၊ စက်မှု ၀န်ဆောင်မှုကဏ္ဍကြီး သုံးခုရှိတဲ့နေရာမှာ ၀န်ဆောင်မှုအပိုင်းကဏ္ဍမှာ ၆၀% အထိ အကောင်အထည်ဖော်နေတယ်လို့ ၀မ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ဒီအစီရင်ခံစာပါအချက်အလက်တွေက တော်တော်လေး ပြည့်ပြည့်စုံစုံ ရှိတာကို သတိပြုမိတယ်။ အောင်မြင်မှုတွေလည်း တွေ့ရတယ်။     

  စိတ်ဝင်စားတဲ့အချက်ကတော့ သံတမန်ရေးဆက်ဆံမှုအောင်မြင်မှုပေါ့နော်။ သံအမတ်ကြီး ဆိုတော့လည်း သံတမန်ရေးဆက်ဆံမှုအောင်မြင်မှုကို ကျွန်တော်ဝမ်းမြောက်ဝမ်းသာ သတိပြုမိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အရေးကြီးတဲ့ သံတမန်ရေးဆိုင်ရာ အစည်းအဝေးကြီးတွေ ဖြစ်တဲ့ ဘိုအောအစည်းအဝေးကြီးများ၊ ရှမ်းဟိုင်းပူးပေါင်းဆောင်ရွက်ရေး ချင်းတောင်ထိပ်သီး အစည်းအဝေး၊ တရုတ်အာဖရိက ပူးပေါင်းဆောင်ရွက်ရေး Beijing Summit အဲဒီ သုံးခုကတော့ အဓိကကျတဲ့ အောင်အောင်မြင်မြင်ကျင်းပနိုင်တဲ့ အခမ်းအနားကြီးများ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ အဓိကနိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကို ထိန်းထား နိုင်တာတွေ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်။ အလားတူပဲ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့လည်း ပိုမိုပြီးတော့ စည်းလုံးညီညွတ်အောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တယ်။  

မေး- ဟုတ်ကဲ့ပါရှင်  သံအမတ်ကြီးရဲ့အမြင်အရ တရုတ်နိုင်ငံလျင်မြန်စွာဖွံ့ဖြိုးတိုးတက်တဲ့ အကြောင်း ရင်းက ဘာပါလဲ။တရုတ်နိုင်ငံရဲ့နိုင်ငံရေးစနစ် ဘာအားသာချက်ရှိပါသလဲရှင်။

ဖြေ- တရုတ်နိုင်ငံအဓိက ဖွံ့ဖြိုးတိုးတက်တာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးတဲ့ အချိန်ကစပြီးတော့ နိုင်ငံရေးစနစ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားနိုင်တယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နဲ့ လျှောက်လှမ်းတယ်။ စီးပွားရေးလုပ်ငန်းတွေကိုလည်း စိတ်အားထက်သန်စွာနဲ့ တီထွင် ဖန်တီးလိုစိတ်နဲ့ မဆုတ်မနစ်ကြိုးပမ်းခဲ့တဲ့အတွက် အောင်မြင်တာဖြစ်ပါတယ်။ တရုတ်ရဲ့နိုင်ငံရေး စနစ်ကိုကြည့်မယ်ဆိုရင် တရုတ်ပြည်သူ့ပါတီရဲ့ အမျိုးသားကွန်ဂရက်ပေါ့နော် သူ့ရဲ့အောက်မှာ CPPCC နဲ့ NPC ကနေမှ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်။ ဥပမာ အားဖြင့် CPPCC ဆိုရင် သူကအဓိက အကြံပေးတာပေါ့နော်။ အစိုးရကို အကြံပေးတယ်။ ပြီးတဲ့အခါ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ၀ိုင်းဝန်းကူညီပံ့ပိုးပေးတယ်။ NPC ကျတော့ ဥပဒေတွေ ရေးဆွဲ တယ်။ အစိုးရရဲ့ စီမံကိန်းတွေကို အတည်ပြုပေးတယ်။ ဘတ်ဂျက်သုံးဆွဲမှုတွေကို ကြီးကြပ်ပေးတယ်။ ပြီးတော့ ၅ ရက်နေ့ကလိုပေါ့ ပြည်သူလူထုကို အစီရင်ခံစာတွေ ဆောင်ရွက်ပေးတယ်။ ပြီးတဲ့အခါမှာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှုကို ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှု လက်ရှိတရုတ်နိုင်ငံ နိုင်ငံတော်သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်နယ်တွေတင်သာမကဘဲနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့နယ်တွေရော ကျေးရွာတွေရော ပေါင်းပြီးတော့ ပါတီဆုံ အလွှာဆုံ လူထုလူတန်းစားအားလုံးပါဝင်တဲ့ စနစ်နဲ့ နိုင်ငံရေးကို အကောင်အထည်ဖော်တာဖြစ်တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ထူးခြားပြီးတော့ မူပိုင် လွတ်လပ်တဲ့ဝိသေသလက္ခဏာနဲ့ပြည့်စုံတဲ့ ဆိုရှယ်လစ်စနစ်နဲ့ခေတ်သစ်ကို သွားနေတာ ဖြစ်တယ်။

မေး- ဟုတ်ကဲ့ပါရှင်။ ၂၀၁၈ခုနှစ်မှာတရုတ်ကျေးရွာကဆင်းရဲသူဦးရေ ၁၃သန်း ၈ သိန်း ၆ သောင်းကိုလျှော့ချခဲ့ပြီးဆင်းရဲမှုပပျောက်ရန် နေရာရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၂သန်း ၈ သိန်း ရှိတယ်လို့သိရပါတယ်။ဆင်းရဲသူဦးရေအခြေအနေအရသင့်တော်တဲ့ ထောက်ပံ့ကူညီရေး နည်းလမ်းကို ရွေးချယ်ခြင်းနဲ့ တရုတ်နိုင်ငံရဲ့ဆင်းရဲမှုပပျောက်ရေးအောင်မြင်မှု ကိုဘယ်လို သုံးသပ်ချင် ပါသလဲရှင်။

ဖြေ- ပြီးခဲ့တဲ့နှစ်အတွင်းမှာ ၃.၈၆ သန်း ဆင်းရဲနွမ်းပါးမှုကနေ ပပျောက်အောင်လျှော့ချနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ အခုဏပြောတဲ့ ၂ သန်းကျော်က နေရာသစ်တွေကိုရွှေ့ပြောင်းပေးတာဖြစ်ပါတယ်။ အဲတော့ နေရာတစ်နေရာဟာ ရာသီဥတုအရလည်း အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းအောင် ဆောင်ရွက်ဖို့ကျတော့လည်း မြေအနေအထားအရ အခက်အခဲရှိတယ်။ နောက်တစ်ခါ ဒီပြည်သူလူထုနေထိုင်တဲ့ပတ်ဝန်းကျင်မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ အခြေအနေအခွင့် အလမ်းတွေလည်း ရှားပါးတယ်ဆိုရင်တော့ ဒါသင့်တော်တဲ့နေရာကို ရွှေ့ပြောင်းပြီးတော့ နေရာချထား တယ်ဆိုတာ ဒါ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ ရွှေ့ပြောင်းနေရာ ချထားတဲ့သူတွေကို လိုအပ်တဲ့ လုံလောက်တဲ့ အဆောက်အဦတွေပံပိုးပေးတာတွေ ထောက်ပံ့ကြေး တွေပေးတာတွေ အလုပ်အကိုင်နေရာတွေ ဖန်တီးပေးနိုင်တာတွေ ရှိတဲ့အတွက် အဲဒီလိုပြောင်းရွှေ့လာ တဲ့သူတွေဟာ နေရာသစ်ကိုရောက်တဲ့အခါမှာ သူတို့ရဲ့ဆင်းရဲနွမ်းပါးမှုက လျှင်လျှင်မြန်မြန်နဲ့ ပပျောက်သွားတယ်။ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ကို ရောက်သွားတယ်။ သူတို့ဘ၀ စားဝတ် နေရေးအထိ တည်ငြိမ်တဲ့အနေအထားကို ရရှိသွားတယ်။ အဲဒီအတွက်ကြောင့် အချိန်ကာလတစ်ခု ရောက်တာနဲ့ အမျှ ဒီလိုနေရာရွှေ့ပြောင်းချထားခံရတဲ့သူတွေကလည်းပဲ အစိုးရပေါ်မှာ ကျေးဇူးတင် ၀မ်းမြောက်လာပါလိမ့်မယ်။ ဒီနည်းလမ်းဟာလည်း လုပ်သင့်လုပ်ထိုက်တဲ့နည်းလမ်းတစ်ခုလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။

