• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယူနန်ပြည်နယ်က လည်ပတ်ချင်စရာ ဆင်ဥယျာဉ်

(GMT+08:00) 2019-01-14 15:37:08

ယူနန်ကိုရောက်ပြီဆိုရင် မဖြစ်မနေသွားကြတဲ့နေရာတစ်ခုရှိပါတယ်။ အထူးသဖြင့် သဘာဝကို ချစ်မြတ်နိုးသူ အများစုသွားလေ့ရှိတဲ့နေရာကတော့ ယူနန်ပြည်နယ်အတွင်း ကျင်းဟုန်မြို့မှာရှိတဲ့ အာရှ ဆင်ထိန်းသိမ်းရေးဥယျာဉ်ကို သွားကြတာများပါတယ်။ ကျွန်မလည်း ယူနန်ကိုရောက်တုန်း ဆင်ဥယျာဉ်ကို သွားရမယ်ဆိုတော့ စိတ်ထဲ ကျိတ်ပျော်နေမိတာ အမှန်ပါ။ မြန်မာပြည်မှာနေတုန်းက နေရာစုံရောက်ဖူးပေမယ့် ဆင်ဥယျာဉ် တစ်နည်းအားဖြင့် ဆင်စခန်းဆိုတာတွေကို မရောက်ဖြစ်ခဲ့ ဘူးလေ။ ဘယ်လိုကပ်လွဲမှန်းကိုမသိတာ။ ဆင်စခန်းသတင်းလိုက်ရမယ်ဆို လွဲပြီ။ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ဆင်ဥယျာဉ်ကို သွားရမယ်ဆိုတော့ စိတ်တွေက လန်းဆန်းတက်ကြွ နေတယ်။

ကျင်းဟုန်မြို့နဲ့ ဆင်ဥယျာဉ်နဲ့က ကီလိုမီတာ (၅၀)လောက်ပဲဝေးတယ်ဆိုပေမယ့် ကားတော့ နည်းနည်းကြာကြာလေးစီးရပါတယ်။ ကားစီးရတဲ့တစ်လျှောက် ကျွန်မသတိထားမိလိုက်တာက သစ်ပင်တွေ အုံ့အုံ့စိုင်းစိုင်းနဲ့ စိမ်းစိုညို့မှိုင်းနေတဲ့သစ်တောအုပ်ကြီးက ဆင်ဥယျာဉ်ကိုသွားတဲ့ လမ်းတစ်လျှောက် တွေ့နေရတာပါ။ ကျွန်မတို့မြန်မာနိုင်ငံက ပဲခူးရိုးမကြီးလိုပေါ့ သစ်ပင်တွေက စိမ်းစိုပြီး သစ်တောက ထူထပ်နေတယ်။ သစ်တောကို သေချာထိန်းသိမ်းထားပုံရပါတယ်။ ဒါနဲ့ တရုတ်နိုင်ငံမှာ သစ်တောကိုဘယ်လို ထိန်းသိမ်းလဲလို့ မေးကြည့်တော့ သစ်ပင်မရှိတဲ့ နေရာတွေ အတွက် ပျိုးပင်တွေပေးပြီး သေချာစိုက်ခိုင်းသလို သစ်မခုတ်ရဥပဒေကိုလည်း သေချာပြဌာန်းထား ပါတယ်တဲ့။ နိုင်ငံတိုင်းကတော့ ဒီလိုဥပဒေရှိတာပါပဲနော်။ အဲဒီဥပဒေပေါ်မှာ လိုက်နာမိရှိမရှိ ထိရောက်အောင်လုပ်မလုပ်ဆိုတာနဲ့ အောင်မြင်မှုရှိမရှိဆိုတာပဲ ကွာမယ်လို့ထင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ဒီလိုဥပဒေရှိတာပဲလေ။ ဒါ့အပြင်  အဲဒီ လမ်းတစ်လျှောက် တောင်ပေါ်က ဆင်းလာတဲ့ ရေဆင်းလမ်းတွေကိုလည်း အင်္ဂတေတွေနဲ့ မြောင်းလိုလမ်းဖောက်ပြီး ရေဆင်းလေးတွေ လုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

တစ်ချို့နေရာတွေမှာတော့ သဘာဝသစ်တောအုပ်ကြီးထဲကို ဖြတ်သွားနေသလိုခံစားစေတဲ့ အရသာအဖြစ် တောင်ကုန်းအောက်ကနေ လမ်းဖောက်ထားတာတွေ့ရပါတယ်။ အဲဒီလိုနေရာ ရောက်ပြီဆိုရင် တောင်အောက်ကိုဖြတ်ရတာမို့ နည်းနည်းမှောင်သွားပါတယ်။ တောင်ကိုကျော်ပြီး တာနဲ့ အလင်းရောင် ပြန်ရလာလို့ကြည့်လိုက်ရင် အပေါ်အမိုးခုံးမှာ မြင်ရတာက သစ်ပင်တွေ ဖုံးလွှမ်းနေတဲ့တောင်။ ဒီလိုနေရာမျိုးက (၅)နေရာလောက် ဖြတ်ရတာမို့ စိတ်ကိုတစ်မျိုးလန်းဆန်း စေတာတော့ အမှန်ပါပဲ။ ဒီလိုနဲ့ ဧရိယာ စတုရန်းကီလိုမီတာ ၈၀၀ ကျော်ရှိတဲ့ ဆင်ဥယျာဉ်ကို ကျွန်မတို့ ရောက်လာခဲ့ပါတော့တယ်။

 

 

ဆင်ဥယျာဉ်သမိုင်း

      ဆင်ဥယျာဉ်ကိုရောက်တာနဲ့ ဆင်ဥယျာဉ်တာဝန်ရှိသူတွေက ကျွန်မတို့ သတင်းအဖွဲ့ကို ကြိုစောင့်နေတာတွေ့ရပါတယ်။ ကျွန်မတို့သွားတဲ့အချိန်က ဆောင်းတွင်းဆိုပေမယ့် မုန်တိုင်းရှိလို့ မိုးလေးကနည်းနည်းစွေနေတယ်။ ဒီတော့ ထီးကိုယ်စီနဲ့ပေါ့။ အဲဒီက ဆင်ဥယျာဉ်တာဝန်ရှိသူက ကျွန်မတို့အုပ်စုကို ပထမဆုံး ဆင်လေးတစ်ကောင် အရင်ပြပါတယ်။ ဆင်လေးက ဆင်ပေါက်လေးပဲ ရှိသေးတယ်။ သူ့နာမည်က ယန်လျှို့တဲ့။ သူ့မိဘတွေက သူ့ကို ရောဂါရှိလို့ရွာတွေအနားမှာ စွန့်ပစ်ထားတာတွေ့လို့ ဆင်ဥယျာဉ်က ၀န်ထမ်းတွေက ဒီဆင်လေးကို သွားခေါ်လာပြီး စောင့်ရှောက်ထားရတာတဲ့။ ဒီဆင်လေးကို ဆိတ်နို့တိုက်ပြီးမွေးထားရလို့ ယန်လျှို့ (ဆိတ်နို့တိုက်ပြီး မွေးထားရတဲ့မိန်းကလေးလို့)အဓိပွှာယ်ရတဲ့ နာမည်ပေးထားတာလို့ ဌာနက ညီမလေးက ရှင်းပြပါတယ်။ ယန်လျှို့ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က တွေ့ရှိခဲ့တာမို့ ယန်လျှို့ အသက်က အခုမှ (၂)နှစ်ပဲရှိပါသေးတယ်တဲ့။

ယန်လျှို့ဆိုတဲ့ ဆင်ပေါက်စလေးကိုကြည့်ပြီးသွားတော့ စမ်းချောင်းလေးကိုကျော်ပြီး ဆယ်မိနစ်လောက် လမ်းလျှောက်ရပါတယ်။ မိုးကရွာ လမ်းကလျှောက်ရနဲ့မို့ တစ်ယောက်နဲ့ တစ်ယောက် စကား မပြောနိုင်တဲ့ အချိန်မှာ အမိုးအမြင့်ကြီးတွေနဲ့ အဆောက်အဦးခမ်းခမ်းနားနား ဆောက်ထားတဲ့ အဆောင်တွေကို တွေ့ပြီး ဆင်သုံးလေးကောင်လောက် အခန်းထဲကနေ ရုတ်တရက်ထွက်လာတော့ ကျွန်မတို့အဖွဲ့သားတွေအားလုံး အိုး..ဆိုပြီး ထအော်မိကြပါတော့တယ်။ အကြောင်းကတော့ မထင်မှတ်ထားတဲ့အချိန်မှာ ဆင်တွေအများကြီးတွေ့လိုက်ရလို့ပါ။ 

ဆင်တွေထားတဲ့ အဆောက်အဦးနေရာတွေကလည်း တကယ့်အမြင့်ကြီးတွေပါ။ ရန်ကုန် တိရစ္ဆာန် ဥယျာဉ်က ဆင်မိုမိုတွေနေတဲ့ နေရာထက်ကျယ်တယ်။ ကြည့်လိုက်ရင် ခမ်းခမ်းနားနားနဲ့ ဆင်တွေကို သေချာထိန်းသိမ်း ပေးထားတယ်ဆိုတဲ့ပုံစံပေါ်အောင် ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဆင်ပေါက်လေး ယန်လျှိုကိုတွေ့တဲ့အချိန်မှာ ကျွန်မစိတ်ထဲဖြစ်ပေါ်မိတာက "ဟင်..ဒီဆင်ဥယျာဉ်မှာ ဆင်လေးကလည်း ဒီတစ်ကောင်ထဲရှိလားပေါ့" စိတ်ထဲအဲဒီလိုတွေးနေမိချိန် ဆင်သုံးလေးကောင် လောက် ၀ုန်းဆိုထွက်လာတာ တွေ့ရတော့ ပျော်သွားမိတာ အရမ်းပါပဲ။ ပြီးတော့ ထွက်လာတဲ့ ဆင်ကြီးတွေက မနည်းမနော အကြီးကြီးတွေမို့ ငေးရင်း အစာကျွေးရင်း သူတို့ရာဇ၀င်ကို နားထောင် ရတာကလည်း စိတ်မကောင်းစရာတွေပါ။

အခု ကျွန်မတို့တွေ့ခဲ့ရတဲ့ ယန်လျှို့အပါအ၀င် ဆင်ကြီးလေးကောင်က လက်ရှိ ဒဏ်ရာရလို့၊ ရောဂါရှိလို့၊ သူတို့မိဘပစ်သွားလို့ စသဖြင့် အကြောင်းကြောင်းကြောင့် ထိန်းသိမ်း စောင့်ရှောက် ထားတဲ့ ဆင်တွေပါတဲ့။ ဒါ့ကြောင့် သူတို့ဒဏ်ရာတွေသက်သာရင် သူတို့ကို ဒီမှာမထားတော့ဘဲ သဘာဝအတိုင်း နေထိုင်နိုင်ဖို့ တောထဲပြန်လွှတ်ပေးမှာပါတဲ့လေ။ သြော်..ဒါ့ကြောင့် သစ် ထုတ်လုပ်ရေး ဆင်စခန်းတွေမှာ တွေ့ရသလို ဆင်တွေအများကြီးမတွေ့မိတာကိုးလို့ ကျွန်မ တွေးမိပါတယ်။ တကယ်တော့ ဒီနေရာက ဆင်တွေက အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ဖြစ်လာတဲ့ဆင်တွေကို ခဏထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဆင်ထိန်းသိမ်းရေးနေရာ။ ဒါ့ကြောင့် ဆင်အများကြီးမတွေ့ရတာပါ။

ဒါပေမယ့် ဒီဆင်ဥယျာဉ်ထဲမှာ တောဆင်အုပ်စု (၅၀)ရှိပြီး ဆင်အကောင်ရေ (၃၀၀)ကနေ (၃၅၀)ထိ ရှိတယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ မျက်လုံးပြူးသွားမိပြန်ပါတယ်။ ဒီဆင်ဥယျာဉ်က နိုင်ငံတော်အဆင့် (A) လေးလုံးရတဲ့ အဆင့်မြင့်ဥယျာဉ်ဖြစ်ပြီး သဘာဝထိန်းသိမ်းရေးဇုန်နဲ့ တောဆင် ထိန်းသိမ်း ရေးဇုန်အဖြစ် ယူနက်စကိုမှာ စာရင်းဝင်ထားတဲ့ နေရာပါ။  ယူနက်စကိုစာရင်းဝင်နေရာ ဖြစ်တာနဲ့အညီ ဒီဥယျာဉ်ထဲမှာ အာရှဆင်သုတေသနစင်တာ၊ တောမွေးလိပ်ပြာစင်တာ၊ တောရိုင်း တိရစ္ဆာန် ကယ်ဆယ်ရေးသုတေသန စခန်းတွေထားရှိထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီဆင်ဥယျာဉ်ထဲမှာ တောဆင်၊ တောကျွဲ၊ ဒေါင်း၊ မျောက်တွေရှိပါတယ်တဲ့။

