• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ပုံ-ဆိပ်ကမ်း ပြုပြင်ရေး လုပ်ငန်း တရုတ်နှင့် မြန်မာ ပူးတွဲ လုပ်ကိုင်

(GMT+08:00) 2019-03-08 13:03:07

ဝမ်ပုံ-ဆိပ်ကမ်းသည် လန်ဆန်-မဲခေါင်မြစ် ကမ်းရိုးတန်းရှိ အငယ်စား ဆိပ်ကမ်း တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့ လက်အောက်ခံ ဖြစ်ကာ မြန်မာ၊ ထိုင်းနှင့် လာအို နယ်နိမိတ်ချင်း ဆက်စပ်ထားသည့် ရွှေတြိဂံဒေသတွင် တည်ရှိနေကြောင်း၊ ဝမ်ပုံ- ဆိပ်ကမ်းသည် အချက်အချာကျသည့် နေရာတွင် တည်ရှိသော်လည်း အခြေခံ အဆောက်အအုံသည် ခေတ်နောက်ကျနေသေးကြောင်း၊ ရေကာတာနှင့် ဟိုတယ် အပါအဝင် ဆက်စပ်ပေးသည့် အဆောက်အအုံများလည်း မရှိကြောင်း၊ ထို့ကြောင့် သာမန်အားဖြင့် ကုန်တင်သင်္ဘောများသည် ဝမ်ပုံ-ဆိပ်ကမ်းတွင် ဆိုက်ကပ်ခြင်း မပြုဘဲ ပိုဝေးသည့် ထိုင်းနိုင်ငံ ချင်းစိန်-ဆိပ်ကမ်းတွင် ဆိုက်ကပ်လေ့ရှိကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလက တရုတ်နှင့် မြန်မာတို့သည် ပထမအသုတ် အဖြစ် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ် သဘောတူ စာချုပ် ၁၀ခုကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ ၄င်းစာချုပ်များတွင် ဝမ်ပုံ-ဆိပ်ကမ်း တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်း လုပ်နိုင်ခြေ လေ့လာရေး အစီအစဉ် ပါဝင်ကြောင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလက နှစ်နိုင်ငံတို့သည် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးခြား ရန်ပုံငွေ မြန်မာဘက် လုပ်ငန်း အစီအစဉ် စာချုပ်ကို ပထမဆုံး အကြိမ် ချုပ်ဆိုခဲ့ကြောင်း၊ ဝမ်ပုံ-ဆိပ်ကမ်းနှင့် ဆိပ်ကမ်းရဲဌာန ပြုပြင်ရေး လုပ်ငန်း အတွက် အမေရိကန် ဒေါ်လာ ၁သန်းကို ထုတ်ပေးခဲ့ကြောင်း၊ ၂၀၁၉ခုနှစ် မတ်လက ၄င်းပြုပြင်ရေး လုပ်ငန်းကို လက်တွေ့ဖော်ဆောင်သည့် အဆင့်ကာလတွင် ဝင်ရောက်ကြောင်း၊ ၄င်းပြုပြင်ရေး လုပ်ငန်းတွင် အဆောလျင်ဆုံး လုပ်ငန်းစဉ် ဖြစ်သည့် ဝမ်ပုံ-ဆိပ်ကမ်း ရဲဌာန အစည်းအဝေးခန်းမကို ယခုနှစ် မေလတွင် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ရဲသံမှူး လျူယုံဇန့်က ဝမ်ပုံ-ဆိပ်ကမ်းသည် အချက်အချာကျသည့် နေရာတွင် တည်ရှိပြီး နိုင်ငံများကို ဆက်စပ်ပေးကြောင်း၊ ဥပဒေ ကျင့်သုံးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မူးယစ်ဆေးဝါး အပြစ်ကျူးလွန်မှု တိုက်ဖျက်ရေး ရှုထောင့်များမှကြည့်လျှင် ဝမ်ပုံ-ဆိပ်ကမ်း၏ ပထဝီ အနေအထားအရ အလွန်အရေးကြီးကြောင်း ပြောကြားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဝမ်ပုံ-ဆိပ်ကမ်းနှင့် ဆိပ်ကမ်းရဲဌာန ပြုပြင်ရေး လုပ်ငန်းသည် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အတွက် စံနမူနာ စိုက်ထူမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio