• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သင်္ဘော တိမ်းမှောက်မှုကို ထိုင်းစတင် တရားဝင် စုံစမ်းစစ်ဆေး

(GMT+08:00) 2018-07-10 15:08:33

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်သည် ယခုလ ၉ရက်နေ့က ဖူးခတ်သို့ သွားရောက်ပြီး ခရီးသည်တင် သင်္ဘော တိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုနေ့ နေ့လယ်ပိုင်းက ပရာယွတ်သည် ဖူးခတ်ကျွန်း ချာလွန် ဆိပ်ကမ်းရှိ ထိုင်းရှာဖွေ ကယ်ဆယ်ရေးနှင့် ကွပ်ကဲမှု စင်တာကို ရောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း အခြေအနေကို ကြားနာကာ ထိုင်းနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး လွီကျန့်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့နောက် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပရာယွတ်က ထိုင်းနှင့် တရုတ် နှစ်နိုင်ငံ၏ ဆက်ဆံမှုသည် တလျှောက်လုံး နွေးထွေးပြီး နှစ်နိုင်ငံသည် မိသာစုကဲ့သို့ပင် ဖြစ်ကြောင်း၊ ယခုအကြိမ် သင်္ဘောတိမ်းမှောက်မှုမှ သင်ခန်းစာများကို ယူပြီး ယင်းကဲ့သို့သော အန္တရာယ်ဆိုးမျိုးကို နောက်ထပ် မဖြစ်ပွားရန် သက်ဆိုင်ရာ ဆောင်ရွက်ချက်များကို ကျင့်သုံးမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထိုင်းနိုင်ငံ ရဲဘက်နှင့် သက်ဆိုင်ရာ လုပ်ငန်းဌာနများသည် ဖူးခတ် ခရီးသည်တင် သင်္ဘော တိမ်းမှောက်မှုကို တရားဝင် အမှုဖွင့်ပြီး စတင် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ တရုတ်ဘက်သည်လည်း သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး လွီကျန့်က ယခုလ ၈ရက်နေ့ နေ့လယ်ပိုင်းက ပြောကြားသည်။

ထို့အပြင်၊ လွီကျန့်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် ယခုအကြိမ် သင်္ဘော တိမ်းမှောက်မှု ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်း အပေါ် အလွန် အလေးထားပြီး ထိုင်းဘက်အား တရုတ်ဘက်နှင့် နွေးထွေးသော ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ တရုတ်ပြည်သည် ယင်းအပေါ် အလွန်ချီးကျူးကြောင်း ပြောကြားသည်။

ထိုင်းခရီးသွားနှင့် အားကစား ဝန်ကြီး ဝီလာဆာက ယခု အန္တရာယ်ဖြစ်ပွားပြီး ၇၂နာရီ အတွင်း ဟူသော အကောင်းဆုံး ကယ်ဆယ်ရေး အချိန်တွင် ရှိနေသေးကြောင်း၊ ထိုင်းအစိုးရသည် ပျောက်ဆုံးနေသူများကို အစွမ်းကုန် ရှာဖွေကယ်ဆယ်မည် ဖြစ်ပြီး ၄င်းသင်္ဘောတိမ်းမှောက်မှု၏ အကြောင်းရင်းကို အစွမ်းကုန် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

 

   Webradio