• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စည်းစနစ်ကျလှသော ဘေကျင်းမြို့က စနစ်များ

(GMT+08:00) 2018-12-26 15:18:21

တရုတ်နိုင်ငံ ဘေကျင်းမြို့ရဲ့ နိုင်ငံတကာလေယာဉ်ကွင်းကနေ ထွက်လိုက်တာနဲ့ ကျွန်မ "အို"ဆိုပြီး အာမေဋိတ် တိတ်တိတ်ပြုမိပါတယ်။ စတွေ့ပါပြီ တရုတ်နိုင်ငံရဲ့ လမ်းတစ်လျှောက်မှာ တံတားတွေဆိုတာ မရေမတွက်နိုင်အောင်ပါပဲ။

(များပြားလှသည့်တံတားများနှင့်ဖြာထွက်သွားသောလမ်းများ)

ငါးမိနစ်တစ်ခါလောက် တံတားတစ်စင်းပြီး တစ်စင်းတွေ့ရပြီး တံတား တစ်ခုနဲ့ တစ်ခု ဆက်နွယ်ပြီး လမ်းဖောက်ထားတာက ကျွန်မအတွက်  အမြင်ဆန်းနေပါတယ်။  တံတားတွေ ဆောက်ထားပြီး လမ်းပန်း ဆက်သွယ်ရေး စနစ်ကို အဆင်ပြေအောင် ပြုလုပ်ထားတာ သတိပြုမိလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ တံတားအများစု ထူးခြားတာက တံတားတစ်ခုနဲ့တစ်ခု လမ်းခွဲတွေများစွာဖြာခွဲပြီး လမ်းကြော ပေးထားတာပါ။ ဒီတော့ တံတားပေါ်က သွားတဲ့ကားကသွား၊ တံတားအောက်ကနေဖြတ်တဲ့ကားက ဖြတ်၊ တံတားလမ်းခွဲတွေ ကနေ မောင်းတဲ့ကားကမောင်းနဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်ပေမယ့် ကြာမြင့်စွာ လမ်းကြောပိတ်တဲ့ဒဏ်ကို သူတို့တွေမခံရပါဘူး။

နောက်တစ်ခု သတိထားမိတာက လူကူးခုံးကျော်တံတားတွေပါ။ လူကူးခုံးကျော်တံတားတွေက နေရာ အတော်များများမှာရှိပါတယ်။ ရှိတဲ့နေရာတိုင်းမှာလည်း ဘယ်သူကမှ ကားလမ်းပေါ်ကနေ လမ်းဖြတ် မကူးကြ ပါဘူး။ တံတားပေါ်ကနေသာ ဖြတ်ပြီး ဟိုဘက်ဒီဘက်ကူးကြပါတယ်။ လူကူးခုံးကျော်တံတားတွေကလည်း တော်တော်ကျယ်ပါတယ်။ ကျဉ်းကျဉ်းလေးတွေမဟုတ်ပါဘူး။ ဒီအတွက် လမ်းသွာလမ်းလာတွေက ခုံးကျော်တံတားပေါ်မှာပဲရှိနေပြီး ကားတွေက လမ်းမပေါ်မှာဘဲ ရှိနေကြတာကို တွေ့ရပါတယ်။ ဒီလို စည်းကမ်းလေးတွေ လိုက်နာကြတာက အထူးသဘောကျစရာပါ။ အတုယူစရာလည်း ကောင်းပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာရော ဒီလိုစည်းရှိတဲ့စနစ်လေးတွေ လုပ်ကြမယ်ဆို ယာဉ်ပိတ်ဆို့မှု လမ်းပိတ်ဆို့မှု အချိန်ကြာမြင့်မှု ဆိုတာတွေကို မဖြေရှင်းနိုင်ပေဘူးလား ကျွန်မ တွေးနေမိပါတယ်။

လူးကူးခုံးကျော်တံတားအကြောင်းပြောရင်း လူကူးခုံးကျော်တံတားတွေကို အကျိုးရှိရှိ အသုံးချမှု တစ်ခုကိုလည်း  သတိထားမိပါတယ်။ အဲဒါကတော့ တံတားအောက်က လွတ်တဲ့နေရာမှာ စက်ဘီးတွေ၊ ဆိုင်ကယ်တွေကို နေရာတစ်ခုသတ်မှတ်ပေးပြီး ရပ်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခုံးကျော်တံတားအောက်မှာ ညဘက်ဆို ကားတွေရပ်ပြီး စနစ်တကျ ထားတာကိုတွေ့ရပါတယ်။ တံတားအောက်မှာ အမှိုက်ဆိုတာ ဝေလာဝေး လမ်းဘေးဈေးသည်ဆိုတာ ဝေလာဝေးပါ။ ကားတွေကို စနစ်နစ်တကျ ရပ်ပြီး ထားတဲ့အတွက် ကားပါကင် ကိစ္စကို အထူးတလည်စဉ်းစားစရာမလိုဘဲ ဖြေရှင်းထားတာက သဘောကျစရာပါ။

