• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အာဆီယံသည် မြို့ပြပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်

(GMT+08:00) 2018-09-12 11:02:18

တရုတ်နှင့် အာဆီယံ နိုင်ငံများမှ မြို့တော်ဝန်နှင့် အခြားဧည့်သည်တော် ၃၀၀ခန့်သည် ယခုလ ၈ရက်နေ့နှင့် ၉ရက်နေ့က တရုတ်ပြည် နန်နင်းမြို့တွင် ကျင်းပခဲ့သည့် တရုတ်- အာဆီယံ မြို့တော်ဝန် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊  ယင်း၂ရက် အတွင်း ၄င်းတို့ သည် "ဆန်းသစ်တီထွင်သော တရုတ်-အာဆီယံ မြို့ပြ ပူးပေါင်းဆောင်ရွက်ရေး"ဟူသော ဆောင်ပုဒ်ဖြင့် ဒေသတွင်း ရောနှောပေါင်းစပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းသစ် များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၎င်းဖိုရမ်တွင် ဖိလစ်ပိုင် စန်မာတယ်အိုမြို့ မြို့တော်ဝန် ကရီစတီနာ ဒီယာဇ်က မိမိတို့သည် ယခုအကြိမ် ဖိုရမ်ဖြင့် တရုတ်မြို့ပြများ အပေါ် သိရှိနားလည်မှုနှင့် ချစ်ကြည်မှု ကို နက်ရှိုင်းစေပြီး တည်ငြိမ်သော မိတ်ဆွေဖြစ် ဆက်ဆံမှုကို ထားရှိကာ လယ်ယာ စိုက်ပျိုးရေး၊ ခရီးသွားနှင့် မြို့ပြတည်ဆောက်ရေး စသည့် နယ်ပယ်များတွင် အပြန်အလှန် နည်းယူလေ့လာရေးကို တိုးမြှင့်၍ ဆန်းသစ်တီထွင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဒုမြို့တော်ဝန် ပါနူရိုဂျာနာဗာစူက မြို့ပြ ပူးပေါင်းဆောင်ရွက်မှု ကို အားဖြည့်ဆောင်ရွက်ပြီး ပြည်သူများအကြားရော၊ လုပ်ငန်းကုမ္ပဏီများ အကြားပါ ကူးလူးဖလှယ်မှုကို တိုးမြှင့်ခြင်းသည် အကျိုးများကို လက်တွေ့ ဆောင်ကြဉ်းလာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်ပြည် ကွမ်ရှီးပြည်နယ် ကွေ့လင်မြို့ မြို့တော်ဝန် ချင်ချွန်းချင်က နိုင်ငံတကာ ခရီးသွားမြို့ တစ်မြို့ဖြစ်သည့် အနေနှင့် ကွေ့လင်သည် အာဆီယံ မြို့များနှင့် ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကွေ့လင်သည် အာဆီယံ ၆နိုင်ငံနှင့် လေကြောင်းလိုင်း ၇လိုင်းကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ အာဆီယံ မြို့များနှင့် အကြား အပြန်အလှန် ဆက်သွယ်မှု၊ လုပ်ငန်းနှင့် သတင်းအချက်အလက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိ စေရေးနှင့် အတူတကွ အောင်မြင်မှု ရရှိရေးကို အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio