• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်သူတွေ သွားလာရေးအဆင်ပြေတဲ့ ပီကင်းမြို့မှ ရထားလမ်းကွန်ရက်

(GMT+08:00) 2018-06-25 17:37:42

 

တရုတ်နိုင်ငံ ပီကင်းမြို့မှာနေတဲ့ နှစ်နှစ်အတွင်းမှာ ကျွန်တော့်အတွက် နှစ်သက်သဘောကျမှုအရှိဆုံးက သွားရေးလာရေးလွယ်ကူမှုပဲ။ ပီကင်းမှာ အဲဒီကိစ္စ သိပ်ပြီး ခေါင်းမစားရဘူး။ မြေအောက်ရထားစီးသွားမှာလား၊ ဘတ်စ်ကားစီးသွားမလား။ မနက် (၅)ခွဲကနေ ည (၁၁)အထိ အချိန်နှင့်အမျှ ပြေးဆွဲပေးနေတယ်။ အဲဒီအချိန်အတွင်း ကိုယ် သွားလိုရာ အလွယ်တကူသွားလို့ရတယ်။ ဟိုနားဒီနား နီးနီးနားနားဆိုရင်တော့ လမ်းဘေး က အများသုံးစက်ဘီးတွေကို စကင်န်ဖတ်စီးသွားရုံပဲ။ တစ်နာရီ (၂)ယွမ်၊ (၃)ယွမ်လောက် ပေးရတယ်။ ဘယ်လောက်အဆင်ပြေလိုက်သလဲ။ တစ်ခါတစ်လေ ရုံးကိစ္စရှိရင်တော့ တက္ကစီငှါးသွားပေါ့။ တက္ကစီငှါးရင်လည်း ကားကျပ်တဲ့အချိန်နှင့်တိုးရင် အဆင်မပြေဘူး။ ဘတ်စ်ကားလည်း ဒီလိုပဲ။ ကားကျပ်ရင် ရှေ့မရောက်တော့ဘူး။

သွားလာမှုအဆင်ပြေဆုံးကတော့ မြေအောက်ရထားပဲ။ အချိန်တိကျတယ်။ အချိန်ကို တွက်ချက်သွားလို့ရတယ်။ ဒါ့ကြောင့်လည်း မြေအောက်ရထားပေါ်မှာ လူတန်းစားအလွှာ ပေါင်းစုံတွေ့ရတယ်။ ဒီလိုမြေအောက်ရထားကို ပြည်သူအများစုက အသုံးပြုတော့ တစ်နေ့ မှာ နှစ်ချိန်တော့ များစွာလူကျပ်လေ့ရှိတယ်။ အဲဒါက မနက် ၀န်ထမ်းတွေ ရုံးတက်ချိန်နဲ့ ညနေရုံးဆင်းချိန်။ အဲဒီအချိန်တွေမှာ မြေအောက်ရထားစီးမိရင်တော့ မလွယ်ဘူး။ " ငါးပိ ငချဉ်သိပ်" ဆိုတဲ့ မြန်မာစကားပုံက အဲဒီမှာ ပိုပြီးအသုံးကျလိမ့်မယ်။ အဲဒီလောက်အထိ လူ ကျပ်တာ။ ကျန်တဲ့ အချိန်တွေမှာတော့ သာမန်ပါပဲ။  ကျွန်တော်ကတော့ ဘယ်နေရာသွား သွား မြေအောက် ရထားပဲစီးသွားတယ်။ မြေအောက်ရထားက အချိန်မှန်တော့ အချိန်ကို တွက်ချက်ပြီးသွားရတဲ့အခါ ပိုပြီးအဆင်ပြေလို့လေ။

  တကယ်တော့ Bejing Subwayဟာ (၁၆၄၁၁)ကီလိုမီတာ ကျယ်ဝန်းတဲ့ ပီးကင်း မြို့ရဲ့ မြို့တွင်းမြို့ပြင်နေရာဒေသ အားလုံးကို ချိတ်ဆက်ပေးနေတဲ့ ရထားလမ်း ကွန်ရစ်ကြီး တစ်ခုဖြစ်တယ်။ ပီကင်းမြို့ရဲ့ ဒီSubwayဟာ ကမ္ဘာပေါ်မှာအလုပ်အများဆုံ ဖြစ်ပြီး ၂၀၁၆ ခုနှစ်က တစ်နှစ်ပတ်လုံး ခရီးတို ပေါင်း(၃.၆၆) ဘီလီယံ ပြေးဆွဲခဲ့ရတယ်လို့သိရ တယ်။   အခု လက်ရှိ ဒီBejing Subwayမှာ ရထားလိုင်း ပေါင်း(၂၂)လိုင်း၊ ဘူတာပေါင်း (၃၇၀)ရှိပြီး ရထားကွန်ရစ်အရှည်ဟာ (၆၀၈.၂)ကီလိုမီတာ (၃၇၇.၉မိုင်) ရှိကာ ကမ္ဘာပေါ်မှာ ဒုတိယ အရှည်ဆုံးရထားလိုင်းကွန်ရစ်ဖြစ်ပါတယ်။ ပထမကတော့ ရှန်းဟိုင်းမြေအောက် မီးရထား လိုင်းကွန်ရစ်ဖြစ်ပါတယ်။

Bejing Subwayကို ၁၉၆၉ခုနှစ်က စတင်ဖွင့်လှစ်အသုံးပြုခဲ့ပြီး နိုင်ငံအတွင်းမှာ  ရှေးအကျဆုံး မြေအောက်ရထားလိုင်းစနစ်ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ်အထိ မြေအောက်လိုင်း ဟာ နှစ်လိုင်းသာရှိခဲ့တယ်။ 2008 Summer Olympicsပွဲတော်ကျင်းပတဲ့အချိန်မှာတော့ လိုင်း-၁၃၊ လိုင်း-၅၊ လိုင်း-၁၀၊ Airport Expressလိုင်းနှင့် the Olympic Branch Lineလိုင်း ( အိုလံပစ်ပွဲပြီး နောက်ပိုင်းမရှိတော့ပါ။)တို့ တိုးချဲ့ပြေးဆွဲနေပြီဖြစ်ပါတယ်။  မှတ်တမ်းတွေ အရ ၂၀၀၈နွေရာသီအိုလံပစ်ပွဲတော်ပိတ်ပွဲနေ့ကဆို မြေအောက်ရထားစီးနင်းသူဟာ(၄.၉၂) သန်းရှိတယ်လို့သိရတယ်။

ဒီမြေအောက်ရထားလိုင်းတွေဟာ ပီးကင်းမြို့တွင်းသာဖြစ်ပြီး အော်ပရေတာ(၅)ခု ရှိတယ်။ ဒီမြေအောက်ရထားလိုင်းတွေရဲ့ အဓိကအော်ပရေတာကတော့ Bejing Mass Transit Railway Operation Corp;ဖြစ်ပြီး လိုင်းပေါင်း (၁၅)လိုင်းကို တာဝန်ယူဆောင် ရွက်ပေးတယ်။ လိုင်း နံပါတ် ၁၊ ၂၊ ၅၊ ၆၊ ၇၊ ၈၊၉၊၁၀၊ ၁၃၊ ၁၅၊ ပါးတုန်းလိုင်း (Batong line)၊ ချောင်ဖျင်းလိုင်း (Changping line)၊ ဖန်ရှန်လိုင်း (Fangshan line)၊ ရိကျွမ်းလိုင်း(Yizhung line)နှင့် S1 လိုင်းတို့ဖြစ်ပါတယ်။ ဒုတိယအော်ပရေဖြစ်တဲ့ Bejing MTR Crop;ကတော့ လိုင်း-၄၊ လိုင်း-၁၄၊ လိုင်း-၁၆နှင့်  Daxing Line စတဲ့ လိုင်း(၄)လိုင်းကို တာဝန်ယူတယ်။ Bejing Operation Administration က ယန်ဖန်လိုင်း( Yanfang Line)၊ Bejing Public Transit Tramwayက ရှီကျောင်းလိုင်း(Xijiao line)နှင့် Bejing Capital Metroက Airport Expressလိုင်းကို တာဝန်ယူကြပါတယ်။

ရထားစီးနင်းခအနေနဲ့ကတော့ (၆)ကီလိုမီတာကို (၃)ယွမ်သတ်မှတ်ထားပါတယ်။ နောက်(၆)ကီလိုမီတာမှ (၁၂))ကီလိုမီတာအကွအဝေးကို (၄)ယွမ်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် (၁၂)ကီလိုမီတာရဲ့အထက် (၁၀)ကီလိုမီတာပိုဝေးသွားတိုင်း(၁)ယွမ်နှုန်းနှင့် နှုန်းထားခဈေးမြင့်သွားပါတယ်။ ဥပမာ အကွာအဝေး(၁၂)ကီလိုမီတာမှ(၂၂)ကီလိုမီတာ ဆိုရင်(၅)ယွမ်၊ (၂၂)ကီလိုမီတာမှ (၃၂)ကီလိုမီတာဆိုရင်(၆)ယွမ် စသဖြင့်ပေါ့။   လေယာဉ် ကွင်းလိုင်းကိုတော့ (၂၅)ယွမ်သတ်မှတ်ထားပြီး လေယာဉ်ကွင်းခရီးစဉ်ကိုတော့ ၂၀၁၄ခုနှစ် ဒီဇင်ဘာက စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပါတယ်။ ဒီနေရာထူးခြားချက်တစ်ခုက အရပ် ၁.၃မီတာ (၅၁ လက်မ)နှင့်အောက် ကလေးငယ်များ၊ မသန်မစွမ်းဖြစ်နေသူတွေ၊ စစ်မှုထမ်းဟောင်း တွေ၊ တပ်မတော်မှဝန်ထမ်းတွေနှင့် ပြည်သူ့စစ်ဝန်ထမ်းတွေကိုတော့ အခမဲ့ရထားစီးနင်းခွင့် ပြုထားပေးတာပဲဖြစ်တယ်။  ခရီးသည်တွေအနေနဲ့ လမ်းခရီးအဆင် ပြေချောမွေ့စေဖို့ အတွက် ရောက်ရှိတဲ့ဘူတာနှင့် ထွက်ခွါမယ့်ဘူတာအမည်တွေကို တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ကြေညာပေးတယ်။ ဒီအတွက်ကြောင့် တရုတ်နိုင်ငံသားတွေတင်မက နိုင်ငံခြားသားတွေအတွက် အဆင်ပြေစေပါတယ်။ ဒါ့အပြင် ရထားပေါ်မှာလည်း ဘူတာတွေ ရဲ့ လမ်းညွှန်ဇယားကို ဖော်ပြပေးထားတယ်။ တကယ်လို့ ခရီးသည်တွေအနေနဲ့ လိုအပ် ချက်အရ ဆက်သွယ်ချင်ပါက Hotlineဖုန်းနံပါတ်၊ Bejing Subway ၀က်ဘ်ဆိုက် တွေကို ပေးထားပါတယ်။ ဒါ့မှမဟုတ် စမတ်ဖုန်းAppပါ ပေးထားပါတယ်။

ရထားစီးခရီးသည်တွေအနေနဲ့ လက်မှတ် ဒါ့မဟုတ် စမတ်ကတ်နှင့် စကင်န်ဖတ် ကြီး ဘူတာအ၀င်အထွက်ပြုလုပ်နိုင်ပါတယ်။ လက်မှတ်ဝယ်ယူနိုင်ဖို့အတွက် ဘူတာတိုင်း မှာ လက်မှတ်ဝယ်စက်တွေ ထားပေးပါတယ်။ အော်တိုစက်တွေဖြစ်ပါတ်။ ကိုယ်သွား လိုရာ ခရီးကို ရိုက်ထည့်ပြီး ကျသည့်တဲ့ နှုန်းထားကို စက်က ညွန်ပြတဲ့အတိုင်း ပိုက်ဆံထည့်ပေး လိုက်တာနဲ့ ကိုယ့်သွားရမယ့် ခရီးအတွက် လက်မှတ်ထွက်လာပါမယ်။ ဒီလက်မှတ်တွေ ကတော့ တစ်ခါသုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် စမတ်ကဒ်လုပ်ထားပြီး စမတ်ကဒ်နဲ့လည်း စီးနင်း နိုင်ပါတယ်။ စမတ်ကဒ်ကတော့ ရထားရော ဘတ်စ်ကားမှာပါ စကင်န်ဖတ်ပြီး စီးနင်းနိုင် ပါတယ်။ ဒါပေမယ့် စမတ်ကဒ်ထဲမှာ လက်ကျန်(၃)ယွမ်ပဲကျန်တော့မယ်ဆိုရင်တော့ ထပ်မံ ငွေဖြည့်သွင်းဖို့ လိုအပ်တယ်။ ဒီကဒ်အတွက် ငွေဖြည့်ဖို့ကိုလည်း ဘူတာတွေမှာ ငွေဖြည့် ကောင်တာတွေထားပေးပါတယ်။ အခုဆိုရင် လက်မှတ်ဝယ်စရာမလိုတော့ပဲ ဟန်းဖုန်းနှင့် စကင်န်ဖတ်ပြီး စီးနင်းနိုင်ပြီဖြစ်ပါတယ်။

 တရုတ်အစိုးရအနေနဲ့ နည်းပညာကဏ္ဍ တိုးတက်လာနဲ့အမျှ ပြည်သူတွေရဲ့ လူမှု ဘ၀ ပိုမိုသာယာအဆင်ပြေစေဖို့အတွက် လုပ်ဆောင်နေပြီး အခုပြည်သူအများစု အသုံးပြု တဲ့ မြေအောက်လိုင်းတွေရဲ့ တိုးချဲ့ခြင်းတွေနှင့် ပြုပြင်ခြင်းတွေကို စီမံချက်ချဆောင်ရွက်နေ ပါတယ်။ လက်ရှိမှာ လိုင်းပေါင်း(၂၀)ရဲ့ (၃၅၀)ကီလိုမီတာအရှည်အထက်ရှိတဲ့ မြေအောက် ဆောက်လုပ် ရေးလုပ်ငန်းတွေကို ၂၀၁၇မှာစတင်ခဲ့ပါတယ်။ မြေအောက်ရထားလိုင်းသစ် တွေဟာ Subwayရဲ့ လွမ်းခြုံမှုကို သိသိသာသာကျယ်ပြန့်လာမှာဖြစ်ပြီး အထူးသဖြင့် မြို့တောင်ပိုင်းနှင့် မြို့အနောက်ပိုင်းတွင်မှာ သိသာနိုင်ပါတယ်။ လိုင်း-၁၄ရဲ့ လမ်းကြောင်း နှစ်ခုကိုလည်း မြို့ရဲ့အရှေ့တောင်ပိုင်းမှာ ဗဟိုပြုပြီး L-ပုံစံချိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Fangshanလိုင်းကိုလည်း ချဲ့ထွင်ပြီး လိုင်း-၁၀၊ လိုင်း-၁၆တို့နှင့် ချိတ်ဆက်သွား မှာဖြစ်ပါတယ်။ ဒါက အနာဂတ်မြေအောက်ရထား လိုင်းချဲ့ထွင်သွားမယ့် စီမံချက် တွေဖြစ်ပြီး ပီကင်းမြို့ရဲ့ ရထားကွန်ရစ် စုစုပေါင်းအရှည်ဟာ ၂၀၂၁ခုနှစ်မှာ (၉၉၉) ကီလို မီတာ (၆၂၁ မိုင်)အထိ တိုးချဲ့ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။ ဒါ့ကတော့ ကျွန်တော်ပီကင်းမြို့မှာနေစဉ် ကျွန်တော့်အတွက် သွားလာရေးအဆင်ပြေစေတဲ့ Bejing Subwayအကြောင်းကို အလင်းသင့်ကို ရှင်းပြတာပါ။ သူတို့နိုင်ငံကတော့ ပြည်သူတွေရဲ့ သွားလာရေးအဆင်ပြေဖို့အတွက် ပိုပိုပြီးလုပ်ဆောင်လာနေတယ်။

