• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု
စာအုပ်အပေါ် မြန်မာပြန်ကြားရေးဝန်ကြီး၏ အမြင်သုံးသပ်ချက်

(GMT+08:00) 2018-07-23 14:05:12

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာတို့ပူးပေါင်းပြီး တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှုစာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့်ချိမိတ်ဆက် အခမ်းအနား နှင့် တရုတ်- မြန်မာ နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ(၉) ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် မြန်မာ နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က မိန့်ခွန်းပြောကြားခဲ့ ရာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့်ချိခြင်းအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု စာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့်ချိမိတ်ဆက်ခြင်းပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်အပြည့်အစုံကို CRI က ဖော်ပြပေးလိုက်ပါတယ်။

 

ကျေးဇူးတင်မိခြင်း

ဒီကနေ့ အခမ်းအနားဟာ ကျနော်တို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ရှီကျင့်ဖိန်ရဲ့ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားပေါ့နော်။ ဒီအခမ်းအနားမှာ ကျွန်တော် တက် ရောက်ပြီး အခုလို စကားပြောခွင့်ရတဲ့အတွက်လည်း အခမ်းအနားကျင်းပတဲ့ပုဂ္ဂိုလ်များကို အားလုံးကျေးဇူးတင်ကြောင်း၊ အင်မတန်မှ ၀မ်းသာဂုဏ်ယူတဲ့အကြောင်း ပြောချင်ပါတယ်။

ဒီစာအုပ်ကို အရင်က ဖတ်ခဲ့ဖူးတယ်

 ဒီကနေ့ မိတ်ဆက်မယ့်စာအုပ်က မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့်ချိတဲ့စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ပြီးခဲ့တဲ့ (၂)နှစ်(၃)နှစ်လောက်တုန်းက ကျွန်တော်ဖတ်ဖူးပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ပါ။ အဲဒီတုန်းက လက်ဆောင်ရတဲ့အတွက်ကြောင့်မို့လို့ စာအုပ်ကို ယူလာပြီးတော့ကာကြည့်ပါတယ်။ သာမန်အားဖြင့်ဆိုလို့ရှိရင် ကျွန်တော်တို့က စာအုပ်တွေ ဆိုရင် ထုံးစံအားဖြင့်စိတ်ဝင်စားမြဲဖြစ်ပါတယ်။ သို့သော် ဒီစာအုပ်ကို ရုတ်တရက်စဉ်းစား လိုက်တဲ့အခါမှာ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်အကြီးအကဲ ပုဂ္ဂိုလ်တွေပေါ့နော်။ အဲလိုပုဂ္ဂိုလ် တွေ ပြောတဲ့ဆိုတဲ့မိန့်ခွန်းတွေ၊ သူတာဝန်ယူထမ်းဆောင်ရင်းနဲ့ ပြောဆိုတဲ့မိန့်ခွန်းတွေဖြစ် တယ်။ ပြီးတော့နောက် သူတို့ပါတီအစည်းအဝေးတွေမှာတင်တဲ့ အစီရင်ခံစာသဘောမျိုး ဖတ်ကြားတဲ့ မိန့်ခွန်းတို့၊ အစီရင်ခံစာတို့ ဒီလိုဟာမျိုးတွေဆိုရင် ထုတ်ရိုးထုတ်စဉ်၊ ပုံနှိပ် ထုတ်ဝေတဲ့စာအုပ်တွေဆိုလို့ရှိရင် ကျွန်တော်တို့က သာမန်အားဖြင့်ဆို စာအုပ်သမားအနေ နဲ့အများကြီးစိတ်ဝင်စားလေ့မရှိပါဘူး။ အဲတော့ ဒီစာအုပ်ကိုတွေ့တဲ့အခါမှာလည်း ရုတ်တ ရက် ဒီစာအုပ်ဟာ အလားတူစာအုပ်တစ်အုပ်များဖြစ်လေမလားလို့ ကျွန်တော့စိတ်ထဲမှာ အောက်မေ့ပါတယ်။

သို့သော် စာအုပ်ကို မနေနိုင်တဲ့အတွက် ကောက်ပြီးတော့ လှန်ပြီးကြည့်ပါတယ်။ ကြည့်တဲ့အခါမှာ သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ဓာတ်ပုံတွေ၊ ငယ်စဉ်က ဘ၀တွေ၊ နောက်ပိုင်းမှာ သူတာဝန်ထမ်းဆောင်စဉ်ကာလမှာ သူ့ရဲ့ပုံတွေ၊ လှုပ်ရှားမှုတွေပေါ့နော်။ ဒါတွေတွေ့ရာက နေ ကြည့်ရာကနေပြီးတော့ စိတ်ဝင်စားသွားပါတယ်။ အဲဒီတော့ စိတ်ဝင်စားပြီး ကျွန်တော် ဖတ်မိပါတယ်။ ဖတ်တဲ့အခါမှာ ကျွန်တော်စဉ်းစားတယ်။ ဒီစာအုပ်ကို စိတ်ဝင်စားပြီးတော့ ကျွန်တော် အဲဒီနေ့မှာပဲ တော်တော်များများဖတ်ဖြစ်ပြီးတော့ ဒီစာအုပ်ထဲမှာတဲ့ ခေါင်းစဉ် တွေ အများကြီးပါပဲ။ အတိအကျကတော့ စာအုပ်ထဲမှာပါပါတယ်။ အခန်းခွဲတွေလည်း တော် တော်များများပါပါတယ်။ ဒါတွေ အားလုံးနီးပါးလောက် ကျွန်တော်ဖတ်ဖြစ်သွားပါတယ်။ ဘာကြောင့်ဖတ်ဖြစ်ပါလိမ့်ပေါ့။ ထုံးစံအားဖြင့်တော့ အဲလိုအစီရင်ခံစာလိုလို၊ ရုံးသဘော ဆန်တဲ့စာအုပ်စာတမ်းမျိုးတွေ အများကြီးအဲလောက်အထိ စိတ်ဝင်တစားဖတ်မိလေ့မရှိဘူး။

စိတ်ဝင်တစားဖတ်မိခြင်း

       ဒီစာအုပ်ကိုတော့ စိတ်ဝင်စားတဲ့အတွက်ကြောင့် ဖတ်မိသွားတယ်။ ဘာကြောင့် စိတ်ဝင်စားသလဲစဉ်းစားလိုက်တဲ့အခါကျတော့ စိတ်ဝင်စားရတဲ့အကြောင်း ကျွန်တော်(၂)ခု သွားတွေ့ပါတယ်။ တစ်ခုက ရေးသားတဲ့ပုဂ္ဂိုလ်ပေါ့နော်။ ရေးသားတဲ့ပုဂ္ဂိုလ်ဆိုတာကလည်း ရေးသားတယ်လို့ တိတိကျကျပြောဖို့တော့ခက်ပါတယ်။ သို့သော် သူရဲ့အတွေးအမြင်၊ အယူအဆပေါ့နော်။ သူ့အမည်နာမနဲ့တင်ပြလာတဲ့အကြောင်းအရာတွေပေါ့။ ဘာကြောင့် လည်းဆိုတော့ ဒါတွေက မိန့်ခွန်းတွေများပါတယ်။ အင်တာဗျူးဖြေဆိုတဲ့ဟာမျိုးတွေဖြစ် ပါတယ်။ ပေးစာတွေဖြစ်ပါတယ်။ စသဖြင်ပေါ့နော်။ သို့သော် ရိုးရိုးပြုစုထားတဲ့ သီးသန့်ပြုစု တဲ့စာအုပ်တစ်အုပ်မဟုတ်ဘူး။ သူတာဝန်ထမ်းဆောင်ရင်းနဲ့ သူစဉ်းစားတွေးခေါ်မိတဲ့ အချက်တွေကိုပြောဆိုရင်း မိန့်ခွန်းတွေပြောရင်း ဒီဟာတွေကို စုစည်းပြီးတော့ ထုတ်ဝေ ထားတာဖြစ်ပါတယ်။ သို့သော်  ဘာပဲဖြစ်ဖြစ် ဒါ သမ္မတကြီးရှီကျင့်ဖျင်ရဲ့စာအုပ်ပေါ့နော်။

စာရေးသူသည် သမ္မတရှိကျင့်ဖိန်ဖြစ်ခြင်းကြောင့် ဖတ်ရှုသင့်

ရေးသူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့သမ္မတကြီးဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ် ကာလတွေမှာ သူသည် နိုင်ငံရဲ့ကြီးမားတဲ့တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ရင်း တဖြည်း ဖြည်းတိုးမြှင့်လာပြီးတဲ့နောက် ဒီကနေ့မှာဆိုရင်တော့ နိုင်ငံတော်သမ္မတလည်းဖြစ်တယ်။ ပါတီရဲ့အကြီးအကဲလည်းဖြစ်တယ်။ ကျန်တဲ့တာဝန်တွေမှာလည်းပဲ အကြီးအကဲ နေရာတွေ တော်တော်များများကို ရယူဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ တစ်နည်းပြောမယ်ဆို ဒီကနေ့မှာ တရုတ်ပြည်မှာ အကြီးကျယ်ဆုံးခေါင်းဆောင်ကြီးဖြစ်ပါတယ်။ ဒီလို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရေးတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဖတ်ရှုဖို့တော့သင့်တယ်လို့ ကျွန်တော်ခေါင်းထဲမှာ တစ်ခုဝင်လာတာရှိပါတယ်။

တိုင်းပြည်တစ်ပြည်အောင်မြင်တိုးတက်သွားတဲ့ နည်းလမ်းကို ဖော်ပြထားတဲ့ စာအုပ်လို့ မြင်မိ

နောက်တစ်ခုကရေးသားတဲ့အကြောင်အရာဟာ ဒီကနေ့တရုတ်ပြည်ကြီး ကြီးကျယ်အောင်မြင်အောင် တည်ဆောက်ပုံအကြောင်းပေါ့နော်။ ဘယ်လိုတည်ဆောက် မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဒီစိတ်ကူးစိတ်သန်းတွေကိုပဲ အသေးစိတ်ကဏ္ဍပေါင်း အသီးသီးအတွက် သူ့ရဲ့စဉ်းစားသုံးသပ်ချက်တွေ ဒါတွေကို ဖော်ပြထားတာဖြစ်တယ်ဆိုတာ သွားပြီးတွေ့ပါတယ်။ တစ်နည်းပြောရရင် တရုတ်ပြည်ကြီး ကြီးကျယ်အောင်မြင်လာဖို့ အတွက်  လုပ်ဆောင်ခဲ့ပုံနည်းလမ်းတွေကို ဒီထဲမှာ ဖော်ပြထားတယ်လို့ ကျွန်တော်ဆိုချင် ပါတယ်။ အဲဒီတော့ ဒီတိုင်းပြည်ကြီးတစ်ပြည် အောင်မြင်အောင် ဦးစီးဦးဆောင်ပြုပြီး ဆောင် ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူ့တိုင်းပြည်ကို ဘယ်လိုအောင်မြင်အောင် ထူထောင်ခဲ့တဲ့ တယ်ဆိုပြီးရေးသားထားတဲ့နည်းလမ်းပေါ့နော်။ တိုင်းပြည်တစ်ပြည်အောင်မြင်တိုးတက် သွားတဲ့ နည်းလမ်းဖော်ပြထားတဲ့စာအုပ်ပဲလို့ ကျွန်တော်မြင်လို့ပါတယ်။ အဲဒီတော့ အဲဒီ ပုဂ္ဂိုလ်ရယ် အကြောင်းအရာရယ် (၂)ခုကို အကြောင်းပြုပြီး ဒီစာအုပ်ကို ကျွန်တော်ပိုစိတ်ဝင် စားပြီးတော့ ပြည့်ပြည်စုံစုံဖြစ်အောင် ကျွန်တော်ဖတ်ဖြစ်ခဲ့ပါတယ်။

ဒီစာအုပ်ကို တရုတ်ဘာသာအပြင် နိုင်ငံတကာဘာသာကြီးတွေနဲ့ပါ ဘာသာပြန်ထုတ်ဝေထား

အဲတော့ ဒီစာအုပ်က တရုတ်ဘာသာနဲ့လည်း စောင်ရေမြောက်များစွာထုတ်ရ တယ်။ နိုင်ငံတကာဘာသာတွေနဲ့လည်း ဘာသာပြန်ထားတာရှိပါတယ်။ ကမ္ဘာ့ဘာသာကြီး တွေပေါ့နော်။ ဥရောပဘာသာတွေ၊ အာရဗီဘာသာ စသဖြင့်ပေါ့နော်။ ဘာသာတော်တော် များများနဲ့ပါ ဘာသာပြန်ထားတဲ့စာအုပ်ဖြစ်ပါတယ်။ အဲတော့ စောင်ရေအားဖြင့်လည်း သန်း ချီပြီးတော့ ရှိနေပါတယ်။ စောင်ရေအားဖြင့် သန်းချီပြီးရှိတဲ့အလျှောက် ဖတ်ရှုတဲ့ပုဂ္ဂိုလ်တွေ လည်းပဲ သန်းချီပြီးတော့ရှိပါလိမ့်မယ်။

ဒီစာအုပ်အပေါ် အမြင်အမျိုးမျိုး သုံးသပ်ချက်အမျိုးမျိုးရှိနိုင်

အဲတော့ ဒီစာအုပ်ပေါ်မှာ အတွေးအမြင်အယူအဆတွေ၊ မှတ်ချက်တွေအမျိုးမျိုး ရှိလိမ့်မယ်။ ဒီစာအုပ်ကနေ ဘယ်လိုသင်ခန်းစာတွေယူတယ်။ ဒီစာအုပ်ကို ဘယ်လိုမြင် တယ်ဆိုပြီး ဝေဖန်သုံးသပ်တယ်။ စသည်အားဖြင့်ပေါ့။ အများကြီးရှိပါလိမ့်မယ်။ နိုင်ငံတကာ က နိုင်ငံရေး၊ စီးပွားရေး စသဖြင့်ပေါ့နော်။ လေ့လာသုံးသပ်တဲ့ပုဂ္ဂိုလ်တွေ၊ စာပေပညာရှင် တွေ၊ အတွေးအခေါ်သမားတွေ ဒီစာအုပ်ကို ဖတ်ရှုပြီးတော့ ဝေဖန်ချက်၊ မှတ်ချက်တွေ၊ သုံးသပ်ချက်တွေအမျိုးမျိုးအပြားပြား ပေးကြတာရှိပါလိမ့်မယ်။ အင်မတန်အဖိုးတန်တဲ့ သုံးသပ်ချက်၊ မှတ်ချက်တွေရှိပါလိမ့်မယ်။  

တရုတ်နိုင်ငံဟာ တွေးခေါ်ပညာရှင်များ များစွာပေါ်ထွက်ခဲ့

ဒီကနေ့မှာတော့ ကျွန်တော်အနေနဲ့ အခုလိုအခွင့်အရေးကြုံတုန်းပြောရမယ့် အခါမှာ ဒီစာအုပ်ကို ပြန်ပြီးလှန်လျောကြည့်ပြီးတဲ့နောက်မှာ ကျွန်တော့်ခေါင်းထဲမှာပေါ်လာ တဲ့ အတွေးတစ်ခုကိုပဲ ကျွန်တော်ပြောချင်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်တော် ဥာဏ်မီသလောက်စဉ်းစားမိပြီးပေါ်ပေါက်လာတဲ့အတွေးပါ။ ဒါကဘာလဲဆိုတော့ တရုတ် လူမျိုးများမှာ အင်မတန်မှ ကြီးမားတဲ့အတွေးအခေါ်တွေရှိပါတယ်။ ဒါက ကျွန်တော်အထူး တလည်ပြောရမယ့် ကိစ္စမဟုတ်ပါဘူး။ တရုတ်ပြည်ဟာ ကြီးမားတဲ့၊ သမိုင်းကြောင်းရှည် လျားတဲ့ သမိုင်းကြောင်းရှိခဲ့တဲ့တိုင်းပြည်ကြီးဖြစ်ပါတယ်။ ယဉ်ကျေးမှုအရ၊ ကမ္ဘာမှာအစော ဆုံးစတင်ပြီးတော့ ရှိခဲ့တဲ့တိုင်းပြည်နဲ့လူမျိုးဖြစ်ပါတယ်။ အဲတော့ တရုတ်ပြည်မှာ အတွေး အခေါ်အယူအဆတွေ အများကြီးပဲ ထွန်းကားခဲ့ပါတယ်။ ဒါအားလုံးအသိပါ။

တရုတ်အတွေးအခေါ်များဟာ လက်တွေ့အသုံးချရတဲ့အတွေးအမြင်များဖြစ်နေ

ကျွန်တော် ဥာဏ်မီသလောက်စဉ်းစားမိတာက တရုတ်ပြည်က ထွက်ပေါ်လာတဲ့ အတွေးအခေါ်တွေ၊ ထင်ရှားတဲ့အတွေးအခေါ်တွေဟာ လက်တွေ့အသုံးချတဲ့ အတွေးအခေါ် တွေဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်စဉ်းစားမိပါတယ်။ ဆိုလိုချင်တာက တရုတ်ပြည် ကနေ ထွက်ပေါ်လာတဲ့အတွေးအခေါ်များဟာ နေ၊လ၊ နက္ခတ်တာရာအကြောင်းတို့၊ ကမ္ဘာ လောကကြီးဟာ ဘယ်လိုရှိသလဲ၊ မရှိဘူးလဲ စသည်သဖြင့်ပေါ့နော်။ အဲလိုအတွေးအခေါ် အကြောင်းအရာမျိုးထက် လက်တွေ့ဘ၀မှာ ဘယ်လိုကျင့်သုံးဆောင်ရွက်ရမယ်ဆိုတဲ့ အကြောင်းအရာမျိုးတွေ စဉ်းစားတဲ့အတွေးအခေါ်တွေများတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဥပမာဆိုရင် စောစောက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီး ဦးထွန်းထွန်းဟိန်ပြောသွား တဲ့အထဲမှာပါပါတယ်။ တရုတ်ပညာရှင်ကြီးတွေအကြောင်းပြောရင် အမြဲတမ်းပါဝင်တဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ တရုတ်ပညာရှင်ကြီးကွန်ဖြူးရှပ်။ ကွန်ဖြူးရှပ်က လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀)လောက်က ပေါ်ထွက်ခဲ့တဲ့တရုတ်ပညာရှင်ကြီးပေါ့နော်။ တရုတ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်တွေဆိုရင် ဟိုရှေးကရှိခဲ့တဲ့ တရုတ်ပညာရှိအဆက်ဆက်တွေ ရဲ့ အသိဥာဏ် အမြော်အမြင်တွေ အဲတာတွေကို စုစည်းပြီးတော့ ကျန်တဲ့သူ့ခေတ်မှာရှိတဲ့ သူ့ရဲ့တပည့်တပန်းတွေ၊ ပြီးတော့ သူ့နောက်မှာဆက်ပြီးတော့ လာမယ့်တရုတ်လူမျိုးတွေ အတွက်ကို လောကကြီးမှာ လူ့ဘ၀မှာ ဘယ်လိုကျင့်ကြံနေထိုင်သင့်တယ်။ ဘာတွေ ဘယ် လိုလုပ်ကိုင်ဆောင်ရွက်သင့်တယ်ဆိုတဲ့အကြောင်းကို နည်းပေးလမ်းပြလုပ်တဲ့ လမ်းညွှန် ချက်တွေဆိုတာ သွားပြီးတွေ့ပါတယ်။ ဆိုချင်တာက တရုတ်ပညာရှိတွေရဲ့ အတွေးအခေါ် တွေဟာ ကမ္ဘာလောကကြီးအကြောင်း တွေးတောကြံဆနေတဲ့ အတွေးအခေါ်မျိုးမဟုတ် ဘဲနဲ့ လက်တွေ့ဘ၀မှာ တကယ်ဘယ်လိုကျင့်သုံးမလဲဆိုတဲ့ အတွေးအခေါ်မျိုးတွေဆိုတဲ့ ဟာကို သတိထားမိတာကိုပြောတာပါ။ ဒါက ကျွန်တော့်ကျမှ သတိထားမိတယ်လို့ ဆိုလို တာမဟုတ်ပါဘူး။ ကျွန်တော်စဉ်းစားမိတဲ့အနေအထားလေးကိုပြောပြတာသာဖြစ်ပါ တယ်။

တရုတ်ပညာရှင်ကြီး စွန်ဇူး

         အစောက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီး ဦးထွန်းထွန်းဟိန်ပြောထဲမှာ ပါပါသေးတယ်။ တရုတ်ပညာရှင်ကြီး စွန်ဇူး။ တရုတ်ပညာရှင်ကြီး စွန်ဇူးဆိုရင် ဒီကနေ့မှာ လည်း ပြန်ပြီးတော့ အရမ်းကို ကမ္ဘာမှာ ရိုးရိုးစကားနဲ့ပြောရင် ခေတ်စားလာတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ သူ့ရဲ့အတွေးအခေါ် အယူအဆတွေ။ ကျွန်တော်တို့ တစ်ခြားတိုင်းပြည်သွားတဲ့ အခါ နိုင်ငံတကာလေဆိပ်တို့ ဘာတို့ စာအုပ်ဆိုင်တို့ ဘာတို့မှာ ကြည့်လိုက်ရင် စွန်ဇူးရဲ့ အတွေးအခေါ်ကို အခြေခံပြီးတော့ ဆင့်ပွားရေးသားထားတဲ့ စာအုပ်စာတမ်းတွေ အမြောက် အမြားထွက်နေတာတွေ့ရတယ်။ စွန်ဇူးဟာ စစ်သေနကဗျူဟာပါရဂူခေါ်မယ်။ စစ်ရေးစစ်ရာ ပါရဂူ ကြီးလို့ သာမန်အားဖြင့် ပြောလို့ရတဲ့ ပုဂ္ဂိုလ်ကြီးပါ။ သူဟာ စစ်ရေးအတွေးအမြင်တွေနဲ့ ထင်ရှားပါတယ်။ သို့သော် စွန်ဇူးရဲ့အတွေးအခေါ်အယူအဆတွေကို စွန်စူးရဲ့ စဉ်းစားတွေး တောပုံနည်းလမ်းတွေကို စီးပွားရေးဘ၀၊ နိုင်ငံရေးဘ၀၊လူမှုရေးဘ၀တွေမှာ အသုံးချတဲ့ စာအုပ်တွေ အများကြီးထွက်နေတာဖြစ်ပါတယ်။ ဆိုလိုချင်တာက တရုတ်ပြည်က ထွက်လာ တဲ့ အတွေးအခေါ်ဟာ လက်တွေ့အသုံးချတဲ့ အတွေးအခေါ်တွေဖြစ်တယ်ဆိုတဲ့ဟာကို ပြောချင်တာပါ။

တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း

ဒီဘက်ခေတ်မှာ နောက်ထပ် ကျွန်တော်တို့စောစောပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း၊ မော်စီတုန်း အတွေးအခေါ်ဆိုရင်လည်းပဲ နိုင်ငံရေးစနစ်မှာ ကွန်မြူနစ်စနစ်ထူထောင်တဲ့နေရာမှာ တရုတ်ပြည်ရဲ့အခြေအနေကို မူတည်ပြီး ညီညွှတ်အောင် ဘယ်လိုကျင့်သုံးဆောင်ရွက်မလဲဆိုတဲ့ နိုင်ငံရေး အတွေးအခေါ်၊ လက်တွေ့ကျင့်သုံးဆောင်ရွက်မယ့် နိုင်ငံရေးလမ်းညွှန်ချက်ဖြစ်တယ်ဆိုတာသွားတွေ့ပါ တယ်။

