• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Yao တိုင်းရင်းသားတို့တည်ရှိရာ ဟိုပျန်(Hebian)ရွာက ပြန်ခဲ့တယ်

(GMT+08:00) 2018-05-14 15:44:54

 

 

 

 

 

ပြီးခဲ့တဲ့သင်္ကြန်ကာလတုန်းက ကျွန်တော် ယူနန်ပြည်နယ်ရှစ်ဆောင်ပဏ္ဍား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ( Xishuangbanna Dai Autonomous Prefecture) ကိုလေ့လာရေးခရီးထွက်ခွင့်ရခဲ့တယ်။ ဒီခရီးစဉ်မှာတော့ ရှစ်ဆောင်ပဏ္ဍား (Xishuang banna) မှာကျင်းပတဲ့သင်္ကြန်ပွဲ၊ တရုတ်-လာအိုနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မုံလ (Men gla)ခရိုင်က ဟိုပျန်(Hebian)ရွာရဲ့ ဆင်းရဲမှုနွမ်းပါးမှုလျော့ချရေးလုပ်ငန်းတွေကို လေ့လာဖို့ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ကျွန်တော်က နိုင်ငံခြားသားဝန်ထမ်းတစ်ယောက်အနေနဲ့ အထူးလိုက်ပါခွင့်ရခဲ့တာပါ။

ကျွန်တော်တို့အဖွဲ့ဟာ ရှစ်ဆောင်ပဏ္ဍားကို ရောက်ပြီး နောက်တစ်နေ့မှာပဲ မုံလ ခရိုင်ဒေသ(Mengla Country)က ဟိုပျန်(Hebian)ရွာကလေးဆီကိုထွက်ခွါလာခဲ့ကြတယ်။ ခရီးစဉ်ကတော့ ရှစ်ဆောင်ပဏ္ဍားကနေမုံလ(Mengla)၊ မုံလ(Mengla)ကနေမှ ဟိုင်ပျန် (Hebian)ရွာ အဆင့်ဆင့်သွားရောက်ခဲ့ရတယ်။ (၄)နာရီခန့် ကားစီးရမယ်လို့ထင်တယ်။ မုံလ (Mengla)မြို့ကနေဆိုရင်တော့ တစ်နာရီခွဲကျော်ကျော် (၂)နာရီလောက်ကြာပါမယ်။ အဲဒီရွာကလေးကို သွားရောက်ရာလမ်းတစ်လျှောက်မှာ အများဆုံးတွေ့ရတာက ရာဘာ စိုက်ခင်းတောအုပ်စိမ်းစိမ်းတွေပါပဲ။ ရာဘာပင်တွေအတော်လေးဖြစ်ထွန်းအောင်မြင်နေ တာတွေကို တွေ့မြင်ရတယ်။ ငှက်ပျောစိုက်ခင်းတွေကိုလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ကြိုးကြားကြိုးကြား တွေ့ရတယ်။

ကျွန်တော်တို့အဖွဲ့လည်း ဘေးဘယ်ညာတစ်ခိုက ရာဘာစိုက်ခင်းစိမ်းစိမ်းတွေ ကိုငေးမောကြည့်ရှုခံစားသုံးသပ်ဆွေးနွေးလာကြရင်းက ဘွားကနဲတွေ့လိုက်ရတာက ရွာလေးတစ်ရွာ။ အိမ်ခြေသိပ်မများသေးမယ့် လှပခန့်ခြားတဲ့ ခေတ်ဆန်ဆန်အိမ်လေးတွေ၊ ဆောက်လက်စအဆောက်အဦးတွေက အစီအရီ။  ဘေးဝန်းကျင်က ရာဘာပင်စိမ်းစိမ်း တွေနဲ့ အရမ်းပဏာရလှပနေတယ်။ ကျွန်တော့်ရင်ထဲ မြန်မာနိုင်ငံနယ်စပ်ဒေသက တိုင်းရင်း သားကျေးရွာလေးတစ်ရွာကို ရောက်သွားသလို ခံစားလိုက်ရတယ်။ နောက်ပြီး ကျေးလက် တောရွာရဲ့ အငွေ့အသက်ကိုလည်း ပြန်ရလိုက်သလိုပဲ။ အဲဒီရွာလေးက ကျွန်တော့်တို့ လေ့လာကြမယ့် ဟိုင်ပျန်(Hebian)ဆိုတဲ့ ရွာကလေးပါတဲ့။

ဒီရွာလေးက တရုတ်-လာအိုနယ်စပ်မှာရှိပြီး Yao တိုင်းရင်းသားမျိုးနွယ်စုတွေ အများဆုံးနေထိုင်ကြတဲ့ တိုင်းရင်းသားရွာလေးတစ်ရွာပါ။ ဒီရွာကလေးကို ၁၉၈၂ခုနှစ်မှာ တည်တောင်ခဲ့ပြီး  ရှစ်ဆောင်ပဏ္ဍားအပူပိုင်းစွတ်စိုသဘာဝကြိုးဝိုင်းသစ်တောအတွင်း နန် လာဟီ(Nanlahe)မြစ်ဝှမ်းမှာတည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ(၈၀၀) အမြင့်မှာရှိတယ်။  ရာသီဥတုအနေနဲ့ ပျမ်းမျှအပူချိန်(၁၉.၂)ဆင်တီဂရိတ်ဆဲစီးရပ်ရှိပြီး တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန်မှာ (၁၆၀၀)မီလီမီတာကနေ (၁၇၈၀)မီလီမီတာအထိရှိပါ တယ်။ ဒီရွာကလေးမှာ အိမ်ခြေ(၅၇)လုံးရှိပြီး လူဦးရေက (၂၀၆)ရှိပါတယ်။ ဒီရွာမှာ စိုက်ပျိုး မြေဧရိယာက(၅၂.၂)ဟက်တာရှိပြီး အဲဒီထဲမှာ လယ်ဧရိယာက (၉.၇၁)ဟက်တာရှိပါတယ်။ အရင်ကာလတွေက ရွာသူရွာသားအများစုဟာ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေနဲ့ အဓိကအသက်မွေးကြတယ်။ သူတို့အဓိကစိုက်ပျိုးတာက ကြံ၊ ဂျုံ၊ပြောင်းတို့ဖြစ်ပြီး မွေးမြူ ရေးကတော့ ၀က်မွေးမြူရေးကိုလုပ်ကိုင်ကြတယ်။ ရွာသူရွာသားတွေဟာ ယေဘုယျအား ဖြင့် တဲအိမ်တွေဆောက်ပြီး မွေးမြူထားတဲ့ကျွဲနွားတိရိစ္ဆာန်တွေနဲ့ အနီးကပ်နေထိုင်ခဲ့ကြ တယ်လို့သိရပါတယ်။ အဲဒီရွာကလေးဟာ မြို့ပြနှင့်ဆက်သွယ်မှုနည်းပါးတဲ့အတွက် ရွာသူ ရွာသားတွေအနေနဲ့ အသိပညာနည်းပါးခဲ့ကြသလို မိမိဒေသထွက် သီးနှံထွက်ကုန်တွေကို ဈေးကွက်ရှာဖို့ မလုပ်နိုင်ခဲ့ကြပါဘူး။ အဲဒီအတွက်ကြောင့် အဲဒီရွာကလေးဟာ ဆင်းရဲနွမ်းပါး မှုဒဏ်ကို ကြုံ တွေ့လာခဲ့ကြရပြီး လူမှုဘ၀ဖွံ့ဖြိုးမှုနိမ့်ကျခဲ့တယ်လို့သိရပါတယ်။  

တရုတ်အစိုးရဟာ ၂၀၁၁ ခုနှစ်က နိုင်ငံအတွင်းမှာ ဆင်းရဲနွမ်းပါးမှုကို ပပျောက် အောင်တိုက်ဖျက်ပြီး ၂၀၂၀မှာ ပြည်သူအားလုံးအသင့်အတင့်ချမ်းသာအောင် ဆောင်ရွက် မယ်ဆိုတဲ့ အစီစဉ်တစ်ရပ်ကိုရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံချက်အရ အစိုးရရဲ့ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းအားပေးလုပ်ဆောင်နေမှုအခြေအနေတွေနဲ့ ဒေသတစ်ခုမှာအကောင်း ဆုံး ရင်းနှီးမြှပ်နှံမှုအရင်းအမြစ်တွေကို တင်ပြရန်ပါဝင်ပါတယ်။ ဒီစီမံချက်အရ ဟိုပျန် (Hebian)ရွာရဲ့ ဆင်းရဲနွမ်းပါးများ ပြားနေခြင်းကို စီမံထိန်းချုပ်နိုင်ဖို့ ပြည်စုံတဲ့အားထုတ် ဆောင်ရွက်ခဲ့မှုဟာအောင်မြင်ခဲ့ပြီး ဒီရွာရဲ့ထိရောက်တဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို တရုတ်လူမှုကူညီရေး အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်။

ဒီဟိုပျန်(Hebian)ရွာရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချကို ဦးဆောင်ပြုလုပ်ခဲ့သူက တရုတ်စိုက်ပျိုးရေးတက္ကသိုလ်မှပါမောက္ခလီရှောင်ယွင် (Li Xiaoyun)ဖြစ်ပါတယ်။ ပါမောက္ခ လီရှောင်ယွင်(Li Xiaoyun)အနေနဲ့ဆင်းရဲနွမ်းပါးမှု လျော့ချရေးသုတေသနလုပ်ငန်းကို နှစ် ပေါင်း(၂၀)ကျော် လေ့လာမှု တွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သူဟာ ၂၀၁၅ခုနှစ်က Hebianရွာမှာ "ရှောင်ယွင်ဆင်းရဲ နွမ်းပါးမှုလျော့ချရေးစင်တာ" (Xiaoyun Poverty Alleviation Centre)ကို တည်ထောင်ခဲ့တယ်။ ဒီစင်တာဟာ အစိုးရနဲ့လူမှုအဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှုအသစ်ဖြစ်ပြီး လေ့လာမှုတွေနှင့်သတင်းရယူတွေကို ကျယ်ပြန့်စွာလုပ် ဆောင်နိုင်ပါတယ်။

လီရှောင်ယွင်ဟာ ခေတ်သစ်ဟိုင်ပျန်(Hebian)ရွာ တည်ဆောက်မှုစီမံချက်ကို ရေးဆွဲခဲ့တယ်။ အဲဒီရွာမှာ ကိုယ်ပိုင်စွမ်းအားတွေများပြားခြင်း၊ သဘာဝအရင်းအမြစ်တွေ များပြားခြင်း၊မိုးသစ်တောတွေရှိခြင်း။ နောက်တစ်ခါ ခရီးသွားတွေကိုစွဲဆောင်နိုင်တဲ့ Parash -oreaသစ်ပင်သိပ္ပံဧရိယာနှင့်နီးခြင်း စတဲ့အားသာချက်တွေကိုအခြေပြုပြီးတော့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ပထမလုပ်ငန်းစဉ်ကို လီရှောင်ယွင် (Li Xiaoyun)ကရေးဆွဲတယ်။  လီရှောင်ယွင် (Li Xiaoyun)ရဲ့အစီအစဉ်က ဟိုပျန်(Hebian)ရွာကို စီးပွားရေးခရီးသွား မြို့တော်နှင့် အဆင့်မြင့်ဆုံးအစည်းအဝေးတွေ ကျင်းပရာနေရာအဖြစ်ရည်ရွယ်ပါတယ်။ ဒါ့ကြောင့် ဒီအဲဒီအစဉ်ထဲမှာ တစ်ကြိမ်တည်း အနာဂတ်ခရီးသွားလုပ်ငန်းအတွက်ပါ ရည်ရွယ်ပြီး "ယောင်"မိသားစုဧည့်ရိပ်သာ (Yao family guesthouses)တွေအဖြစ် နေအိမ် အဆောက်အဦတွေ ဆောက်လုပ်တယ်။  ဒီ "ယောင်"မိသားစုဧည့်ရိပ်သာ (Yao family guesthouses)တွေမှာတည်းခိုခြင်းဖြင့် ခရီးသွားအနေဖြင့် ဒေသခံတွေနဲ့အတူတစ်အိမ် တည်းနေထိုင်ကြပြီး သူတို့ရဲ့ဒေသရိုးရာယဉ်ကျေးမှုတွေကို နစ်မြှပ်ခံစားရင်း အတွေ့အကြုံ တွေရရှိနိုင်တယ်။ ဒေသခံရွာသားတွေလည်း ၀င်ငွေတိုးမယ်။ ဒါကတော့ ဆင်းရဲနွမ်းပါးမှု လျော့နည်းရေးအတွက် လီရှောင်ယွင် ရေးဆွဲဆောင်ရွက်ခဲ့တဲ့ပထမလုပ်ငန်းစဉ်ပါ။

လီရှောင်ယွင်(Li Xiaoyun)ရဲ့ ဒုတိယလုပ်ငန်းစဉ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက် ရေးဆောင်ရွက်မှုအနေနဲ့ ဟိုပျန်(Hebian)ရွာကို "သဘာဝမိုးသစ်တောဥများ" ("Natural Rainforest Eggs")ဆိုပြီး အမည်ပေးကာ ဘေကျင်း၊ ရှန်ဟိုင်းနှင့်အခြားမြို့ကြီးများက  ကုန်သွယ်ရေးအုပ်စုကြီးတွေကို အွန်လိုင်းစီးပွားရေးပလက်ဖောင်းကနေ ချိတ်ဆက်မှုတွေ ပြုလုပ်မယ်။ သူ့ရဲ့ "သဘာဝ မိုးသစ်တောဥများ" ("Natural Rainforest Eggs")အစီအစဉ်အရ ဒေသထွက်ကုန်တွေဖြစ်တဲ့ အညိုရောင်သကြား၊ ပျားကျွဲကော်သီး၊ ဂျပန်ငှက်ပျောသီး၊ ပျားရည်နှင့်အခြားသဘာဝ ထွက်ကုန်တွေကို ဈေးကွက်မှာတင်မယ်။ တစ်ချိန်တည်းမှာပဲ ဆောင်းသီးနှံစိုက်ပျိုးခြင်းကလည်း ဖွံ့ဖြိုးလာပြီး လုပ်ငန်းထောက်ပံ့မှုအမျိုးအစားအနေနဲ့ တိုးတက်မှုတွေရရှိမယ်။ အဲဒီကနေတစ်ဆင့် ရွာသူရွာသားတွေ ၀င်ငွေရမယ်။

တတိယလုပ်ငန်းစဉ်အနေနဲ့ကတော့ ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဆန်စပါး၊ ကြံ စတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်တယ်။ ဒီလုပ်ငန်းစဉ်မှာ အစိုးရနှင့်ပြည်သူ့လူမှုဖူလုံရေးအင်အားစုတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အစိုးရ အနေနဲ့နေအိမ်တွေနှင့် အခြေခံအဆောက်အဦတွေ ဆောက်လုပ်ဖို့အတွက် ယွမ်(၁၀)သန်း ထောက်ပံ့ခဲ့တယ်။ အစီအစဉ်အရ လယ်သမားတွေရဲ့ ကြွေးမြီတွေကိုလျော့ချနိုင်ဖို့ ဟိုပျန် (Hebian)ရွာတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အစီ အစဉ်ကနေ လူမှုကူညီထောက်ပံ့မှုတွေကိုရှာပေးခဲ့ပြီး တန်ဇန့်ကုမ္ပဏီရဲ့ " 9/9 Charity Day "အဖွဲ့ကလည်း "Yao ဧည့်ရိပ်သာ အထောက်အကူပြုအိမ်" (Yao Mama Guest- houses")အဆောက်အဦးကို ဆောက်လုပ်နေပါတယ်။

ဟိုပျန်(Hebian)ရွာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်အတွက် ၂၀၁၅ ခုနှစ် မှာထောက်ပံ့ငွေ ယွမ်(၁၁)သိန်းနှင့် ၂၀၁၆ခုနှစ်မှာ ယွမ်(၆)သိန်း အသီးသီးရရှိခဲ့ပါတယ်။ ဒီစီမံချက်အတွက် အလှူငွေရရှိနိုင်ဖို့အတွက်ကိုလည်း AIDE ဖောင်ဒေးရှင်းနှင့်  China Women's Development Foundationတို့ရဲ့ထောက်ပံမှုနှင့် ပြည်သူ့အဖွဲ့အစည်းတစ်ခုကို တည်တောင်ခဲ့ပါတယ်။ အဲဒီငွေလှူဒါန်းမှုအစီအစဉ်မှာ တရုတ်ကုန်သည်များဖောင်ဒေး ရှင်းနှင့် သြစတြေးလျသံရုံးတို့ကလည်းပါဝင်ခဲ့ပါတယ်။ "9/9 charity Day" အဖွဲ့နှင့် အခြားလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့လှူဒါန်းမှုတွေကြောင့် အလှူငွေ(၃)သန်းကျော်ရ ရှိခဲ့ပြီး ဒီအလှူငွေတွေကို ရွာရဲ့ရှုခင်း၊ ခေတ်မီနေအိမ်၊ခေတ်မီအိပ်ခန်းဆောက်လုပ်မှုတွေ နှင့် "Yao Mama Guesthouse" ရဲ့အတွင်းပိုင်းပြင်ဆင်မှုတွေအတွက် အဓိကအသုံးပြုခဲ့ ပါတယ်။ အခုလို အစီအစဉ်လိုက် ဟိုပျန်(Hebian)ရွာရဲ့ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့ရာမှာ နှစ်နှစ်အတွင်းမှာပဲ ဒီရွာရဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေး စီမံချက်ဟာ အောင်မြင်ခဲ့ပြီး ယူနန်ပြည်နယ်ဒေသအစိုးရရဲ့ထောက်ခံမှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ Hebian ရွာကလေးဟာ အရင်ကာလတွေနှင့်မတူတော့ဘဲ တောက်ပသစ်လွင်နေတဲ့နေအိမ်တွေနှင့် လူမှုဘ၀ဖွံ့ဖြိုးစပြုနေပြီဖြစ်ပါတယ်။ လက်ရှိမှာ ခရီးသွားတွေ လာရောက်မှုနည်းပါးနေသေးပေမယ့်လည်း စိုက်ပျိုးရေး၊ ဆင်းရဲမှုလျော့ချရေး စတဲ့ လုပ်ငန်းတွေနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေက သုတေ သနပြုလုပ်တဲ့အဖွဲ့တွေကတော့ အမြဲမပြတ်လာရောက်လေ့ရှိသလို တစ်ခါတရံ အဆင့်မြင့် အစည်းအဝေးတွေလည်း လာရောက်ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက် အရသိရပါတယ်။ " အရင်က ဒီရွာရဲ့နေအိမ်တွေနှင့်လမ်းတွေက အရမ်းဆိုးခဲ့တယ်။ လူမှု စီးပွားရေးလည်းကျပ်တည်းခဲ့ပြီး စားဝတ်နေရေးအတွက် ခက်ခဲခဲ့ကြတယ်။ ၂၀၁၄မှာ မြိုပြ နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကိုလျှောက်လွှာတင်ခဲ့တဲ့အတွက် ၂၀၁၅မှာ စိုက်ပျိုး ရေးတက္ကသိုလ်က ပါမောက္ခလီရောက်လာပြီး ရွာသားတွေနဲ့အတူ ဆင်းရဲမှုလျှော့ချမှုလုပ် ငန်းတွေကိုစလုပ်ခဲ့တယ်။ အစိုးရကလည်း ချေးငွေထုတ်ပေးတယ်။ ဒီချေးငွေတွေနဲ့ ရွာဖွံ့ဖြိုး ရေးလုပ်ခဲ့တဲ့အခါ အခုဆို လမ်းတွေကောင်းလာတယ်။ ဒေသထွက်ကုန်တွေကို ဈေးကွက် အထိ တင်ပို့လာနိုင်တဲ့အတွက် ၀င်ငွေတွေရရှိလာတယ်။၊ ကလေးတွေရဲ့ ပညာရေးလည်း အဆင်ပြေလာတယ်"လို့ ကျေးရွာပါတီအတွင်းရေးမှူး ဖူလင် (Fulin)ပြောပါတယ်။