   ကျွန်တော် တစ်ခါတစ်ခါမြေအောက်ရထားစီးရင်းနဲ့ စိတ်ကူးယဉ်မိတယ်။ ကျွန်တော်တို့နိုင်ငံမှာဆို ဘယ်လောက်ကောင်းမလဲလို့။ ပြည်သူတွေအနေနဲ့ သွားလာရေး အတွက် အချိန်ပေးရတဲ့ကိစ္စတွေသက်သာသွားမယ်။ တစ်နေရာမှတစ်နေရာသွားလာဖို့ စဉ်းစားတွေဝေနေစရာမလိုတော့ဘူး။ အချိန်တိုအတွင်းမှာ ကိုယ်သွားလိုရာကို စိတ်ချမ်းချ မ်းသာသာသွားလာနိုင်ကြမယ်။ ဒီလိုသွားလာရေးအဆင်ပြေသွားတာနှင့်အမျှ အခြား လူမှု ရေး၊ ပညာရေး၊ကျန်းမာရေး စတဲ့ ကဏ္ဍတွေပါ ကျွဲကူးရေပါ ဆိုသလို အလိုက်သင့်အဆင် ပြေ တိုးတက်လာမယ်။ ဒါက ကျွန်တော့်အတွေးတွေထဲက  စိတ်ကူးယဉ်မှုလေးတွေပါ။

 ဒီတရုတ်နိုင်ငံ ပီကင်းမြို့မှာဆို ပြည်သူတွေအနေနဲ့ ဘယ်နေရာသွားသွား သက် သက်သာသာနှင့် လိုရာကိုရောက်နိုင်တယ်။ နောက် ပီကင်းကနေ အခြားမြို့ရွာတွေကို သွားချင်ရင်လည်း လေယာဉ်၊ ကျည်ဆံရထား၊ အမြန်ရထားစီးပြီး သွားလာနိုင်တယ်။ ဒီက ပြည်သူတွေမှာ သွားလာရေးအတွက်  ဘယ်လောက်အဆင်ပြေလိုက်ပါသလဲ။ ကျွန်တော် အရမ်းအားကျမိတယ်။ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀နှင့်လမ်းပန်းဆက်သွယ်ရေးဟာ တိုက် ရိုက်အချိုးကျတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိနေရင် ပြည်သူတွေရဲ့ လူမှုဘ၀က လည်း နောက်ကျကျန်နေခဲ့မယ်။ တကယ်လို့ လမ်းပန်းဆက်သွယ်ရေးကောင်းသွားရင် တော့ ပြည်သူတွေရဲ့လူမှုဘ၀ဟာလည်း အရှိန်နဲ့တိုးတက်ဖွံ့ဖြိုးလာပါတယ်။ ဒီအကျိုးတရား ကို လက်တွေ့ခံစားနေကြရတဲ့သူတွေကတော့ တရုတ်နိုင်ငံက ပြည်သူတွေဖြစ်နေ တယ်ဆို တာပါပဲ----။

                                              အောင်မာန်(ဆော)

                                  ၂၂-၅-၂၀၁၈

   Webradio