• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ထပ်မံတာထွက်၊ ရှုထောင့်၃ခုမှနေပြီး တရုတ်ပြည်ကို သိရှိနားလည်

(GMT+08:00) 2018-12-18 10:49:13

တတိယအကြိမ် "Understanding China" နိုင်ငံတကာ အစည်းအဝေးကို ယခုလ ၁၆ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေး၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်ကို အခြားနိုင်ငံများက သိရှိနားလည်မှု တိုးပွားစေရန်နှင့် တရုတ်နှင့် အခြား နိုင်ငံများ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် ဖြစ်ကြောင်း၊ "Understanding China" နိုင်ငံတကာ အစည်းအဝေးကို ၂၀၁၃ခုနှစ်နှင့် ၂၀၁၅ခုနှစ်က ၂ကြိမ် ကျင်းပခဲ့ဖူးကြောင်း၊ ကမ္ဘာပေါ်က နာမည်ကျော် နိုင်ငံရေး သမား၊ မဟာဗျူဟာသမားနှင့် လုပ်ငန်းရှင် ၄၀ခန့် အပါအဝင် ပုဂ္ဂိုလ် ၆၀၀ခန့်သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ရာ တရုတ်ပြည် အနေနှင့် ပြုပြင်ပြောင်းလဲမှုကို ဆက်လက် ဘက်စုံဇောက်ချပြုလုပ်ပြီး တံခါးဖွင့်မှုကို ဆက်လက် ဘက်စုံ တိုးချဲ့ကာ ဖွံ့ဖြိုးတိုးတက်ရေး ကြံဆချက်သစ်ကို စွဲကိုင်ကျင့်သုံး၍ တရုတ် စီးပွားရေး ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးပြီး ကမ္ဘာ့ အတွက် ပိုမိုများပြားသော ပူးပေါင်း ဆောင်ရွက်ရေး အခွင့်ကောင်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

အနောက်နိုင်ငံများသည် တရုတ်ပြည်ဟာ မည်သည့် နိုင်ငံမျိုး ဖြစ်သလဲ ဟူသော မေးခွန်းကို ထုတ်သည်။ ယင်းမေးခွန်းနှင့် ပတ်သက်၍ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေး လုပ်ငန်း ကော်မရှင်ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီက ယခုအကြိမ် Understanding China" နိုင်ငံတကာ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြည် အနေနှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အတူ အောင်မြင်မှုများ ရရှိရေး တွန်းအားပေးခြင်း၊ တရားမျှတရေးကို တလျှောက်လုံး စွဲကိုင်ပြီး ယေဘုယျ လုံခြုံရေးကို တလျှောက်လုံး တိုက်တွန်းကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် တရုတ်ပြည်၏ ယင်းမူများစွဲကိုင်ခြင်းနှင့် တိုက်တွန်းချက်များ ရှုထောင့်မှနေပြီး တရုတ်ပြည်ကို သိရှိနားလည်နိုင်ကြောင်း ပြောကြားသည်။

တရုတ် အမျိုးသား ဆန်းသစ်တီထွင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ သုတေသန ဌာန ဌာနမှူး ကျင့်ဘိကျန်းက ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သော နှစ်ပေါင်း ၄၀အတွင်း တရုတ်ပြည်သည် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း လုပ်စရာ များစွာ ရှိနေသေးကြောင်း၊ ဥပမာ ပြောရမည်ဆိုလျှင် တစ်ဖက်က ယခု တရုတ်ပြည်သည် ကမ္ဘာပေါ်က ကုန်ထုတ်လုပ်မှု နိုင်ငံကြီး ဖြစ်ကြောင်း၊ နောက်တစ်ဖက်ကတော့ တရုတ်ပြည်၏ ကုန်ထုတ်လုပ်မှုသည် အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်တွင် ရှိနေသေးကြောင်း၊ ထို့ကြောင့် တရုတ် ပြုပြင်ပြောင်းလဲမှု ထပ်မံတာထွက်ခြင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း၄၀အတွင်း ရရှိခဲ့သော သမိုင်းဝင် တိုးတက်မှု၏ အခြေခံပေါ်တွင် ထပ်မံတာထွက်ခြင်းဖြစ်သလို လူမှုရေး အဓိက ပဋိပက္ခသစ် ရင်ဆိုင်နေရသည့် အခြေခံပေါ်တွင် ထပ်မံတာထွက်ခြင်းလည်း ဖြစ်ကြောင်း ပြောကြားသည်။

ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်သူများက တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သည် ၁၉ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ ညီလာခံတွင် ချမှတ်ခဲ့သော အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပင် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် ၂၀၂၀ပြည့်နှစ်တွင် အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ပြီးစီးရန်၊ ၂၀၃၅ခုနှစ် ရောက်လျှင် ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံ အားဖြင့် အကောင်အထည်ဖော်ရန်နှင့် ၂၁ရာစုနှစ် အလယ်ပိုင်းတွင် ချမ်းသာတောင့်တင်း ဒီမိုကရေစီနှင့် ယဉ်ကျေးမှုရှိကာ သင့်မြတ်သာယာသော ဆိုရှယ်လစ် ခေတ်မီရေး နိုင်ငံဖြစ်ရန် ယူဆကြသည်ဟု စီအာအိုင်က ဖော်ပြသည်။

ယခုအကြိမ် အစည်းအဝေးသည် အနောက်နိုင်ငံများက တရုတ်ပြည်ကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်ရန် အတွက် အထောက်အကူ ဖြစ်မည့် အပြင်၊ ကမ္ဘာကို အကျိုးများ ရရှိစေမည် ဖြစ်ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

   Webradio