 

(ဘေကျင်းမြို့ပေါ်က လမ်းမကြီးများ၏ထူးခြားမှုများ)

      ဘေကျင်းမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးထူးခြားခြား သတိထားမိတာတစ်ခုက လမ်းဘေးဈေးသည်တွေ မတွေ့ရတာပါ။ လူသွားလမ်းတွေကို နေရာတော်တော်ကျယ်ကျယ်ပေးထားပါတယ်။ တစ်ချို့လူသွားလမ်း တွေရဲ့ အကျယ်က သစ်ပင်ခုတ်တဲ့ကားတစ်စီး အေးအေးဆေးဆေးရပ်ထားလို့ရပြီး လူအများအတွက် လမ်းလျှောက်လို့ရအောင် နေရာအကျယ်ကြီးလုပ်ပြီး လမ်းဘေးပလက်ဖောင်း ပြုလုပ်ထားပါတယ်။ သစ်ပင်ခုတ်တဲ့ကားလို ကားကြီးတစ်စီးတောင် ရပ်လို့ရတဲ့ လူသွားလမ်းရှိတယ်ဆိုတော့ လမ်းဘေး ပလက်ဖောင်းတွေမှာ အေးအေးဆေးဆေး လမ်းလျှောက်ရုံပင်။

ဒါ့အပြင် အဲဒီလူသွားလမ်းပေါ်မှာ ကားရပ်စောင့်ဖို့ ကားဂိတ်တွေ ဆောက်လုပ်ပေးထားပါတယ်။ အဲဒီကားဂိတ်တွေမှာဆိုရင် ထိုင်ခုံတွေမထားပေးထားတဲ့အတွက် အများစုက မတ်တပ်ရပ်ပြီး ကားအလာကို စောင့်ကြရပါတယ်။ လမ်းမကြီးတွေပေါ် ဆင်းရပ်ပြီး စောင့်စရာ မလိုပါဘူး။ ကားစီးဖို့ စောင့်နေတဲ့ ခရီးသွားတွေအနေနဲ့ ပလက်ဖောင်းနားလာရပ်တဲ့ကားတွေပေါ်ကို အေးဆေး သက်သာစွာ လိုက်ပါစီးနင်း သွားရုံပင်။

ပလက်ဖောင်းတွေပေါ်မှာလဲ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်တွေမရှိတဲ့အတွက် စိတ်အေးချမ်းသာစွာ လမ်းလျှောက်သွားလာနိုင်ပါတယ်။ ဒီတော့ လမ်းမကြီးပေါ်မှာ ကားတွေသာရှိနေပြီး လူတွေက ပလက်ဖောင်း ပေါ်မှာပဲ ရှိနေတဲ့အတွက် ကားတွေလည်း အေးအေးဆေးဆေးမောင်းနှင်နေတာကို တွေ့ရပါတယ်။

စည်းကမ်းမဲ့လမ်းဖြတ်ကူးတဲ့သူတွေကို အရေးယူမှုကတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မီးပွိုင့်တိုင်း မီးအချက်ပြစနစ်တွေအထူးကောင်းမွန်လှပါတယ်။ ပွိုင့်တိုင်းမှာ ယာဉ်ထိန်းရဲကို မတွေ့ရပေမယ့် လမ်းဖြတ်ကူးသူတိုင်းက လူကူးလို့ရပြီဆိုတဲ့ လူပုံစံလေးကို အစိမ်းပြတဲ့အချက်ပြမီးတွေ့မှ ကူးကြတာများပါတယ်။ တချို့မီးပွိုင့်တွေမှာတော့ အဲဒီလို လူကူးလို့ရပြီဆိုတဲ့အချက်ပြမီးမပြခင် လမ်းကူးတဲ့ သူတွေကို စောင့်ဖမ်းတဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းတဲ့သူတွေကို တွေ့ရပါတယ်။ အထူးသဖြင့် Shopping Mall လိုလူအများသွားလာတဲ့နေရာတွေမှာ စောင့်ဖမ်းပါတယ်။ စောင့်ဖမ်းလို့မိရင် ဒဏ်ငွေမဆောင်ခိုင်းပါဘူး။ ကိုယ့်လို စည်းကမ်းဖောက်တဲ့သူကို စောင့်ဖမ်းပေးရပါတယ်။ အဲဒီလိုစောင့်ဖမ်းနိုင်မှ အပြစ်ကလွတ်ပါတယ်။ ဒီတော့ လူတိုင်းက စောင့်ဖမ်းရမယ်ဆိုရင် အလုပ်ပျက်မှာမို့ စည်းကမ်းလိုက်နာကြတာ များပါတယ်။

(စက်ဘီးနှင့်ဆိုင်ကယ်များ)

လူဦးရေဒီလောက်များတဲ့ နိုင်ငံ၊ ကားတွေအင်မတန်ပေါများတဲ့နိုင်ငံမှာ စက်ဘီးစီးခွင့်နဲ့ ဆိုင်ကယ်စီးခွင့် ပြုထားတာကိုလည်း တွေ့ရပါတယ်။ စက်ဘီးတွေဆို ကားမှတ်တိုင်ရှိတဲ့ ဂိတ်တွေနားမှာလိုမျိုး ၊ မြေအောက်ရထားလို ဘူတာရှိတဲ့နေရာနားမှာလိုမျိုး ထားပေးထားပါတယ်။ စက်ဘီးရောင်စုံရှိပြီး ဈေးတွေ ကလည်း အရောင်နဲ့ကွဲပါတယ်။ စက်ဘီးငှါးစီးရင် တစ်နာရီကို တစ်ယွမ်ပေးရပါတယ်။ စက်ဘီးစီးချင်ရင် ကုမ္ပဏီကို အရင်စရံပေးထားရပါတယ်။ မစီးတော့ဘူးဆိုရင် စရံကိုပြန်ထုတ်လို့ရပါတယ်။ စက်ဘီးလော့ခ် ကိုတော့ ဖုန်းနဲ့စကင်ဖတ်ပြီးဖွင့်ရပါတယ်။ ကောင်းတဲ့အချက်က စီးတဲ့နေရာကိုပြန်ပို့စရာမလိုပါဘူး။ ရောက်တဲ့နေရာက စက်ဘီးစတန်းမှာ ထားထား လိုက်ရုံပါပဲ။ စက်ဘီးမှာ ဂျီပီအက်စ်တက်ထားလို့ ငှါးတဲ့သူက ကုမ္ပဏီကတစ်ဆင့် အနီးအနားက စက်ဘီး ရှိတဲ့နေရာမှာ ယူစီးပြီး ရောက်တဲ့နေရာထားခဲ့ရုံပါ။ ဘေကျင်းမှာ အငှါးချထားတဲ့ စက်ဘီးစီးရေ နှစ်သန်းခွဲ ရှိတယ်လို့ သိရပါတယ်။  အဲဒီစက်ဘီး တွေကို ညဘက်ဆို ကားအကြီးကြီးနဲ့ လာသိမ်းပြီး မနက်ဆို ကားအကြီးကြီးနဲ့ လာပြန်ချသွားပါတယ်။ နီးနီးနားနား ဟိုနားဒီနား လွယ်လွယ်ကူကူသွားချင်တဲ့သူတွေကတော့ စက်ဘီးကို အားကိုးကြတာများပါတယ်။ ဒါ့ကြောင့် စက်ဘီးစီးပြီး သွားချင်တဲ့သူတွေနဲ့ ဆိုင်ကယ်စီးတဲ့သူတွေအတွက် တချို့ နေရာတွေမှာ သူတို့အတွက် လမ်းသပ်သပ်                    လုပ်ပေးထားပါတယ်။ အဲဒီလိုနေရာမျိုးဆို အဲဒီလမ်းတွေပေါ်ကပဲ စက်ဘီးရော ဆိုင်ကယ်ရော မောင်းကြ ပါတယ်။ ကားလမ်းမကြီးပေါ်မတက်ပါဘူး။ ဒီတော့ စက်ဘီးနဲ့ ဆိုင်ကယ်က သပ်သပ်လမ်းကနေသွားပြီး ကားတွေက လမ်းမကြီးပေါ်ကပဲ သွားကြပါတယ်။ မီးပွိုင့်လိုနေရာမျိုးပဲ လမ်းမကြီးပေါ်က ဖြတ်ပါတယ်။

လမ်းမထက်မှာ ကားတွေပဲမြင်ရလို့ မြန်မာပြည်က ဆူးလေမှတ်တိုင်လို ရုပ်ရှင်ရုံမှတ်တိုင်လို လူများတဲ့နေရာတွေက ကားမှတ်တိုင်တွေကို မြင်နေကြကျွန်မအတွက် အထူးအဆန်းကို ဖြစ်လို့ပါပဲ။ ဘေကျင်းမြို့က လမ်းမကြီးတွေ ပေါ်မှာတော့ စည်းစနစ်ကျလှသော စည်းကမ်းလိုက်နာကြသော သူတွေနဲ့ ယာဉ်တွေရော လူတွေပါ အားလုံး သူ့ဟာနဲ့သူ အဆင်ပြေနေတာလေးတွေက အတုယူစရာပါ။

ရန်ကုန်မြို့မှာလည်း နောက်နှစ်ဆို မိုးမျှော်တံတားတွေ ဆောက်တော့မယ်လို့ ကြားပါတယ်။ ဒါဟာ စိတ်ကူးယာဉ်မှုတစ်ခုပါလို့ တချို့တွေပြောကြပေမယ့် ကျွန်မကတော့ မိုးမျှော်တံတားတွေကို မျှော်လင့်မိ ပါတယ်။ စိတ်ကူးယဉ်မှုဆိုလည်း နိုင်ငံ့အတွက် ပြည်သူတွေအတွက် ကောင်းသောစိတ်ကူးယဉ်မှုဖြစ်တာမို့ ကြိုဆိုပါတယ်။ သူများနိုင်ငံတွေမှာ ဖြစ်အောင်လုပ်နိုင်ရင် ကျွန်မတို့နိုင်ငံကရော ဘာကြောင့်ဖြစ်အောင် မလုပ်နိုင်ပါသလဲ။ အထူးသဖြင့် စည်းကမ်းပိုင်း နည်းစနစ်ပိုင်းလေးကို ပြုပြင်လိုက်မယ်ဆိုရင် ယာဉ်ကြော ပိတ်ဆို့မှု အပါအ၀င် ယာဉ်ကြောကြပ်တည်းမှုပြသနာကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာပါ။

ကျွန်မတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေတိုးတက်တာကို ကျွန်မတို့တစ်တွေ ထိုင်ပြီး အားကျနေရုံနဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်လာမှာမဟုတ်ပါဘူး။ နည်းစနစ်အဟောင်းတွေ အတွေးအခေါ်အဟောင်းတွေကို ဖယ်ထုတ်ပြီး ကြိုးစားဖို့လိုပါတယ်။ ကျွန်တို့တစ်တွေ အတော်ကိုနောက်ကျကျန်နေခဲ့ပါပြီ။ အတုယူ စရာရှိတာကို အတုယူပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဖို့ လူတိုင်းမှာတာဝန်ရှိနေပါပြီ။ အထူးသဖြင့် လူတစ်ဦးချင်း တစ်ယောက် ချင်းစီကစပြီး သတ်မှတ်ထားတဲ့စည်းကမ်း သတ်မှတ်ထားတဲ့ နည်းစနစ်တွေကို သေချာလိုက်နာပြီး ဆောင်ရွက်ကြမယ်ဆိုရင် မဖြစ်နိုင်တဲ့အရာဆိုတာ ဘယ်အရာမှ ရှိမှာမဟုတ်ပါဘူး။ ကျွန်မတို့ လက်တွေ့ လုပ်ဆောင်ဖို့သာ လိုပါတယ်။

တရုတ်နိုင်ငံ မြို့တော်ဘေကျင်းမြို့ကို တည်ခဲ့တာ ဘီစီ ၁၁၂၂ ခုနှစ်ကတည်းကဆိုတော့ အခုဆို မြို့သက်တမ်းက နှစ်ပေါင်း ၃၀၀၀ ကျော်ကြာပါပြီ။ နှစ်ပေါင်း ၃၀၀၀ ကျော်ကြာပြီဖြစ်တဲ့ ဘေကျင်းမြို့ကတော့ စည်းစနစ်ကျလှစွာနဲ့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနေတဲ့ ခေတ်မီမြို့တော်ကြီးဖြစ်နေပါပြီ။ ဒါ့ကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးကနေ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားလာမှုက ၂၀၁၆ စာရင်းအရ ၄၃ သိန်းမက ရှိနေပါတယ်။ နိုင်ငံခြားခရီးသွားလာမှုတွေ ဘာ့ကြောင့် ဒီလောက် အထူးများပြားရပါသလဲ။ မြို့တော်ဘေကျင်းမှာ လည်ပတ်စရာနေရာတွေမျိုးစုံရှိလှသလို ပြည့်စုံ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ အဆင့်မြင့်သန့်ရှင်းသပ်ရပ်မှုနဲ့အတူ သက်တောင့်သက်သာ သွားလာနိုင်အောင် စီမံပေးထားမှုတွေက နေရာတကာစနစ်တကျရှိလို့လို့ဆိုရမှာပါ။ ဒါ့အပြိင် စည်းကမ်းလိုက်နာကြတဲ့ သူတို့ပြည်သူတွေက မြို့တော် ဘေကျင်းရဲ့ အလှကို ဂုဏ်တင့်နေစေတာလည်း တစ်ခု အပါအ၀င် ဖြစ်လို့နေမှာ  ကျိန်းသေပါတယ်။

                                             စုသက်မှူး (မရမ်းကုန်း)

   Webradio