• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှ ပေးသည့် စီးပွားရေး အခွင့်အခါများကို ဗီယက်နမ် လက်မလွှတ်

(GMT+08:00) 2018-06-25 15:50:08

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ရုရှားနိုင်ငံတွင် ကျင်းပလျက်ရှိကြောင်း၊ ဗီယက်နမ် နိုင်ငံ၏ လက်မှုလုပ်ငန်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်း လုပ်ငန်း၊ စားသောက်ဆိုင်နှင့် ခရီးသွား လုပ်ငန်းများသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှ ပေးသည့် စီးပွားရေး အခွင့်ကောင်း များကို လက်မလွှတ်ဘဲ အကျိုးအမြတ် များစွာ ရရှိကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တော် ဆင်ခြေဖုံးဒေသက ကျွေးရွာ တစ်ရွာရှိ ပလာစတာရုပ် ထုလုပ်သည့် လက်မှု အလုပ်ရုံတစ်ခုတွင် လက်မှုပညာသည်များသည် ကမ္ဘာ့ဖလားဆု၏ ရုပ်တုများကို အပူတပြင်း လုပ်နေကြကြောင်း၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပစဉ် အတွင်း ၄င်းအလုပ်ရုံမှ ထုလုပ်သည့် ကမ္ဘာ့ဖလားဆု ရုပ်တုများကို ဗီယက်နမ် တစ်ပြည်လုံး အနှံ့တွင် ရောင်းချသည့် အပြင်၊ ရုရှား၊ ဂျာမဏီနှင့် ပိုလန်စသည့် နိုင်ငံများမှ ကြိုတင်မှာယူမှုများလည်း ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် အပတ်အတွင်း ကမ္ဘာ့ဖလားဆု ရုပ်တု ၃၀၀ကို ရုရှားနိုင်ငံသို့ ရောင်းချခဲ့ကြောင်း၊ ယခုအထိ ၄င်းသည် ကမ္ဘာ့ဖလားဆု ရုပ်တု ၂၅၀၀ခန့်ကို ရောင်းချခဲ့ပြီ ဖြစ်ပြီး ရည်မှန်းချက်မှာ စုစုပေါင်း ၅ထောင် ရောင်းချရန် ဖြစ်ကြောင်း သိရသည်။

ဟနွိုင်းမြို့လယ်ခေါင်းရှိ အကြီးစား စားသောက်ဆိုင်တစ်ဆိုင်တွင် အယ်လ်စီတီ ၃-၄ဆယ်နှင့် လက်မ ၅၀၀ ကျယ်ဝန်းသော ဖန်သားပြင်ကြီး တစ်လုံးရှိကြောင်း၊ ယခုတွင် ၄င်းစားသောက်ဆိုင်သည် နိုင်ငံ အသီးသီးမှ ဘောလုံးဝါသနာရှင်များ၏ စုစည်းရာ နေရာ ဖြစ်လာပြီး နေ့စဉ် ပျမ်းမျှအားဖြင့် စားသုံးသူ ၂-၃ရာကို လက်ခံပြီး ဘီယာ လီတာ ၂၀၀ခန့် ရောင်းချနိုင်ကြောင်း၊ အချို့ညတွင် ၄င်းစားသောက်ဆိုင်သို့ လာရောက်သည့် ဘောလုံး ဝါသနာရှင် ၅-၆ရာတောင် ရှိကြောင်း သိရသည်။

ဗီယက်နမ် အမျိုးသား ရုပ်မြင်သံကြားဌာန ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ထုတ်လွှင့်ခွင့်ရရှိပြီး ဗီယက်နမ်က ဘောလုံးဝါသနာရှင်များစွာသည် ပြိုင်ပွဲများကို ကြည့်ရှုရန် ရုပ်မြင်သံကြားစက်သစ်ကို ဝယ်ယူခဲ့ကြောင်း၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပစဉ် အတွင် ဟနွိုင်းမြို့ရှိ အကြီးစား အိမ်သုံး လျှပ်စစ်ပစ္စည်း အရောင်းဆိုင် တစ်ခု၏ ရုပ်မြင်သံကြားစက် ရောင်းချမှု ပမာဏသည် ရာခိုင်နှုန်း ၃၀ခန့် တိုးလာခဲ့ကြောင်း သိရသည်။

ချမ်းသာသည့် ဗီယက်နမ် ဘောလုံးဝါသနာရှင် အချို့သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကိုယ်တိုင်ကြည့်ရှုရန် ရုရှားနိုင်ငံသို့ သွားရောက်ကြောင်း၊ ဗီယက်နမ် ခရီးသွား အေဂျင်စီအချို့သည် ၇ရက်(သို့) ၉ရက်ကြာ မော်စကိုနှင့် စိန်ပီတာစဘတ် ခရီး အစီအစဉ်များကို လုပ်ပေးထားကြောင်း သိရသည်။

   Webradio