မေး- ဟုတ်ကဲ့ပါရှင့်..ဆင်းရဲမှုပပျောက်ရေးဘက်မှာတရုတ်-မြန်မာနှစ်နိုင်ငံအကြားကူးလူးဖလှယ်မှု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုရှိလားရှင်။

ဖြေ- တကယ်တော့ ဆင်းရဲနွမ်းပါးရတဲ့အဓိကအကြောင်းအရင်းတွေထဲမှာ ပညာရေးနဲ့ကျန်းမာရေးက အဓိကကျတဲ့အချက်အလက်ဖြစ်ပါတယ်။ နောက်တစ်ခါ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက် ပေါ့နော်။ ဥပမာ တရုတ်နိုင်ငံမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်းမှာ Hight Speed Train က ကီလိုမီတာ လေးထောင်ကျော်၊ နောက်တစ်ခါ Express Way ပေါ့ အဝေးပြေး လမ်းမကြီးဆိုရင် ကီလိုမီတာ ၆၀၀၀ ကျော် နောက်တစ်ခါ ကျေးလက်လမ်းတွေပြုပြင်တာ ထိန်းသိမ်းတာ အသစ်ဖောက်တာတွေဆိုရင်  ကီလိုမီတာ သုံးသိန်းဆောင်ရွက်ခဲ့တယ်။ ဒါဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကကျတဲ့အချက်ပေါ့နော်။ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံမှာကြတော့ ပညာရေးနဲ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍရှိတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း ပေါ့။ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးမှုရှိပြီးတော့ ထူးချွန်တဲ့ ကျောင်းသူ ကျောင်းသားတွေကို ထောက်ပံ့တာရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ တုန်းက တက္ကသိုလ်ကောလိပ် ကျောင်းပေါင်း ၂၂ ကျောင်းက ကျောင်းသား ၆၀ ကို ပညာသင်စရိတ်တွေထောက်ပံ့တယ်။ ၂၀၁၇-၁၈ မှာကြတော့ ကျောင်းပေါင်း ၂၅ ကျောင်းက ကျောင်းသားပေါင်း ၆၉ ယောက်ကို ပညာသင် ထောက်ပံ့ကြေး တွေပေးတယ်လို့ ကျွန်တော်သိရှိပါတယ်။ နောက်တစ်ခါ ကျန်းမာရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်းပဲ မျက်စိပေါ့နော် အတွင်းတိမ်ပေါ့ အလင်းရောင်ဖောင်ဒေးရှင်းဆိုပြီးတော့ အနည်းဆုံးလူ ၂၀၀ ကို အခမဲ့ ခွဲစိတ်ကုသပေးတယ်။ နောက်တစ်ခါ ဆင်းရဲတဲ့မွေးရာပါနှလုံးရောဂါ ရှိတဲ့ကလေးတွေပေါ့  ၂ နှစ်ရှိပါပြီ ကျွန်တော်သိတာတော့ ၂၀ ကျော်ပါပြီ။ ဘေကျင်းမှာတစ်ခါ ၂၀၁၈ တုန်းကဆို ကူမင်းမှာတစ်ကြိမ် ခွဲစိတ်ပါတယ်။ ခွဲစိတ်မှုအားလုံး အောင်အောင်မြင်မြင်ရှိခဲ့ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပညာရေး၊ ကျန်းမာရေး အရေးကြီးတဲ့ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးပညာရေးဝန်ကြီးဌာန မြန်မာတရုတ်ချစ်ကြည်ရေး အသင်းတွေနဲ့ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

မေး- ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ နှစ်နိုင်ငံအစိုးရကတရုတ်-မြန်မာစီးပွားရေးစင်္ကြံ နားလည်မှု အမှာစာတမ်းကို ချုပ်ဆိုခဲ့တယ်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံဟာBelt and Roadကမ်းလှမ်းချက် အောက်မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကိုပိုမိုကောင်းမွန်အောင် ဖေါ်ဆောင်ရန်အတွက် Belt and Road အကောင် အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကိုတည်ထောင်ခဲ့ပြီး နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်တယ်။ လာမယ့် ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိတ်ကြားချက်အရ ပေကျင်းမှာကျင်းပမယ့် ဒုတိယအကြိမ် Belt and Road နိုင်ငံတကာထိပ်သီးများဖိုရမ်ကိုလည်းတက်ရောက်မှာဖြစ်တယ်။သံအမတ်ကြီးရဲ့ အမြင်အရ နှစ်နိုင်ငံဟာ Belt and Roadအတူတည်ဆောက်ရေးဘက်မှာအောင်မြင်မှု ဘာတွေရရှိခဲ့ပြီလဲ။ မြန်မာနိုင်ငံ Belt and Road အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးဆောင်ကော်မတီရဲ့ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများကိုဘယ်လိုသုံးသပ်ပါသလဲရှင်။

ဖြေ - ၂၀၁၇ခုနှစ် မေလမှာ ပထမအကြိမ်ပေါ့နော်။ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာပဲ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းနဲ့ဆိုင်တဲ့MOU ၅ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးတော့ ၂၀၁၈ ခုနှစ် အတွင်းမှာပဲ နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ဖို့ MOU ၅ လပိုင်းမှာ ကျွန်တော်တို့ စီးပွားကူးသန်းနဲ့လက်မှတ်ထိုးပါတယ်။ ပြီးတဲ့အခါမှာ တရုတ်မြန်မာစီးပွားရေး စင်္ကြံင်္ မြန်မာနိုင်ငံက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်ဒုတိယဥက္ကဋ္ဌတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီ CNEC လို့ခေါ်တဲ့ တရုတ်မြန်မာစီးပွားရေး စင်္ကြံင်္မူဘောင်ရဲ့အောက်မှာပဲ ပထမဦးဆုံး မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာရေး သဘောတူညီချက်ကို ၁၀ လပိုင်းမှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းမှာကြတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ဖို့ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း အကောင် အထည်ဖော်ရေးဦးဆောင်ကော်မတီဆိုတာကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီး ဌာနနဲ့ NDRC ကြားမှာ ပူးပေါင်းဆောင်ရွက်မယ့်စီမံကိန်း အသေးစိတ်အချက်အလက်တွေကို ၂ ကြိမ်ရှိပြီ ဆွေးနွေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကူမင်းမှာဆွေးနွေးခဲ့ပါတယ်။ အဓိက ကတော့ အောင်မြင်မှုတွေအများကြီးပေါ့နော်။ ကျွန်တော်တို့ တာဆူနေပါတယ်။ ပူးပေါင်းဆောင်ရွက်မှု တွေကလည်း ကောင်းမွန်တဲ့ခြေလှမ်းတွေဖြစ်ပါတယ်။ အဓိကက ဒီပူးပေါင်းဆောင်ရွက်မှုတွေဟာ ရပ်ဝန်းနဲ့ပိုးလမ်းမဦးဆောင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌရဲ့လမ်းညွန်ချက်အရ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နဲ့ကိုက်ညီဖို့လိုအပ်ပါတယ်။ နောက်တစ်ခါ ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတွေက  ပြည်သူ လူထုရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီဖို့လိုအပ် ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံမှာဆိုရင် မြန်မာ National Development Link ဆိုတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း နောက်တစ်ခါ မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာရှိတဲ့ မြန်မာစီမံကိန်းတွေ ပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီဖို့ လိုပါတယ်။ အဲဒီလို နှစ်ဦးနှစ်ဖက် စနစ်တကျညှိနှိုင်းပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်သွားမယ်ဆိုရင် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းဟာ မအောင်မြင်စရာမရှိဘူးလို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။

   Webradio