• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၃၂ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး စင်ကာပူတွင် ဖွင့်လှစ်

(GMT+08:00) 2018-04-26 14:06:57

၃၂ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် သက်ဆိုင်ရာ အစည်းအဝေး များကို ယခုလ ၂၅ရက်နေ့က စင်ကာပူတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အစည်းအဝေးများကို ၂၈ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းသည် စင်ကာပူ အနေနှင့် ၂၀၁၈ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် တာဝန် ထမ်းဆောင်ပြီး ကျင်းပသည့် ပထမဆုံး အကြိမ် ထိပ်သီး အစည်းအဝေး ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် အစည်းအဝေး၏ အစီအစဉ်အရ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ အာဆီယံ ဆယ်နိုင်ငံမှ အရာရှိများသည် အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း ကောင်စီ အစည်းအဝေး၊ စီးပွားရေး အသိုက်အဝန်း ကောင်စီ အစည်းအဝေးနှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပါအဝင် အစည်းအဝေးများသို့ တက်ရောက် ကြမည် ဖြစ်ကြောင်း၊ ၃၂ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ၂၈ရက်နေ့တွင် တရားဝင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လွန်းသည် အစည်း အဝေးကို ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် မှလွဲ၍ မြန်မာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် အာဆီယံ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များသည် ယခုအကြိမ် ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ကြကြောင်း၊ ယခုအကြိမ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ် မှာ "ကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဆန်းသစ်တီထွင်ရေး" ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်ကြသော ထိပ်သီးခေါင်းဆောင်များသည် အာဆီယံ အနေနှင့် ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် အခွင့်ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြီး ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio