• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစိုးရသစ်စတင်ချိန်သစ်တွင် တရုတ်-မလေးရှား ဆက်ဆံမှု ရေရှည် ရှင်သန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်ဟု လီခေ့ချန်ဆို

(GMT+08:00) 2018-08-21 15:25:03

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၀ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်ပြည်၌ တရားဝင် အလည် အပတ် ရောက်ရှိနေသော မလေးရှား ဝန်ကြီးချုပ် မာဟာသီယာနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ယခုနှစ်၌ နှစ်နိုင်ငံသည် အကြိမ်သစ် အစိုးရကို ကိုယ်စီ တည်ထောင်ဖွဲ့စည်း၍ နှစ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် စတင်ချိန်သစ်တွင် ရှိနေကြောင်း၊ တရုတ်ပြည် အနေနှင့် မလေးရှား အပေါ် ချစ်ကြည်ရေး မူဝါဒကို စွဲကိုင်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် မလေးရှားနှင့်အတူ အပြန်အလှန် လေးစားရေး၊ တန်းတူ ညီမျှရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အခြေခံပေါ်တွင် အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ဆက်ဆံရေးကို စွဲကိုင်ကာ တရုတ်-မလေးရှား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ရေရှည် ရှင်သန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲ တွန်းအားပေး လိုကြောင်း ပြောကြားသည်။

ထို့အပြင်၊ လီခေ့ချန်က မလေးရှားသည် အာဆီယံ၏ အရေးကြီး အဖွဲ့ဝင် ဖြစ်၍ တရုတ်-မလေးရှား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံ အတွက်ရော၊ တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အတွက်ပါ အကျိုး ရှိကြောင်း၊ တရုတ်ပြည် အနေနှင့် မလေးရှား အပါအဝင် အာဆီယံ နိုင်ငံများနှင့် အတူ ဘက်ပေါင်းစုံဝါဒနှင့် ကုန်သွယ်မှု လွတ်လွတ်လပ်လပ်ဆောင်ရွက်ရေးကို အတူစွဲကိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ဦးစားပေးကို စွဲကိုင်ကာ အရှေ့အာရှ စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး၍ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင် သာယာရေး အတွက် အတူ အကျိုးပြု စွမ်းဆောင်ကြလိုကြောင်းလည်း ပြောကြားသည်။

မာဟာသီယာကလည်း မလေးရှားနှင့် တရုတ်သည် အရေးကြီးသည့် အိမ်နီးချင်း နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာကြောင်း၊ မလေးရှား အစိုးရသစ်သည် တရုတ်ပြည် အပေါ် ချစ်ကြည်ရေး မူဝါဒကို စွဲကိုင်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံမှုကို တစ်ဆင့်တိုး ခိုင်မာနက်ရှိုင်းစေပြီး စီးပွားကုန်သွယ်ရေး စသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ၏ အပြန်အလှန် အကျိုးရှိစေရေးကို အကောင်အထည်ဖော်ကာ မလေးရှား-တရုတ် ဆက်ဆံမှုကို အဆင့် တိုးမြှင့်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio