• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ဘရူနိုင်းတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ထားရှိ

(GMT+08:00) 2018-11-20 15:45:11

ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် တတိယ အကြီးဆုံး ရေနံထွက်နိုင်ငံနှင့် ကမ္ဘာပေါ်တွင် စတုတ္ထ အကြီးဆုံး သဘာဝ ဓါတ်ငွေ့ထွက် နိုင်ငံဖြစ်သည်။ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသည် ဘရူနိုင်း အမျိုးသား စီးပွားရေးတွင် ရာခိုင်နှုန်း ၆၀ခန့် ရှိသည်။ မကြာခင်နှစ်များက နိုင်ငံတကာ ဈေးကွက်တွင် ရေနံ ဈေးနှုန်း ကျဆင်းသွားခြင်းကြောင့် ဘရူနိုင်း စီးပွားရေးသည် ဆိုးရွားသည့် ထိခိုက်မှု ခံရကြောင်း၊ ၂၀၁၈ခုနှစ် နှစ်ဆန်းက Citiဘဏ်နှင့် HSBCဘဏ်သည် ဘရူနိုင်းတွင် ငွေကြေးလုပ်ငန်းကို ရှေ့ဆင့်နောက်ဆင့် ရပ်စဲခဲ့ကြောင်း၊ သို့သော် တရုတ်ဘဏ်သည် အနောက်နိုင်ငံများ၏ ဘဏ်များကို အထားထိုး၍ ဘရူနိုင်းတွင် ငွေကြေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၁၉၉၁ခုနှစ်က တရုတ်နှင့် ဘရူနိုင်းသည် သံတမန် ဆက်ဆံရေး ထားရှိခဲ့ကြောင်း၊ ၂၀၁၃ခုနှစ်က နှစ်နိုင်ငံသည် နှစ်ဖက် ဆက်ဆံမှုကို မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး ဆက်ဆံမှု အဖြစ် တိုးမြှင့်ခဲ့ကြောင်း၊ ထိုနှစ်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် Belt and Road အဆိုပြုချက်ကို တင်ပြပြီး ဘရူနိုင်းသည် ၄င်းအဆိုပြုချက်ကို တက်ကြွစွာ တုံ့ပြန်၍ အားပေးထောက်ခံကြောင်း၊ Belt and Road အဆိုပြုချက်နှင့် ဘရူနိုင်း ၏"၂၀၃၅မျှော်မှန်းချက်"(Wawasan 2035)ကို ညီညွတ်စေရေးအား  တွန်းအားပေးရန် အတွက် နှစ်နိုင်ငံတို့သည် နားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြကြောင်း၊ Belt and Roadသည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးမှုသစ် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ပထမအချက်က ဘရူနိုင်းနှင့် အခြား အာဆီယံ နိုင်ငံများသည် တရုတ်ပြည်မှ ကမကထပြုသော အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် စတင်တည်ထောင်ရေး အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြကြောင်း၊ ဒုတိယ အချက်ကတော့ မကြာခင် နှစ်များက နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ လက်ရှိအချိန်တွင် ဘရူနိုင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော တရုတ် ကုမ္ပဏီ တစ်နေ့တခြား များပြားလာကြောင်း၊ တတိယ အချက်က တရုတ်ပြည်သည် ဘရူနိုင်း၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတွင် ပိုမိုတက်ကြွစွာ ပါဝင် ဆောင်ရွက်နေကြောင်း၊ စတုတ္ထအချက် ကတော့ နှစ်နိုင်ငံ၏ ယဉ်ကျေးမှု ကူးလူးဖလှယ် ရေးသည် တစ်နေ့တစ်ခြား နွေးထွေးလာကြောင်း၊ ၂၀၀၃ခုနှစ်က တရုတ်သည် ဘရူနိုင်း နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးသလို ၂၀၁၆ခုနှစ်က ဘရူနိုင်းသည် တရုတ် နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာခွင့် ပေးကြောင်း၊ ယမန်နှစ်က ဘရူနိုင်းရောက် တရုတ် ခရီးသည် ဦးရေမှာ ၅သောင်း၂ထောင်ရှိပြီး စံချိန်သစ် တင်ကာ ဘရူနိုင်းရှိ နိုင်ငံခြား ခရီးသည်များတွင် အများဆုံး ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ဘရူနိုင်းတွင် တရားဝင် ခရီးလှည့်လည်ကြောင်း၊ နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ရှီကျင့်ဖိန်နှင့် ဘရူနိုင်း ဆာလဒန် ဘုရင် ဟာဆာနယ်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှုကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုမှ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသို့ တိုးမြှင့်မည်ဟု တညီတညွတ်တည်း ဆုံးဖြတ်ကြကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် ၅နှစ် အတွင်း နှစ်နိုင်ငံ ဆက်ဆံမှု တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်သည့် အလားအလာနှင့် ကိုက်ညီပြီး နှစ်နိုင်ငံ ဆက်ဆံမှုကို အဆင့်သစ်သို့ တွန်းအားပေးလိမ့်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ဘရူနိုင်း ဆိုင်ရာ တရုတ် သံအမတ်ကြီး ယန်ကျန့်က မကြာခင်က ဆောင်းပါး တစ်ပုဒ် ရေးသားရာတွင် တရုတ်နှင့် ဘရူနိုင်းသည် နိုင်ငံကြီးနှင့် နိုင်ငံငယ် အကြား တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ အတူ အောင်မြင်မှု ရရှိရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စံနမူနာ စိုက်ထူနေကြောင်း ဖော်ပြသည်။

   Webradio