• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားတွင် ပြင်းထန်စွာ ငလျင်လှုပ်ခတ်

(GMT+08:00) 2018-09-29 15:26:09

ဒေသစံတော်ချိန် ယခုလ ၂၈ရက်နေ့ ညနေပိုင်းက အင်ဒိုနီးရှား စူလာဝေစီကျွန်းတွင် ရစ်ခ်ျတာ့စကေး ၇့၅အဆင့်ရှိ ပြင်းထန်သော ငလျင်လှုပ်ခတ်ပြီး ၂မီတာမြင့်သော ငလျင်ဒီရေလှိုင်း ဖြစ်ပွားခဲ့သောကြောင့် မြို့၂မြို့ထက်မနည်း ထိခိုက်မှု ခံရပြီး အိုးအိမ် များစွာ ပျက်စီးသွားကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၎င်းငလျင်လှုပ်ခတ်မှုသည် ဒေသ စံတော်ချိန် ၂၈ရက်နေ့ ညနေ ၅နာရီ ၂မိနစ်အချိန်တွင် ဖြစ်ပွားပြီး ငလျင်ဗဟိုအချက်သည် အလယ်စူလာဝေစီ ပြည်နယ် ဒုန်ဂါလာခရိုင် ကုန်းတွင်းပိုင်းအတွင်းရှိ မြေအောက် ၁၁ကီလိုမီတာ အနက်တွင် ရှိကြောင်း၊ ငလျင်ကြီး ဖြစ်ပွားပြီးနောက် အင်ဒိုနီးရှား မြေငလျင် ရေးရာဌာနသည် ငလျင် ဗဟိုအချက်၏ အနီးအနားတွင် ရစ်ခ်ျတာ့စကေး ၅အဆင့်ထက်ပိုမြင့်သော နောက်ဆက်တွဲ ငလျင်ငယ် ၅ကြိမ်ထက်မနည်းကို မှတ်တမ်းတင်ခဲ့ကြောင်း၊ ဒုန်ဂါလာနှင့် အလယ်စူလာဝေစီပြည်နယ် ပါလူကျွန်းသည် ဆူနာမီ၏ ထိခိုက်မှု ခံရကြောင်း၊ ပါလူသည် ငလျင်ဗဟိုအချက်နှင့် ကီလိုမီတာ ၈၀ခန့် ကွာဝေးပြီး လူဦးရေ ၃သိန်း၅သောင်းခန့် ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျမှုနှင့် မီးပြတ်ခြင်း ဖြစ်ပွားကြောင်း၊ အင်ဒိုနီးရှား အမျိုးသား ဘေးအန္တရာယ် ရင်ဆိုင်ရေး ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စူတိုပိုက ယခုအကြိမ် ငလျင်လှုပ်ခတ်မှုနှင့် ဆူနာမီကြောင့် လူသေကြေ အနာတရ ဖြစ်မှုရှိကြောင်း၊ လူသေကြေ ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးနစ်နာမှု အခြေအနေ ဆိုင်ရာ စာရင်းကောက်ယူမှု လုပ်ငန်းကို ပြုလုပ်နေသည်ဟု ပြောကြားကြောင်း သိရသည်။

   Webradio