ဒါဟာ တရုတ်အစိုးရရဲ့ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဉ်ကို ထိထိရောက် ရောက်ဆောင်ရွက်ခဲ့ခြင်းရဲ့ အကျိုးရလဒ်ကြောင့်လို့ဆိုချင်ပါတယ်။ တရုတ်အစိုးရက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရဆို တစ်ပြည်လုံး ပြီးခဲ့တဲ့(၅)နှစ်အတွင်းမှာ ဆင်းရဲသူဦး ရေ(၆၈)သန်းအထိ လျော့နည်းလာခဲ့တာတွေ့ရပါတယ်။ အခု ၂၀၁၈ခုနှစ်အတွင်းမှာ ကျေး လက်ဒေသဆင်းရဲသူဦးရေ(၁၀)သန်းအထိ လျော့နည်းအောင်ဆောင်ရွက်သွားမယ်လို့သိရ တယ်။ အခု ဟိုပျန်(Hebian)ရွာကလေးဟာဆိုရင်လည်း ပြီးခဲ့တဲ့(၅)နှစ်အတွင်းက ဆောင် ရွက်ခဲ့တဲ့ ဆင်းရဲမှုလျော့ချရေးစီမံချက်ကြောင့် အစစအရာရာပြောင်းလဲသွားခဲ့ပါပြီ။ ဒီရွာ ကလေးကို မြို့အဖြစ်ပါ စီမံချက်ရေးဆွဲထားမို့ နောက်ဆိုရင်တော့ ရာဘာပင်တောအုပ် စိမ်းစိမ်းတွေကြားမှာ လှပနေတဲ့ခရီးသွားမြို့လေးအဖြစ်ပါ မြင်တွေ့လာရတော့မှာဖြစ်ပါ တယ်။ ဒီရွာလေးကအပြန် လမ်းမှာ ကျွန်တော် စဉ်းစားနေမိက "ကောင်းမွန်တဲ့စီမံချက်တွေ မှာ ကောင်းမွန်တဲ့ရလဒ်တွေရှိနေတတ်ပြီး ဒီလိုကောင်းမွန်တဲ့ စီမံချက်တွေကြောင့်ပဲ Yao တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့ဟိုပျန်(Hebian)ဆိုတဲ့ရွာကလေးဟာ အခုတော့ အရင်နဲ့မတူ ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီ "ဆိုတာပါပဲဗျာ။  

 

                                            အောင်မာန်(ဆော)

                                   ၂၇-၄-၂၀၁၈

   Webradio