• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြုပြင်ပြောင်းလဲမှုသည် ဆိုရှယ်လစ် တရုတ်ပြည်အတွက် ရှင်သန်မှုနှင့် ရှေ့အလားအလာ များစွာ ဆောင်ကြဉ်းလာကြောင်း ဆင်ဟွာ သတင်းဌာနမှ ဆောင်းပါးတွင် ရေးသားဖော်ပြ

(GMT+08:00) 2018-08-12 15:06:19

တရုတ် ဆင်ဟွာ သတင်းဌာနမှ ယခုလ ၁၂ရက်နေ့က "ပြုပြင်ပြောင်းလဲမှုသည် ရှေ့အလားအလာ များစွာ ဆောင်ကြဉ်းလာ" ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားရာ တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခြင်းဖြင့် တွေးခေါ်မှု ဆိုင်ရာ အနှောင့်အဖွဲ့များကို အဆက်မပြတ် ဖြိုခွင်းပြီး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အတား အဆီးများကို ကင်းရှင်းကာ ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်၊ လမ်းကြောင်းသစ်နှင့် ရှေ့အလားအလာသစ်များကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ဆိုရှယ်လစ် တရုတ်ပြည် အတွက် ရှင်သန်မှုနှင့် ရှေ့အလားအလာ များစွာ ဆောင်ကြဉ်း လာကြောင်း ဖော်ပြသည်။

၎င်းဆောင်းပါးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် ယနေ့ခေတ် တရုတ်ပြည်၏ ကံကြမ္မာ အတွက်ရော၊ "ရာစုနှစ် ၂ခု" ရည်မှန်းချက်ကို အကောင်အထည် ဖော်ရေး အတွက်ရော၊ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး အတွက်ပါ သော့ချက်ကျသည်ဟု ပြောကြားကြောင်း၊ ယင်းပြောဆိုချက်သည် ပြုပြင် ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အပေါ် တရုတ် ကွန်မြူနစ်ပါတီဝင်များနှင့် တရုတ်ပြည်သူများမှ သိမြင်မှုနှင့် ထိတွေ့ခံစားမှုများကို နက်ရှိုင်းစွာ ပြသပြီး ယနေ့ခေတ် တရုတ်ပြည် အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို ဦးလည်မသုန် တွန်းအားပေးရန် ယုံကြည်မှုနှင့် စိတ်ပိုင်းဖြတ်ချက်အား ဖော်ပြနေကြောင်းလည်း ရေးသားဖော်ပြသည်။

၎င်းဆောင်းပါးတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ်ပြည်သည် ပိတ်ဆို့ ထားမှုမှ ဘက်စုံ တံခါးဖွင့်မှုသို့ ပြောင်းလဲလာပြီး ကမ္ဘာပေါ်တွင် ပထမ အကြီးဆုံး ပို့ကုန်နိုင်ငံနှင့် ဒုတိယ အကြီးဆုံး သွင်းကုန် နိုင်ငံ ဖြစ်လာကာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အတည်ငြိမ်ဆုံးနှင့် အဓိက တွန်းအားဖြစ်လာ၍ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ရာခိုင်နှုန်း ၃၀ကျော် နှစ်ပေါင်းများစွာ ဆက်တိုက် အကျိုးပြု စွမ်းဆောင်နေကြောင်း၊ အနောက်နိုင်ငံများ၏ ခေတ်မီရေး ဖြစ်စဉ်သည် နှစ်ပေါင်း ၂၀၀ကျော် ကြာခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်းပင် တရုတ်ပြည်သည် ၄င်းခေတ်မီရေး ဖြစ်စဉ်ကို ဖြတ်ကျော်ပြီး ထိုးဖောက်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နိုင်ကြောင်း ရေးသားဖော်ပြသည်။

၎င်းဆောင်းပါးတွင် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုက တရုတ်ပြည်ကို အပြောင်းလဲကြီး ပြောင်းလဲလာစေနိုင်သည့် အကြောင်းရင်းမှာ ယင်းပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုက ခေတ်ကာလ ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် လိုက်လျောညီထွေမှု ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် မိမိတို့ တလျှောက်လုံး ခိုင်မာပြတ်သားစွာ စွဲကိုင်ရသည့် မှန်ကန်သော မူဝါဒ၊ နိုင်ငံတော်ကို တောင့်တင်းစေရေး မူဝါဒနှင့် ပြည်သူများကို ချမ်းသာစေရေး မူဝါဒလည်း ဖြစ်ကြောင်း၊ ၄င်းလမ်းကြောင်းပေါ် ဦးလည်မသုန် ဆက်လက် လမ်းလျှောက်ပါက ပိုမိုကောင်းမွန်သော အနာဂတ်ရေးကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

၎င်းဆောင်းပါးတွင် ပြုပြင်ပြောင်းလဲမှုသည် ရှင်သန်မှုနှင့် ရှေ့အလားအလာ များစွာ ဆောင်ကြဉ်းလာကြောင်း၊ မိမိတို့ အနေနှင့် အခက်အခဲများ ကျော်လွှားဖြေရှင်းရေး ရဲရင့်မှုဖြင့် ဆက်လက် အားထုတ်ကြိုးပမ်းဆောင်ရွက်ပြီး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် လိုကြောင်း၊ တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး တရုတ် အိပ်မက်ကို ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးဆောင်ရွက်ရေးတွင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio