• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အစိုးရ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် မူကြမ်းကို စိစစ်ရန် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်ထံ တင်သွင်း

(GMT+08:00) 2018-03-13 14:59:19

လူအများ အာရုံစိုက်နေကြသော အကြိမ်သစ် တရုတ် အစိုးရ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် မူကြမ်းကို ယခုလ ၁၃ရက်နေ့က ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်ထံသို့ စိစစ်ရန် တင်သွင်းကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအဆိုပြုချက်မူကြမ်းအရ ပြန်လည်ထိန်းညှိပြီး တရုတ် အဆင့်အမြင့်ဆုံး စီမံ အုပ်ချုပ်ရေး လုပ်ငန်းဌာန ဖြစ်သည့် နိုင်ငံတော် ကောင်စီကို လုပ်ငန်းဌာန ၂၇ခုဖြင့် ဖွဲ့စည်းတည်ထောင်ထားမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းဌာနများတွင် အသစ်တည်ထောင် ဖွဲ့စည်းထားသော သဘာဝ သယံဇာတ ဝန်ကြီးဌာန၊ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလုပ်ငန်း ဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွား ဝန်ကြီးဌာန၊ အမျိုးသား ကျန်းမာရေး ကော်မရှင်၊ အငြိမ်းစားယူ စစ်မှုထမ်းရေးရာ ဝန်ကြီးဌာန စသည်များ ပါဝင်ကြောင်း၊ ဝန်ကြီးဌာနအဆင့် လုပ်ငန်းဌာန အရေအတွက်မှာ ၈ခုလျှော့ချသလို ဒုဝန်ကြီးဌာနအဆင့် လုပ်ငန်းဌာန ၇ခု လျှော့ချမည် ဖြစ်ကြောင်းလည်း သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီဝင် ဝမ်ယုံက ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် အစိုးရ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် မူကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ယခုအကြိမ် ပြုပြင်ပြောင်းလဲမှု၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပြတ်သားသော တာဝန်ဝတ္တရားရှိပြီး တရားဥပဒေနှင့် အညီ လုပ်ကိုင်ဆောင်ရွက် သော အစိုးရ စီမံအုပ်ချုပ်ရေး စနစ်ကို တည်ဆောက်ပြီး အစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်းကို တိုးမြှင့်ကာ ပြည်သူများက ကျေနပ်သော ဝန်ဆောင်မှုများ ပေးထားသည့် အစိုးရ တည်ဆောက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio