• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နမ် နယ်စပ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာ

(GMT+08:00) 2018-08-13 15:41:45

တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိ လုံကျိုး ခရိုင်သည် တရုတ်-ဗီယက်နမ် နယ်စပ်ဒေသတွင် ရှိကြောင်း၊ လုံကျိုး ခရိုင် ရွှေခို-နယ်စပ်စခန်းသည် ဗီယက်နမ်နိုင်ငံ ကော်ဘန် ပြည်နယ် တိုလုံ နယ်စပ်စခန်းနှင့် မြစ်တစ်သွယ် ကွာနေပြီး ကွမ်ရှီးတွင် ဗီယက်နမ်နှင့် အရပ်ဖက် ကုန်သွယ်မှု အစောဆုံး ပြုလုပ်သော နယ်စပ်စခန်း ဖြစ်ကြောင်း တရုတ် သတင်းဌာနက ဖော်ပြသည်။

လုံကျိုး၏ နယ်စပ် ကုန်သွယ်မှု ပြုလုပ်သည်မှာ နှစ်ပေါင်း ၂၂၀ကျော်ကြာ ရှိကြောင်း၊ အစက နှစ်နိုင်ငံ နယ်စပ်ဒေသရှိ နေထိုင်သူများ အကြား နေ့စဉ်သုံး ပစ္စည်းနှင့် လယ်ယာ ထွက်ကုန်များ လဲလှယ်သည့် ပုံစံပင် ဖြစ်ကြောင်း၊ ၁၉၇၀၊ ၁၉၈၀ပြည့်နှစ်က ၄င်းနယ်စပ် ကုန်သွယ်မှုသည် ပြတ်တောက်ခဲ့ဖူးကြောင်း၊ ၁၉၉၃ခုနှစ်က ရွှေခို-နယ်စပ်စခန်းသည် တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး နယ်စပ် ကုန်သွယ်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း လုံကျိုး ခရိုင် ရွှေခို-နယ်စပ်စခန်း စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ ကျောက်ဟွာက သတင်းထောက်အား ပြောကြားသည်။

ထို့အပြင်၊ ကျောက်ဟွာက လုံကျိုး ခရိုင်နှင့် ဗီယက်နမ် အကြားရှိ နယ်နိမိတ် မျဉ်းကြောင်း အရှည်မှာ ၁၈၄ကီလိုမီတာ ရှိပြီး နယ်စပ်ဒေသတွင် လူဦးရေ များပြားကာ ကုန်သွယ်မှု အပေါ် လိုအပ်မှု များစွာ ရှိကြောင်း၊ ယင်းသည် နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရန် အားသာချက်များ ဖြစ်ကြောင်း၊ ယခု လုံကျိုး ခရိုင်ရှိ မြို့နယ် ၅ခုတွင် လူ ၂သောင်း ၅ထောင်ကျော်သည် နယ်စပ် ကုန်သွယ်မှုကို ဆောင်ရွက်နေကြကြောင်း၊ ဒေသခံ အစိုးရသည် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်မှု၏ ရှင်သန်မှုကို ဖော်ထုတ်ကာ ကုန်သွယ်မှု ပမာဏ တစ်နှစ်ထက် တစ်နှစ် တိုးပွားလာကြောင်း ပြောကြားသည်။

ယခု လုံကျိုးခရိုင်သည် နိုင်ငံတော် အဆင့် ၁၊ အဆင့် ၂ နယ်စပ်စခန်းနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်သည့် နေရာများ ရှိကြောင်း၊ ၂၀၁၇ခုနှစ်က လုံကျိုး၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ၂၇့၂၂၃ဘီလီယံ ရှိကြောင်း၊ ယင်းစုစုပေါင်း ပမာဏတွင် နယ်စပ် ကုန်သွယ်မှု ပမာဏ ၁၄့၎ ဘီလီယံ ရှိပြီး ကွမ်းရှီး နယ်စပ် ကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ၄ပုံ၁ပုံ ရှိကြောင်း အစိုးရမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

   Webradio