• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂြိုဟ်တု အသုံးပြုမှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်နှင့် အာဆီယံ ဆွေးနွေး

(GMT+08:00) 2018-09-14 15:02:17

တရုတ်-အာဆီယံ သတင်းအချက်အလက် အချက်အချာ ဂြိုဟ်တု အသုံးပြုမှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တရုတ်ပြည် နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည်။ ယခုအကြိမ် ဖိုရမ်သည် အာကာသ အပြန်အလှန် ဆက်သွယ်ရေး၊ ဆန်းသစ်တီထွင်ရေးနှင့် အတူ အောင်မြင်မှု ရရှိရေး"ကို ဆောင်ပုဒ် အဖြစ် ထားပြီး ဂြိုဟ်တု ဆက်သွယ်ရေးနှင့် ပေတို-ဂြိုဟ်တု လမ်းကြောင်းပြ စနစ်၏ နည်းပညာ ဆန်းသစ်တီထွင်ရေး၊ ရောနှော ပေါင်းစပ်ရေး၊ အသုံးပြုရေးနှင့် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စသည့် အရေးကြီး ခေါင်းစဉ်များ နှင့်ပတ်သက်၍ အလေးထား ဆွေးနွေးပြီး ဂြိုဟ်တု အသုံးပြုရေး နယ်ပယ်တွင် တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား နက်ရှိုင်းစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက် နိုင်အောင် တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပေတို-ဂြိုဟ်တု လမ်းကြောင်းပြခြင်း စနစ်၏ ဒုဒီဇိုင်းဆရာချုပ်၊ တရုတ် ဂြိုဟ်တု လမ်းကြောင်းပြ စနစ် စီမံခန့်ခွဲရေးရုံး ဒါရိုက်တာချုပ် ရန်ချင်ချီက ၂၀၂၀ပြည့်နှစ်တွင် ပေတို-ဂြိုဟ်တု လမ်းကြောင်းပြခြင်း စနစ်သည် တစ်ကမ္ဘာလုံး အတွက် ဝန်ဆောင်မှု ပေးနိုင်စွမ်းရှိပြီး ကမ္ဘာ့ ပထမအဆင့် တစ်ကမ္ဘာလုံး ဂြိုဟ်တု လမ်းကြောင်းပြ စနစ်ကို တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ် သိပ္ပံပညာ အကယ်ဒမီ အသင်းဝင် ယန်ယွမ်ရှီက တရုတ်ပြည်၏ ကိုယ်ပိုင် ပညာမူပိုင်ခွင့်ရှိသည့် ပေတို-ချစ်(ပ်)ပြားစသည်များသည် လမ်းပန်းဆက်သွယ်ရေး၊ မိုးလေဝသ၊ ငါးဖမ်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အပါအဝင် လုပ်ငန်းနယ်ပယ် များနှင့် အများပြည်သူ့ စားသုံးမှု နယ်ပယ်တွင် အသုံးပြုမှုကို အကောင်အထည်ဖော် ခဲ့ကြောင်း၊ သိမ်မွေ့တိကျမှု ဒီဂရီ မြင့်မားသည့် ပေတို-ပစ္စည်း ကိရိယာများကို Belt and Road တလျှောက်ရှိ နိုင်ငံနှင့် ဒေသ ၃၀ကျော် အပါအဝင် ကမ္ဘာပေါ်တွင် နိုင်ငံနှင့် ဒေသ ၇၀ကျော်သို့ တင်ပို့ရောင်းချခဲ့ကြောင်း ပြောကြားသည်။

၎င်းဖိုရမ်တွင် ဘက်အသီးသီးတို့သည် သဘောတူညီမှု များစွာ ရရှိပြီး တရုတ်- အာဆီယံ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး တတ်သိပညာရှင်များ အဖွဲ့ မဟာမိတ် ဖွဲ့စည်းရန် အဆိုပြုချက်ကို တင်ပြပြီး တရုတ်-ကမ္ဘောဒီးယား ဂြိုဟ်တု လမ်းကြောင်းပြ  အသုံးပြုမှု၊ တရုတ်-ထိုင်း တက္ကစီ စီမံခန့်ခွဲရေး စသည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် စာချုပ်များကို ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

 

   Webradio