ဆင်ဥယျာဉ်ကို ၁၉၉၀ ခုနှစ်က ရှုခင်းကြည့်တောဥယျာဉ်အနေနဲ့ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ခရီးသည်တွေကို လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ခဲ့ရာကနေ ၂၀၀၈ ခုနှစ်မှာ အာရှတောဆင် ထိန်းသိမ်းရေးနဲ့မွေးမြူရေးစခန်းကို တည်ဆောက်ခဲ့တာမို့ အခုအချိန်မှာတော့ နာမည်ကျော်နေရာတစ်ခုအဖြစ် လူအများလာရောက်လည်ပတ်မှုအများဆုံး နေရာတစ်ခုဖြစ်လို့ နေပါပြီ။ ၀င်ကြေးအနေနဲ့ (၆၅)ယွမ်ပေးရပြီး ဆင်အက ဆင်အလှ ဆင်လိမ္မာစွမ်းရည်ပြသပွဲတွေ ကိုတော့ နေ့စဉ် (၁၁)နာရီကနေ (၁၂)နာရီ၊ နေ့လယ်ဆို (၂)နာရီကနေ (၃)နာရီထိ ကြည့်ရှုလို့ ရသလို တောဆင်ဥယျာဉ်ထဲမှာလည်း မှန်တံတားလိုနေရာမျိုး၊ သစ်ပင်ပေါ် ဟိုတယ်လိုနေရာမျိုး၊ တောထဲလမ်းလျှောက်နိုင်တဲ့ သစ်သားတံတားလိုနေရာမျိုး၊ ကောင်းကင်ကေဘယ်လ် စီးလို့ရတဲ့ နေရာမျိုး တွေကို လည်ပတ်ကြည့်ရှုနိုင်ပါတယ်။

 

ကေဘယ်လ်ကားနှင့်လမ်းလျှောက်တံတား

ဒီလိုနဲ့လမ်းလျှောက်ရင်း ကျွန်မတို့တစ်တွေ ကေဘယ်လ်ကားစီးတဲ့နေရာကို ရောက်လာ ပါတယ်။ သဘောကတော့ ကေဘယ်လ်စီးရင်း မြို့ကြီးတွေမှာ မမြင်ရတဲ့ သစ်ပင်သစ်တောတွေရဲ့ သဘာဝအလှကို မျက်စိပသာဒ ရှုစားဖို့ပေါ့။ တကယ့် တောထဲကိုဖြတ်ပြီး ကေဘယ်လ်စီးရတာမို့ တိရစ္ဆာန်လေးတွေရဲ့ အသံလေးတွေကို ကြားရသလို လတ်ဆတ်တဲ့လေနုအေးကိုလည်း ရှုရိုက်ရတာ စိတ်ကို လန်းဆန်းပြီး ပေါ့ပါးနေတာပါပဲ။ ကေဘယ်လ်ပေါ်ကနေ ကြည့်လိုက်ရင် စမ်းချောင်းတွေကို တွေ့ရသလို တောထဲ လမ်းလျှောက်နေတဲ့သူတွေကိုလည်း တွေ့ရသေးတယ်။ ပြီးတော့ လျှိုတွေ ချောက်တွေကို တွေ့ရသလို ကံကောင်းရင် တောထဲမှာ လျှောက်သွားနေတဲ့ တောဆင်တွေကိုလည်း ကေဘယ်ပေါ်ကနေ တွေ့နိုင်သေးတယ်ဆိုပဲ။ ကျွန်မတို့ရောက်တဲ့အချိန်က မိုးရွာနေတဲ့အချိန်ဆိုတော့ တောထဲ လျှောက်သွားနေတဲ့ တောဆင်ကိုတော့ မတွေ့ခဲ့ရပါဘူး။ ကေဘယ်လ်စီးရတာလည်း တောင်ထိပ်ပေါ်ရောက်လိုက် ပြီးရင် တောင်အောက်ကို လျှောပြီးဆင်းသွားလိုက်နဲ့ တကယ့်ကို ငြိမ့်ငြိမ့်ညောင်းညောင်းစီးလို့ကောင်းပါတယ်။ ကျွန်မတို့ကတော့ ကေဘယ်လ်စီးရင်း ကိုယ်ရတဲ့ သီချင်းလေးဖွင့် လိုက်ငြီးရင်း ရှုခင်းကြည့်လိုက် ဆယ်ဖီစွဲလိုက် ဗွီဒီယိုရိုက်လိုက်နဲ့ ကေဘယ်လ် စီးရတာ ပျော်စရာလည်းကောင်းသလို စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ ကေဘယ်လ်စီးခကတော့ အသွားအပြန်ဆို ယွမ် (၇၀) ပေးရပြီး အသွားတစ်ကြောင်းထဲဆို ယွမ် (၅၀) ပေးရပါတယ်။

      ကျွန်မတို့အုပ်စုက ယွမ် (၅၀)ပေးပြီး အသွားတစ်ကြောင်းပဲ စီးကြပါတယ်။ အပြန်ကိုတော့ တောထဲမှာ ဆောက်ထားတဲ့ လမ်းလျှောက်တံတားကနေ ပြန်ကြပါတယ်။ အဲဒီတော့ မတူတဲ့ခံစားမှုရသနှစ်မျိုးကို ခံစားရပါတယ်။ လျှောက်လမ်းတစ်လျှောက် မြင်ရတဲ့မြင်ကွင်းကတော့ စမ်းချောင်းလေးတွေနဲ့ အရမ်းကို သာယာလှပါတယ်။ ဒါ့အပြင် အဲဒီလျှောက်လမ်းတစ်လျှောက် သနားစရာကောင်းတဲ့ မျောက်ကလေးနှစ်ကောင်ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ပထမတွေ့ခဲ့တဲ့ မျောက်လေးက လက်ကလေးတစ်ဖက်ပြတ်နေပါတယ်။ အမြီးကတော့ အရှည်ကြီးပါပဲ။ သူကတော့ အသက်ကြီးပြီ ထင်ပါတယ်။ အကောင်လည်း ထွားတယ်။ ဓာတ်ပုံရိုက်မယ်ဆိုလည်း အိုက်တင် လုပ်တတ်သလို သူ့နာမည် ခေါ်ရင်လည်း လှည့်ကြည့်တတ်သေးတယ်။ သူ့ကို ရွာသားတွေက အန္တရာယ်ပြုလိုက်လို့ အခုလို လက်ပြတ်တာလို့ သိရပါတယ်။  နောက်မျောက်လေး တစ်ကောင်က ကျတော့ မျက်စိမှာတိမ်စွဲသလို ဖြစ်နေပြီး အူကျ ရောဂါ ဖြစ်နေပါတယ်တဲ့။ အသက်ကတော့ တစ်နှစ်ပဲရှိသေးတယ်တဲ့လေ။ သူ့ကို ဆေးတိုက်တာ ဆေးမသောက်ဘဲ အတင်းငြင်းနေတဲ့ ပုံလေးက တကယ့်ကို သနားစဖွယ်လေးပါ။ တစ်ကယ်တော့ ဒီဆင်ဥယျာဉ်ထဲမှာတွေ့သမျှတိရစ္ဆာန်လေးတွေက တကယ့်ကို သနားစရာ ကောင်းလှပါတယ်။ သူတို့မှာ ရောဂါကိုယ်စီ ဒုက္ခကိုယ်စီနဲ့ အဖြစ်အပျက် အကြောင်းအရာလေးတွေကလည်း တစ်ကောင်နဲ့တစ်ကောင် မတူကြဘူး။

စိတ်ဝင်စားစရာဆင်ပြတိုက်နှင့်အပြန်လမ်း

          ဆင်ဥယျာဉ်ထဲမှာ ကျွန်မတို့အဖွဲ့ နောက်ထပ်သွားဖြစ်တဲ့နေရာက ဆင်ပြတိုက်ပါ။ ဆင်ပြတိုက်မှာ ၀င်ဝင်ခြင်းတွေ့ရတာက ဆင်အရိုးစုတွေကိုပြထားတဲ့ နေရာပါ။ ပြတိုက်ထဲမှာတော့ ဆင်တွေနဲ့သက်ဆိုင်တဲ့ ဆင်အရေခွံ၊ ဆင်ရိုး၊ ဆင်စွယ်၊ ဆင်အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရသလို လူတွေကြောင့်သေဆုံး သွားရတဲ့ ဆင်တွေအကြောင်း ရုပ်လုံးသွင်းပြီး ပြသထားတာတွေ တွေ့ရပါတယ်။ အဲဒီရုပ်လုံးသွင်းထားတဲ့ ဆင်တစ်ချို့မှာဆို ဆင်စွယ်တွေမရှိကြပါဘူး။ လူတွေက ဆင်စွယ်လိုချင်လို့ သတ်ပစ်လိုက်တာမို့ သူတို့မှာ အစွယ် မရှိတော့တာဆိုပြီး ရှင်းပြပါတယ်။ ဒါ့အပြင် ဒီဆင်ဥယျာဉ်ကို ၂၀၁၅ ခုနှစ် မတ်လ (၄)ရက်နေ့က အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မင်းသား မင်းသားဝီလျှံကိုယ်တိုင် လာရောက်လည်ပတ်ခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ပြခန်းထဲမှာ မှတ်တမ်းအဖြစ် ပြသထားတာ တွေ့ရပါတယ်။

          ပြတိုက်ထဲမှာ ကျွန်မစိတ်အ၀င်စားဆုံး မှတ်တမ်းကတော့ ဆင်မွေးမြူထားတဲ့နိုင်ငံတွေ စာရင်း ပြတဲ့ ဓာတ်ပုံလေးပါ။ အဲဒီဓာတ်ပုံစာရင်းအရဆိုရင် အိန္ဒိယနိုင်ငံက (၂၂၁၂၀)၊ သီရိလင်္ကာနိုင်ငံက (၃၂၀၀)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက (၃၅၀)၊ ဘူတန် က (၁၅၀)၊ မြန်မာနိုင်ငံက (၁၀၀၀၀)၊ တရုတ်နိုင်ငံက (၃၀၀)၊ နီပေါနိုင်ငံက (၉၀)၊ ဗီယက်နမ်နိုင်ငံက (၃၀၀၀)၊ ကမ္ဗောဒီးယားနိုင်ငံက (၂၀၀၀)၊ ထိုင်းနိုင်ငံက (၂၀၀၀)၊ မလေးရှားနိုင်ငံက (၃၀၀၀)၊ စသဖြင့် ဆင်မွေးမြူထားတဲ့စာရင်းတွေကို နိုင်ငံအလိုက် တွေ့ရမှာပါ။

