• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု သက်တံ့တွေ့

(GMT+08:00) 2018-11-21 15:22:47

ဖိလစ်ပိုင်တွင် တရားဝင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ရက်နေ့က ဖိလစ်ပိုင် သမ္မတ ဒူတာတေးနှင့် တွေ့ဆုံဆွေးနွေး ရာတွင် နှစ်နိုင်ငံ ဆက်ဆံမှု အနာဂတ်ရေးကို အတူ စီမံချမှတ်ပြီး တရုတ်-ဖိလစ်ပိုင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ထားရှိမည်ဟု တညီတညွတ် တည်းဆုံးဖြတ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၀၅ခုနှစ်က တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ရည်ရွယ်ထားသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် ပြင်ပနိုင်ငံများမှ လှုံ့ဆော်သော တောင်ပင်လယ် အငြင်းပွားမှု၏ ဂယက်ရိုက်ခတ်မှု၊ အထူးသဖြင့် ယခင် ဖိလစ်ပိုင် အစိုးရမှ တစ်ဖက်သတ် တင်ပြသော တောင်ပင်လယ် အနုညာတမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံမှု ပြောင်းလဲပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု တည်ဆောက်ရန် ကြိုးပမ်းမှုလည်း ရပ်ဆိုင်းလိုက်ရကြောင်း စီအာအိုင်က ဖော်ပြသည်။

၂၀၁၆ခုနှစ်က သမ္မတ ဒူတာတေး ဖိလစ်ပိုင် သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် နောက်ပိုင်းတွင် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် သံတမန်းရေး မူဝါဒကို ကျင့်သုံးကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံတို့သည် တိုင်ပင်ဆွေးနွေးခြင်းဖြင့် တောင်ပင်လယ် ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရေး လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ရှီကျင့်ဖိန်နှင့် ဒူတာတေးတို့သည် တွေ့ဆုံဆွေးနွေးပွဲ ၆ကြိမ်တိုင်တိုင် ကျင်းပခဲ့ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ လက်တွဲ ဦးဆောင်မှု ဖြင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပြီ ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အခြေခံ အဆောက်အအုံ တည်ဆောက်ရေး နယ်ပယ်တွင် တရုတ်ပြည်သည်"အခြေခံ အဆောက်အအုံ အတိုင်းအတာ ကြီးမားစွာ တည်ဆောက်ရေး စီမံကိန်း"ကို အမြုတေ ထားသော သမ္မတ ဒူတာတေး၏ အမျိုးသား စီးပွားရေး မဟာဗျူဟာကို အင်တိုက် အားတိုက် အားပေးထောက်ခံကြောင်း၊ လွန်ခဲ့သည့် ၂နှစ်က သမ္မတ ဒူတာတေး ပီကင်းတွင် ခရီးလှည့်လည်ရာ၌ နှစ်နိုင်ငံတို့ ကန်ဒေါ်လာ ၂၄ဘီလီယံဖိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း၊ ၄င်းစာချုပ်များသည် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို အဓိကထားကြောင်း၊ လွန်ခဲ့သည့် ၂နှစ် အတွင်း တရုတ်-ဖိလစ်ပိုင် စီးပွားကုန်သွယ်ရေး ဆက်ဆံမှုတွင် ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ကြောင်း၊  တရုတ်ပြည်သည် ဖိလစ်ပိုင်၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် အကြီးဆုံး ပို့ကုန် ဈေးကွက် ဖြစ်လာပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၇ခုနှစ်က နှစ်နိုင်ငံ၏ ကုန်သွယ်မှု ပမာဏသည် ကန်ဒေါ်လာ ဘီလီယံ ၅၀ကို ပထမဆုံး အကြိမ် ကျော်လွန်ခဲ့ကြောင်း၊ ထို့အပြင်၊ လုံခြုံရေး နယ်ပယ်တွင် တရုတ်ပြည်သည် ဒူတာတေး ဦးဆောင်သော မူးယစ်ဆေးဝါးနှင့် အကြမ်းဖက် မှုတိုက်ဖျက်ရေး လုပ်ငန်း အပေါ် ခိုင်မာပြတ်သားစွာ အားပေးထောက်ခံကြောင်း၊ နှစ်နိုင်ငံ၏ ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုလည်း အဆက်မပြတ်  တိုးပွားလာကြောင်း၊ ပြောသင့်သည့် တစ်ချက်က ယခုလ ၂၀ရက်နေ့က ရှီကျင့်ဖိန်နှင့် ဒူတာတေးတို့သည် "Belt and Road တည်ဆောက်မှု အတူ တွန်းအားပေးရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ"နှင့် "ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖော်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ" အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုး ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းစာချုပ်များ တွင် "ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖော်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ" အပေါ် လူအများ အလွန် အာရုံစူးစိုက်နေကြကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်ပင်လယ်တွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများ ရှိသည်၊ ရင်းနှီးစွာ တိုင်ပင် ဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုများကို စီမံထိန်းချုပ်ရန် ဆက်လက်ကြိုးပမ်းနိုင်ပြီး လက်တွေ့ကျသော ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် ပြည်သူများ၏ ချမ်းမြေ့သာယာမှု အတွက် အကျိုးပြု စွမ်းဆောင်မည်ဟု ပြောကြားကြောင်း၊ သမ္မတ ဒူတာတေးက လွန်ခဲ့သည့် ၁၃နှစ် အတွင်း တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ အနေနှင့် ဖိလစ်ပိုင်သို့ ပထမ အကြိမ် ခရီးလှည့်လည်ခြင်းသည် သမိုင်းဝင် အနက်အဓိပ္ပါယ်ရှိပြီး နှစ်နိုင်ငံ ဆက်ဆံမှု အတွက် အရေးကြီး ခရီးမှတ်တိုင် ဖြစ်ကာ နှစ်နိုင်ငံ မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည် ဖြစ်သည်ဟု ပြောကြားကြောင်း စီအာအိုင်က ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ဖိလစ်ပိုင် ခရီးစဉ်သည် တရုတ်-ဖိလစ်ပိုင် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ တရုတ်နှင့် အာဆီယံ သက်ဆိုင်ရာ နိုင်ငံများ အကြား လက်တွေ့ကျသော ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး အတွက် စံနမူနာကို စိုက်ထူလိုက် ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

   Webradio