• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် မျက်မြင်သက်သေ၊ ပါဝင်ဆောင်ရွက်ပြီး အောင်ကျိုးရလဒ် အတူမျှဝေခံစား

(GMT+08:00) 2018-12-20 12:12:50

၁၉၇၈ခုနှစ်က စတင်ပြုလုပ်ခဲ့သော တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် တရုတ်ပြည်ကို နက်ရှိုင်းစွာ ပြောင်းလဲစေပြီး ကမ္ဘာအပေါ်လည်း နက်ရှိုင်းသော သြဇာသက်ရောက်မှုရှိကြောင်း၊ ကျေးဇူးတင်စိတ်ရှိသော နိုင်ငံ တစ်နိုင်ငံ အနေနှင့် တရုတ်ပြည်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပြန်လည်သုံးသပ်ရာတွင် တရုတ်ပြည် အပေါ် အားပေးထောက်ခံမှုနှင့် ကူညီပံ့ပိုးမှု ပေးအပ်ခဲ့သော နိုင်ငံခြားသားများကို မေ့သွားမည် မဟုတ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ကျင်းပသော တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံ၌ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားရာတွင် တရုတ်ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှုနှင့် ခေတ်မီရေး ထူထောင်မှု ကို အရေးထားမှုနှင့် အားပေးထောက်ခံမှု ပေးအပ်သော နိုင်ငံခြား မိတ်ဆွေမှန်သမျှနှင့် နိုင်ငံ အသီးသီးမှ ပြည်သူများအား နှစ်နှစ်ကာကာ ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