      တကယ်တော့ ဆင်တွေ ဆိုတာ လူတွေလိုပါပဲ။ လူ့သက်တမ်းနီးပါးလောက် အသက် (၆၀) (၇၀) လောက်ထိ သက်တမ်းရှည်ကြာစွာနေနိုင်တဲ့ နို့တိုက်တိရစ္ဆာန်တွေပါ။ လူတွေကို အကျိုးပြုတဲ့ လူတွေနဲ့ အနီးဆုံးရှိတဲ့ တိရစ္ဆာန်လို့တောင် ပြောလို့ရပါတယ်။ ဟိုးရှေးခေတ်တုန်းကဆိုရင် စစ်ပွဲတွေမှာ ဆင်တွေကို အသုံးပြုပြီး စစ်တိုက်ခဲ့ကြတယ်။ ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေး ဖော်ဆောင်ချင်ရင် ဆင်ကို လက်ဆောင်ပဏ္ဍာအဖြစ် ဆက်သပြီး စစ်ပွဲရပ်ဆိုင်းတာပဲဖြစ်ဖြစ် မိတ်သဟာပြုတာပဲဖြစ်ဖြစ် ဆင်ကို ချစ်ကြည်ရေးအနေနဲ့ လက်ဆောင်အဖြစ် လဲလှယ် တတ်ကြ ပါတယ်။ ဒါ့အပြင် စက်ယန္တရားတွေ မပေါ်ခင်တုန်းကဆိုရင် ဆင်တွေကို အသုံးပြုပြီး သစ်ထုတ် လုပ်ရေးတွေမှာ အားကိုးခဲ့ရတာပါ။ အခုခေတ်လို တိုးတက်လာတဲ့အခါမှသာ ဆင်ကိုသတ် ဆင်စွယ်ယူပြီး တရားမ၀င် ကုန်သွယ်မှုတွေပြုလုပ်နေတာတွေကြောင့် ဆင်တွေ မျိုးသုဉ်းလုနီးပါး ဖြစ်နေကြတာဆိုတော့ အခုလိုမျိုး နိုင်ငံတော်အဆင့် ဆင်ဥယျာဉ်ထိန်းသိမ်းရေး စခန်းတွေ ထားရှိ ဖော်ဆောင်နေတာက ကြိုဆိုရမယ့် အနေအထားလို့ ဆိုရမှာပါ။ ပြီးတော့ ဒီဆင်ဥယျာဉ်က ခရီးသွားလုပ်ငန်းနဲ့ပါ ချိတ်ဆက်ထားတော့ တစ်ဖက်တစ်လမ်းကလည်း ၀င်ငွေ ရှာဖွေပေးနိုင် သေးတယ်လေ။ အထူးသဖြင့် မတ်လကနေ မေလအထိ အောက်တိုဘာလကနေ နိုဝင်ဘာလအထိ ခရီးသွားအရမ်းများတယ်လို့ ဆိုကြပါတယ်။

  ကျွန်မကတော့ အလုပ်တွေနဲ့ စိတ်ညစ်ငြူးနေတဲ့အချိန် ဒီလို သဘာဝရှုခင်းတွေနဲ့ သာယာလှပပြီး လန်းဆန်းတဲ့ လေနုအေးလေးတွေကိုရှုရှိုက်ခွင့်ရတဲ့နေရာ အထူးသဖြင့် သနားစရာ ကောင်းတဲ့ တိရစ္ဆာန်လေးတွေအကြောင်း သိခွင့်ရတဲ့ ယူနန်ပြည်နယ်က ဒီဆင်ဥယျာဉ်ကို အလည် လာဖို့ နောက်ထပ်တစ်ခါ အခွင့်သာဦးမယ်ဆိုရင် ထပ်ခါ ထပ်ခါ သွားလည်ချင်မိတာတော့ အမှန်ပါပဲ။

    အဲဒီအခါကျရင် ကျွန်မတို့အခုတွေ့ခဲ့ရတဲ့ ဆင်လေးတွေ မျောက်လေးတွေရော ရှိနိုင်ပါ့ ဦးမလား။  ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီဥယျာဉ်ထဲက ရောဂါခံစားနေရတဲ့ ဆင်လေးတွေအပါအ၀င် တခြား တိရစ္ဆာန်လေးတွေ သူတို့ခံစားနေရတဲ့ရောဂါတွေ အမြန်သက်သာပျောက်ကင်းပြီး သစ်တော သစ်ပင်တွေနဲ့ ပြည့်နေတဲ့ သဘောဝသစ်တောကြီးထဲ အမြန်ပြန်သွား နေနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးခဲ့မိ ပါတယ်။

ကျွန်မတို့ကားကြီးက ဆင်ဥယျာဉ်ကနေ တရွေ့ရွေ့ပြန်လည်ထွက်ခွါလာခဲ့ပေမယ့် ကျွန်မ စိတ်တွေကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျင်းဟုန်မြို့မှာရှိတဲ့ ဆင်ဥယျာဉ်လေးကို သတိတွေရပြီး အတွေးယဉ်ကြော မြောလို့ကောင်းဆဲပါပဲ။ သတိရနေပါ့မယ့် ဆင်ကလေးနဲ့ မျောက်ကလေးတွေရယ်။                               

 စုသက်မှူး (မရမ်းကုန်း)

   Webradio