တရုတ်ခေါင်းဆောင်များဟာ လက်တွေ့ကျတဲ့အတွေးအခေါ်တွေကြားမှာ ကြီးပြင်းလာသူ များဖြစ်

 သမ္မတကြီး ရှီကျင့်ဖျင်အပါအ၀င် ဒီကနေ့တရုတ်ပြည်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ် များဟာ လက်တွေ့ကျတဲ့ အတွေးအခေါ်များကြားထဲကနေ ဖြတ်သန်းကြီးပြင်းလာတဲ့ပုဂ္ဂိုလ် တွေဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။ အဲလိုကြီးပြင်းလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အလျှောက် အတွေးအခေါ်အရာမှာ စူးရှတယ်။ ရှင်းလင်းတယ်။ ပြီးတဲ့နောက် အဲဒီအတွေးအခေါ်ကို စဉ်းစားရုံမကဘဲနဲ့ လက်တွေ့အသုံးချဖို့ သူတို့ ကြိုးစားတယ်ဆိုတာ ကျွန်တော်မြင်ပါတယ်။ အဲလို စဉ်းစားတွေးတောတဲ့နေရာမှာလည်း  အင်မတန်မှ ရဲဝံ့တယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်ထဲမှာပါတဲ့ဟာတွေရှိပါတယ်။ ဒီထဲက တစ်ချက်နှစ် ချက်လောက်ကို ကျွန်တော်ထုတ်ပြချင်ပါတယ်။

တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး

          ပထမတစ်ချက် အားလုံးလည်းသိပါတယ်။ တစ်နိုင်ငံ စနစ်နှစ်မျိုးဆိုတဲ့ အယူ အဆပါ။ One Country Two Systems ဆိုတဲ့ အယူအဆပါ။ ဒါကို နည်းနည်းလေးပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင် တရုတ်ပြည်ကြီးအနေနဲ့ ဒီတိုင်းပြည်ထဲမှာ နောက်ထပ် စနစ်တစ် မျိုးကို လက်ခံပြီးတော့ ကျင့်သုံးမယ်လို့ပြောလိုက်တာပဲ။ ဒါ ဘာကြောင့် ဒီလိုလက်ခံပြီး ကျင့်သုံးသလဲဆိုတဲ့ စဉ်းစားတွေးတောမှု နောက်ခံအကြောင်းတရားတွေကတော့ အများ ကြီးရှိပါမယ်။ သို့သော် ဘာမြင်ရသလဲဆိုရင် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုးဆိုတဲ့ အတွေး အခေါ်အယူအဆကို လက်တွေ့ကျင့်သုံးမယ်။ ဒီစဉ်းစားတဲ့ ပုဂ္ဂိုလ်ဟာ အတွေးအခေါ်အယူ အဆအရ ပျော့ပျောင်းတဲ့သဘော သို့မဟုတ် ပြောင်းလဲမှု၊ မတူညီမှုတွေကို လက်ခံချင်တဲ့ သဘောရှိတယ်ဆိုတာမြင်ရတယ်။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်အ၀ရှိတယ်ဆိုတာ မြင်ရပါတယ်။

            ဒီဟာကို ပြောင်းလဲလက်ခံပြီး ကျင့်သုံးတယ်။ သို့သော် မိမိရဲ့တည်ဆောက် ထားတဲ့ အချက်ဟာ ပျက်စီးသွားစရာ၊ ပြောင်းလဲသွားစရာမရှိဘူးဆိုတာကိုလည်း ယုံကြည် ပြီးတော့ ကျင့်သုံးတယ်လို့ ကျွန်တော်မြင်ပါတယ်။ တစ်နည်းပြောမယ်ဆိုရင် အတွေးအခေါ် အရဆိုရင် ပျော့ပျောင်းမှုနဲ့ကြံ့ခိုင်မှု (၂)ခုပေါင်းစပ်ထားတဲ့ အတွေးအမြင်လို့ ကျွန်တော်မြင် ပါတယ်။ အဲဒီစနစ်ကို တရုတ်ပြည်မှာ လက်တွေ့ကျင့်သုံးပြီးတော့ ဒီကနေ့အထိ ဆက်လက် ကျင့်သုံးနေနိုင်တဲ့အတွက်ကြောင့် ဒီအတွေးအခေါ်ဟာ ရဲဝံ့တဲ့အတွေးအခေါ်နဲ့လုပ်ရပ်ဟာ အောင်မြင်ခဲ့တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

တရုတ်ထူးခြားချက် ၀ိသေသလက္ခဏာပါ ဆိုရှယ်လစ်စနစ်

ထိုနည်းတူစွာပဲ။ နောက်တစ်ခု။ အခုစောစောက တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ဧည့်သည်တော်ဝန်ကြီးပြောသွားတဲ့အထဲမှာလည်း အကြိမ်ကြိမ်အထပ်ထပ်ပါခဲ့ပါ တယ်။ ပါတယ်ဆိုတာ ဒီစာအုပ်ထဲမှာ ဖော်ပြခဲ့တဲ့အကြောင်းအရာပါ။ အဲဒါ Socialism with Chinese Characteristic တရုတ်ဝိသေသ လက္ခဏာတွေပါဝင်တဲ့ ဆိုရှယ်လစ်စနစ်။ သို့မဟုတ် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်စနစ်။ ဒီစကားမျိုးကို စတင်ပြီးကြားတဲ့အခါ မှာ ကျွန်တော်တို့သာမန်အားဖြင့် ဝေဖန်သုံးသပ်သူတွေကတော့ ဆိုရှယ်လစ်စနစ်ဖြစ်တယ်။ တရုတ်ပြည်က ပြောင်းလဲမယ့်အချိန်မှာ ဒါဟာဆိုရှယ်လစ်စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ကို ပေါင်းစပ်ထားတာပဲ။ ဒီလို ကျွန်တော်တို့ စဉ်းစားလို့ ရပါတယ်။ တကယ်လက်တွေ့ကျင့် သုံးတဲ့အခါမှာလည်းပဲ အဲသလိုပြောဆိုလို့ရတဲ့ အနေအထားရှိတယ်လို့မြင်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဆိုရှယ်လစ်စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာဟာ ဘယ်လို မှမတူညီတဲ့ ပေါင်းစပ်လို့မရနိုင်တဲ့ ကိစ္စတစ်ရပ်လို့ ယူဆစရာရှိပါတယ်။ သို့သော် အတွေး အခေါ်ရဲဝံ့တဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ အဲဒီတီထွင်ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ တရုတ် ၀ိသေသလက္ခဏာတွေပါတဲ့ ဆိုရှယ်လစ်စနစ်ဆိုတာကို ကျင့်သုံးခဲ့ပါတယ်။

ဒီစာအုပ်ကို ကျွန်တော်ဖတ်ရင်းနဲ့ နည်းနည်းလေးစဉ်းစားကြည့်တယ်။ ဒါကို ဘာကြောင့်လုပ်သလဲ။ ဒီအတွေးအခေါ်အယူအဆ စဉ်းစားတွေးတောပြီးတော့ အဲဒီအတွေး အခေါ်ကို ဘာကြောင့် လက်တွေ့ကျင့်သုံးဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့သလဲ။ ဒီစာအုပ်ရဲ့ ပထမ ဆုံးစာပုဒ်မှာ ပါပါတယ်။ စာပုဒ်ခေါင်းစဉ်ကို ကျွန်တော်တိတိကျကျမမှတ်မိပါဘူး။ သို့သော် အဲဒီစာပုဒ်ခေါင်းစဉ်က ဘာလဲဆိုတော့ တိုင်းသူပြည်သားများအတွက် တရုတ်နိုင်ငံသူ နိုင်ငံ သားများအတွက် Good life ပေါ့နော်။ ကောင်းမွန်တဲ့ ဘ၀ကို တည်ဆောက်နိုင်ငံရေးသည် ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်တယ်ဆိုတဲ့ စာပုဒ်ပါ။ အဲတော့ အဲဒီရည်မှန်းချက်ပန်း တိုင်ကိုရောက်ရှိဖို့အတွက်ကို စောစောကပြောတဲ့ မတူတဲ့အရာနှစ်ခု ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တဲ့စနစ်ကို ရဲတင်းစွာနဲ့ရွေးချယ်ပြီးတော့ ကျင့်သုံးဆောင်ရွက်ခဲ့တယ်လို့ စဉ်းစား မိပါတယ်။ အဲတော့ အဲဒါဟာလည်းပဲ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့  ပေါင်းစပ်လို့မရနိုင်ဘူးလို့ ထင်ရတဲ့ အရာနှစ်ခုပေါင်းစပ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ဒီအစီအစဉ်ဟာလည်း ဒီကနေ့အထိ အောင်မြင်နေတယ်။ ဒီစနစ်နဲ့ တည်ဆောက်ရင်းနဲ့ တရုတ်ပြည်ကြီး ကျွန်တော်တို့ မျက်စိ ရှေ့မှာ၊ ကမ္ဘာရဲ့ မျက်စိရှေ့မှာ တစ်နေ့တစ်ခြား ကြီးပွားတိုးတက်လာနေတယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ မြင်ရပါတယ်။ ဒါကြောင့်မို့လို့ ဒီရဲဝံ့တဲ့ အတွေးအခေါ်အယူအဆနှစ်ရပ်နဲ့ ဆောင်ရွက်မှုဟာ အောင်မြင်ခဲ့တယ်လို့ ကျွန်တော်မြင်လိုက်ပါတယ်။

One Belt & One Road (ရပ်ဝန်းတစ်ခု လမ်းမတစ်ကြောင်း)

ဒီကနေ့ သမ္မတကြီးလက်ထက်မှာ အသစ်ကြားသိလာရတဲ့ အတွေးအခေါ်။ အဲဒီအတွေးအခေါ်ကို အခြေခံတဲ့ အစီအမံတစ်ခု ကျွန်တော်တို့ တွေ့လာရပါတယ်။ အဲဒါက One Belt & One Road ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ရဲတင်းတဲ့အတွေးအခေါ်တွေနဲ့ လက် တွေ့အကောင်အထည်ဖော်ပြီးတော့ အောင်မြင်လာခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်း ဆောင်များရဲ့ နောက်ထပ်ပိုပြီးတော့ ရဲဝံ့တဲ့အတွေးအခေါ်နဲ့ဆောင်ရွက်ချက်လို့ ကျွန်တော် မြင်ပါတယ်။ One Belt & One Road၊ (၂၁)ရာစု ပိုးလမ်းမ သို့မဟုတ် ရပ်ဝန်းတစ်ခု လမ်း ကြောင်းတစ်ခု ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲတော့ ဒီဟာမှာကျတော့ ကျွန်တော်ဘာမြင် သလဲဆိုရင် စောစောတုန်းက တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး၊ ဆိုရှယ်လစ်စနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်ပေါင်းစပ်ခဲ့တယ်။ ဒီအစီအစဉ်မှာတော့ စနစ်ချင်းမတူတဲ့ တစ်နည်းပြောရရင် မတူတဲ့  စနစ်တွေ၊မတူတဲ့ နိုင်ငံတွေပေါင်းစပ်ပြီးတော့ စီးပွားရေးရာနိုင်ငံတကာ ဆက်ဆံ ရေးရာအခြေခံအဆောက်အအုံကြီးတစ်ရပ် ထူထောင်ဖို့ကြိုးစားတဲ့ စိတ်ကူး၊ ကြိုးစားတဲ့အစီ အစဉ်လို့ ကျွန်တော်မြင်ပါတယ်။

 

One Belt & One Road အစီအစဉ်ကြီးက ကမ္ဘာကြီးအတွက် ဘယ်လောက်အထိ အကျိုး သက်ရောက်မှုရှိလာနိုင်သလဲ

အဲတော့ ဒီအစီအစဉ်ကြီးဟာ ဒီကနေ့ ကျွန်တော်တို့ မျက်စိရှေ့မှောက်မှာ စတင်ဖြစ်ပေါ်နေပါပြီ။ ဒီအစီအစဉ်ကြီးမှာပါဝင်သူတွေလည်း ပါဝင်နေကြတာတွေရှိပါတယ် တရုတ်ပြည်ကြီးကတော့ ဒီအစီအစဉ်ကြီးကို တကယ်ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်နေပြီလို့ မြင်ရပါတယ်။ ဒီအစီအစဉ်ကြီး ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲ။ ဒီအစီအစဉ်ကြီး အကောင်အထည်ဖော်ခြင်းကြောင့်တရုတ်ပြည်မှာမည်သို့သောအကျိုးကျေးဇူးများပေါ်ထွန်း လာမလဲ၊ တရုတ်ပြည်နဲ့ဆက်စပ်ပူးပေါင်းပါဝင်တဲ့ တိုင်းပြည်များမှာ ဘယ်လို အကျိုးသက် ရောက်မှုတွေရှိမလဲ၊ ဒီကမ္ဘာကြီးမှာရော ဘယ်လိုပြောင်းလဲမှုတွေ သက်ရောက်မှုတွေ ဖြစ် ပေါ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဖို့ရှိတယ်လို့  ကျွန်တော်ပြောချင်ပါတယ်။

တရုတ်နိုင်ငံ ဖွံ့ဖြိုးမှုရဲ့လမ်းစ သက်သေ

သံလွန်စ တွေ့နိုင်တာတစ်ခုရှိပါတယ်။ အဲဒါက ဒီကနေ့ စတင်မိတ်ဆက်မယ့် စာအုပ်ကြီးဖြစ်ပါတယ်။ ဒီစာအုပ်ကြီးဟာ ပထမတွဲပဲဖြစ်ပါတယ်။ နောက်ဆက်လက်ပြီး တော့ အချိန်တန်ရင် မြန်မာဘာသာပြန်ပြီးထွက်လာမယ့် ဒုတိယတွဲ။ ဒီစာအုပ်နှစ်အုပ်ထဲမှာ ကျွန်တော်တို့ စောစောကသိချင်နေတဲ့ အဖြေတွေပါနေလိမ့်မယ်လို့ ကျွန်တော်မြင်တဲ့ အကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

 

   Webradio