၎င်းညီလာခံတွင် နိုင်ငံခြား မိတ်ဆွေ ၁၀ဦးကို "တရုတ် ပြုပြင်ပြောင်းလဲမှု ချစ်ကြည်ရေး ဆုတံဆိပ်"ကိုလည်း ချီးမြှင့်ခဲ့ကြောင်း၊ ၄င်းတို့တွင် SARSရောဂါနှင့် ကြက်ငှက်တုပ်ကွေး ရောဂါ အပါအဝင် ရှောင်တခင် ဖြစ်ပွားသည့် အများပြည်သူ ဆိုင်ရာ ကျန်းမာရေး ကိစ္စများနှင့် ရင်ဆိုင်ရာတွင် တရုတ်ပြည်အား ကူညီပံ့ပိုးမှု ပေးအပ်ခဲ့သော ပြင်သစ် နိုင်ငံသား အာလန် မေရီအေ၊ တရုတ် နိုင်ငံတော်ပိုင် စက်ရုံမှူးအဖြစ် အလုပ်ခန့်အပ်မှု ခံရသော ပထမဦးဆုံး နိုင်ငံခြားသား ဖြစ်သူ၊ ဂျာမဏီ နိုင်ငံသား ဗာနာ ဂရစ်ရှ်၊ ကမ္ဘာ့ စီးပွားရေးတွင် ပါဝင်ဆောင်ရွက်ရန် တရုတ်ပြည်အား ကူညီပံ့ပိုးမှု ပေးအပ်ခဲ့သော ဆွစ်ဇာလန် နိုင်ငံသား ကလောစ် ရှ်ဝတ်၊ တရုတ် အီလက်ထရွန်နစ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီပံ့ပိုးမှု ပေးအပ်ခဲ့သော ဂျပန် နိုင်ငံသား ကိုနိုစူကေ မာဆူရှီတာ၊ "တရုတ် ပုံစံ"ကို ခိုင်မာပြတ်သားစွာ အားပေးထောက်ခံသူ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၊ နိုင်ငံတကာ အိုလံပစ် အားကစားတွင် တရုတ်ပြည် ပြန်လည် ပါဝင်ရန် တွန်းအားပေးသည့် စပိန်နိုင်ငံသား ဆာမာရန်ချီစသည်တို့ ပါဝင်ကြောင်း၊ ၄င်းတို့ နိုင်ငံ အသီးသီးမှ ပုဂ္ဂိုလ်များသည် ဆေးဝါးကုသမှု၊ ကုန်ထုတ်လုပ်မှု၊ အီလက်ထရွန်နစ်၊ အားကစား၊ ဝန်ဆောင်မှု၊ နိုင်ငံရေးနှင့် စီးပွားဘဏ္ဍာရေး စသည့် နယ်ပယ်များတွင် လုပ်ကိုင်ဆောင်ရွက်သူဖြစ်ပြီး တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ကိုယ်တွေ့မျက်မြင်သူနှင့် အကျိုးပြု စွမ်းဆောင်သူလည်း ဖြစ်ကြောင်း၊ ၄င်းတို့သည် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် အကျိုးပြု စွမ်းဆောင်ကြသည့် ထောင်နှင့်ချီသော နိုင်ငံခြားသားများတွင် ထူးချွန်သည့် ကိုယ်စားပြုသူ များဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ဖွံ့ဖြိုးတိုးတက်နေသော တရုတ်ပြည်သည် ကမ္ဘာအတွက် အကျိုးများစွာ ဆောင်ကြဉ်း လာခဲ့ကြောင်း၊ ဥပမာ ပြောရလျှင် အလွန်ကြီးမားသည့် တရုတ်ဈေးကွက်သည် နိုင်ငံတကာ ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးမှုသစ် ဖြစ်ပြီး လွန်ခဲ့သည့် နှစ်များတွင် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်ပြည်၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ရာခိုင်နှုန်း ၃၀ကျော် ရှိကြောင်း၊ ၂၀၁၃ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ တရုတ်ပြည်မှ Belt and Road တစ်လျှောက်လုံးက နိုင်ငံများတွင် တည်ဆောက်ခဲ့သော စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နယ်သည် ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင်နေရာ ၂သိန်းကျော်ကို ဖန်တီးပေးခဲ့ကြောင်း၊ ၂၀၀၄ခုနှစ်မှ ယခုအထိ တရုတ်ပြည်သည် စုစုပေါင်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကြိမ် ၃၀၀ကျော် ပေးအပ်ခဲ့ပြီး နှစ်စဉ် ပျမ်းမျှတိုးနှုန်းမှာ ၂၉့၎ရာခိုင်နှုန်း ရှိကြောင်း၊ တရုတ်ပြည်သည် ဖွံ့ဖြိုးမှု နည်းပါးသည့် နိုင်ငံများ၏ တရုတ်ယွမ်ငွေ ဘီလီယံ ၃-၄ဆယ်ဖိုးရှိသော ကြွေးမြီများကို ကင်းလွတ်ခွင့်ပေးပြီး အာဖရိက နိုင်ငံများအား ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ထက်မနည်းကိုလည်း ပေးအပ်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဝန်ထမ်း ၃-၄သိန်း အတွက် သင်ကြားပျိုးထောင်မှု ပေးခဲ့ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြည်သည် နိုင်ငံတကာ မိသားစုကြီးမှ အသိအမှတ်ပြုကြသော ကမ္ဘာငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြု စွမ်းဆောင်သူနှင့် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်သူ ဖြစ်လာပြီ ဖြစ်သည်ဟု ပြောကြားကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခု တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် ထပ်မံတာထွက်နေကြောင်း၊ တရုတ်ပြည်သည် လူဦးရေ ၁့၎ဘီလီယံရှိသော အလွန်ကြီးမားသည့် ဈေးကွက်နှင့် ဆန်းသစ်တီထွင်ရေးရှိပြီး အဆက်မပြတ် ကောင်းမွန်လာသော စီးပွားကုန်သွယ်ရေး လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှိ၍ နိုင်ငံခြားသားနှင့် နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများ အတွက် ဖန်တီးပေးမည့် ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာနှင့် အခွင့်ကောင်းသည် လွန်ခဲ့သည့် နှစ်၄၀တုန်းကထက် ပိုမိုကြီးမားများပြားမည် ဖြစ်ကြောင်း၊ တရုတ်ပြုပြင် ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အကြိမ်သစ်တွင် ပါဝင်ဆောင်ရွက်ပြီး အောင်ကျိုးရလဒ်များကို အတူ မျှဝေခံစားကြ ခြင်းသည် နိုင်ငံခြားသားနှင့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီ အားလုံး အတွက် လက်လွှတ်မခံ နိုင်သော အခွင့်ကောင်းဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio