• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘန်ကောက်မြို့ လေထုညစ်ညမ်းမှု ဖြစ်ပွား၊ ပြည်သူများ နှာခေါင်းစည်းများကို လက်ဦးအောင် အမြန်ဝယ်နေကြ

(GMT+08:00) 2019-01-15 14:28:36

ထိုင်းနိုင်ငံ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနမှ ယခုလ ၁၄ရက်နေ့ နံနက်ပိုင်းက လေထုညစ်ညမ်းမှု သတိပေးချက်ကို ထုတ်ပြန်ရာ ယခုသီတင်းပတ် တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ဘန်ကောက်မြို့ဒေသကြီးတွင် လေထုညစ်ညမ်းမှု ဖြစ်ပွားကြောင်း၊ လေထုသိပ်သည်းဆ PM2.5သည် ဆိုးရွားသည့် အဆင့်အထိ တိုးမြင့်လာ၍ အစိုးရအား ညစ်ညမ်းမှု ထုတ်လွှတ်ခြင်း ကန့်သတ်ရေး အတွက် အမြန်ဆုံး ဥပဒေပြုရန် ပန်ကြားကြောင်း ဖော်ပြသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ထို့အပြင်၊ ဘန်ကောက်မြို့ အနီးရှိ Nakhon Pathom၊ Nonthaburiနှင့် Pathum Thaniစသည့် ပြည်နယ်များတွင်လည်း လေထုသိပ်သည်းဆ PM2.5သည် ဆိုးရွားသည့် အဆင့်အထိ တိုးမြင့်လာကြောင်း၊ ထိုင်းပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဌာနက လေထုညစ်ညမ်းမှု ဖြစ်ပွားသည့် အကြောင်းရင်းမှာ မကြာခင် ရက်များက ဘန်ကောက်မြို့ ဒေသကြီးတွင် လေတိုက်မှု မရှိဘဲ လေထုသိပ်သည်းဆ PM2.5 တိုးမြင့်လာခြင်းကြောင့် ဖြစ်ကြောင်း၊ သို့သော် လူအချို့က မော်တော်ယာဉ် အိတ်ဇောထုတ် ကာဗွန်ငွေ့ ထုတ်လွှတ်မှုနှင့် အမှိုက်သရိုက်များ မီးရှို့ခြင်းကြောင့် ဖြစ်ကြောင်း ယူဆကြသည်။

မကြာခင် နှစ်များက စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြ လူဦးရေ တိုးပွားလာသည်နှင့် အမျှ ဘန်ကောက်မြို့ လေထုညစ်ညမ်းမှုသည် တစ်နေ့တခြား ဆိုးရွားသွားကြောင်း၊ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ၁၀မြို့ နာမည်စာရင်းတွင် ဘန်ကောက်သည် နဝမနေရာ၌ ရှိသည်ဟု နိုင်ငံတကာNGO ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တစ်ခုမှ မကြာခင်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့သူမြို့သားများသည် လေထုညစ်ညမ်းမှု အပေါ် စိုးရိမ်မကင်း ဖြစ်မိကြ၍ နှာခေါင်းစည်းများကို လက်ဦးအောင် အမြန်ဝယ်ယူကြကြောင်း၊ ထိုင်းကုန်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်း ကုန်သွယ်မှု ဦးစီးဌာနသည် နှာခေါင်းစည်း စက်ရုံများအား နှာခေါင်းစည်းများ အပူတပြင်း ထုတ်လုပ်ပြီး ထောက်ပံ့မှုကို အာမခံပေးရန် အမိန့်ချခဲ့ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းဌာနသည် လာမည့် ရက်များတွင် မိုးရေအတု လုပ်မည် ဖြစ်ကြောင်း၊ ထိုင်းပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနသည် အစိုးရအား သက်ဆိုင်ရာ ဥပဒေပြုပြီး မော်တော်ယာဉ် အိတ်ဇောထုတ် ကာဗွန်ငွေ့ ထုတ်လွှတ်မှု စံချိန်စံညွှန်းကို သတ်မှတ်ကာ မီးရှူးမီးပန်းများကို ကြိုက်သလို ပစ်လွှတ်ခြင်းကို ပိတ်ပင်ရန် ပန်ကြားသည့် အပြင်၊ ပြည်သူများအား အများသုံးယာဉ်ကို ပိုမိုများပြားစွာ အသုံးပြုပြီး အိမ်သုံးကိုယ်ပိုင်ကားနှင့် မော်တော်ဆိုင်ကယ် အသုံးပြုမှုကို လျှော့ချရန် ပန်ကြား ကြောင်းလည်း ဖော်ပြသည်။

 

 

 

 

 

 

 

 

 

   Webradio