• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် ပိုမိုကြီးမားသည့် အံ့ချီးဖွယ်ရာများကို ဖန်တီးပေးမည်

(GMT+08:00) 2018-12-19 10:23:11

ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ကျင်းပသော တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားရာ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခြင်း ဖြစ်စဉ်၊ ရရှိသော အောင်ြမင်မှု၊ အနက်အဓိပ္ပါယ်နှင့် အဖိုးတန်သည့် အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး ခေတ်ကာလ သစ်တွင် တရုတ် ကွန်မြူနစ်ပါတီဝင်နှင့် ပြည်သူတစ်ရပ်လုံး အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ဆက်လက် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် စာလုံးပေါင်း တစ်သောင်းကျော် ရှိပြီး အတွေးအခေါ်နှင့် သဘောတရား၊ စီးပွားရေး တည်ဆောက်မှု၊ ဒီမိုကရေစီ နိုင်ငံရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ စားဝတ်နေရေး ကောင်းမွန်လာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီရေး၊ ငြိမ်းချမ်းရေးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး၊ ငြိမ်းချမ်းစွာ သံတမန်ရေး၊ ပါတီ တည်ဆောက်ရေး အပါအဝင် နယ်ပယ်၁၀ခုမှ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း ရရှိခဲ့သော သမိုင်းဝင် အောင်မြင်မှုများကို ပေါင်းရုံး သုံးသပ်ခဲ့ကြောင်း၊ ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် တရုတ်ပြည်၏ အသွင်းအပြင်၊ တရုတ် အမျိုးသား၏ အသွင်အပြင်၊ တရုတ်ပြည်သူများ၏ အသွင်အပြင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ အသွင်အပြင်ကို ကြီးမားစွာ ပြောင်းလဲစေခဲ့ကြောင်း အလေးထား ပြောကြားသည်။ ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် အချက်အလက် ကြွယ်ဝပေါများပြီး ပွင့်လင်းမှု နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကာ တရုတ် ထိပ်သီး ခေါင်းဆောင်နှင့် ပြည်သူများ အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ဇောက်ချပြုလုပ်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှုကို ပြသနေကြောင်း စီအာအိုင်က ဖော်ပြသည်။

ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် ကြီးမားသော အောင်မြင်မှု ရရှိသည့် အကြောင်းရင်းမှာ တရုတ် ကွန်မြူနစ်ပါတီ တစ်ရပ်လုံးနှင့် တစ်ပြည်လုံးရှိ တိုင်းရင်းသား လူမျိုးစုများမှ ပြည်သူများ၏ အပတ်တကုတ် အလုပ်လုပ်တတ်ခြင်း၊ ဥာဏ်စွမ်းဥာဏ်စနှင့် သတ္တိဖြင့် ကြိုးပမ်းဖော်ဆောင်မှုများကြောင့် ဖြစ်ကြောင်း ပြောကြားသည်။ ရှီကျင့်ဖိန်သည် နယ်ပယ် ၉ခုမှ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် ရရှိခဲ့သော အဖိုးတန်သည့် အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး ယင်း အတွေ့အကြုံများသည် အနာဂတ်တွင် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း၌ စွဲကိုင်ရမည့် အလွန်အရေးကြီးသော လမ်းညွှန်မှု အခြေခံမူများ ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

ယင်းအဖိုးတန်သည့် အတွေ့အကြုံများတွင် လုပ်ငန်းမှန်သမျှ အပေါ် တရုတ် ကွန်မြူနစ်ပါတီမှ ဦးဆောင်မှုကို စွဲကိုင်ရခြင်း၊ ပြည်သူများကို ဗဟိုပြုခြင်း၊ မာ့က်စ်ဝါဒ၏ လမ်းညွန်မှု၊ တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် လမ်းကြောင်း၊ တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် စနစ်ကို ကောင်းမွန်ပြည့်စုံစေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ထိပ်ဆုံးနေရာတွင် ထားခြင်း၊ တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်ခြင်း၊ ပါတီကို ဘက်စုံ တင်းတင်းကျပ်ကျပ် စီမံအုပ်ချုပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှု အကြားရှိ ဆက်ဆံမှုကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းခြင်း စသည်များ ပါဝင်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုတွင် တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် အစပျိုးစအချိန်သစ်တွင် ရှိနေကြောင်း၊ တစ်ဖက်က တရုတ်ပြည်သည် ၂၀၂၀ပြည့်နှစ်တွင် အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ပြီးစီးရန်၊ ၂၀၃၅ခုနှစ် ရောက်လျှင် ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံ အားဖြင့် အကောင်အထည်ဖော်ရန်နှင့် ၂၁ရာစုနှစ် အလယ်ပိုင်းတွင် ဆိုရှယ်လစ် ခေတ်မီရေး နိုင်ငံကို ဘက်စုံတည်ဆောက်ပြီးစီးရန် ရည်မှန်းချက်များကို ချမှတ်ခဲ့ကြောင်း၊ နောက်တစ်ဖက်ကတော့ တစ်ကမ္ဘာလုံးတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေး၊ တစ်ဖက်သတ်ဝါဒနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်းတို့ ဦးမော့လာခြင်းကြောင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြင်ပ အခြေအနေတွင် မရေမရာဖြစ်မှု တိုးလာနေကြောင်း၊ ၄င်းအခြေအနေမျိုးတွင် တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ထပ်မံတာထွက်ခြင်းသည် ရှုပ်ထွေးမှု၊ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ သို့သော် တရုတ်ပြည်သူများသည် ယုံကြည်ကိုးကွယ်မှု၊ ယုံကြည်ခံယူချက်ကို စွဲကိုင်ပြီး အားသွန် ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်မှုများဖြင့် လာမည့် နှစ်ပေါင်း ၄၀နှင့် ပိုမိုရှည်ကြာသည့် အချိန်ကာလတွင် ပိုမိုကြီးမားသည့် အံ့ချီးဖွယ်ရာများကို ဖန်တီးပေးမည်ဟု ယုံကြည် ကြောင်း စီအာအိုင်က ဖော်ပြသည်။

 

   Webradio