• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား နိုင်ငံရေး နယ်ပယ်မှ အရှိန်အဝါကြီးသူများ မုန့်လုံးရေပေါ်ပွဲတော် နွှဲပျော်ခြင်း လှုပ်ရှားမှုများတွင် ပါဝင်

(GMT+08:00) 2018-03-06 14:23:41

ယခုရက်များအတွင်း အင်ဒိုနီးရှား နိုင်ငံ ဒေသများစွာတွင် တရုတ် ရိုးရာ မုန့်လုံးရေပေါ် ပွဲတော် နွှဲပျော်ခြင်း လှုပ်ရှားမှုများကို ကျင်းပရာ အင်ဒိုနီးရှား နိုင်ငံရေး နယ်ပယ်မှ အရှိန်အဝါကြီးသူများ ပါဝင်ကြောင်း၊ ၄င်းတို့က အင်ဒိုနီးရှား၏ ယဉ်ကျေးမှု ဆိုင်ရာ အမျိုးအစား စုံစုံလင်လင်ထားရှိနိုင်ခြင်း အပေါ် ချီးကျူးခဲ့ကြောင်း တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုလ ၂ရက်နေ့သည် တရုတ် ရိုးရာ မုန့်လုံးရေပေါ်ပွဲတော်နေ့ ဖြစ်သည်။ အင်ဒိုနီးရှား လူငယ်နှင့် အားကစား ဝန်ကြီး အီမန်နှင့် သာသနာရေး ဝန်ကြီး လွတ်မန်တို့သည် သမ္မတ ဂျိုကို၏ ကိုယ်စား အနောက် ကာလီမန်တန် ပြည်နယ် စင်ကာဝမ်မြို့တွင် ကျင်းပသော မုန့်လုံးရေပေါ်ပွဲတော် လှည့်လည်ပွဲ လှုပ်ရှားမှုများတွင် ပါဝင်ကြကြောင်း၊ ယင်းလှုပ်ရှားမှု များတွင် ယဉ်ကျေးမှု လှည့်လည်ပွဲ၊ အပြေးပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပွဲ၊ တရုတ် ရိုးရာ နဂါးအကနှင့် ခြင်္သေ့အကစသည်များ ပါဝင်ကြောင်း သိရသည်။

ယခုလ ၃ရက်နေ့က ဂျာကာတာ အထူး ဒေသကြီး ပြည်နယ် အုပ်ချုပ်ရေးမှူး အာနီစ်၊ ဒုအုပ်ချုပ်ရေးမှူး ရှန်ဒီတို့သည် ဂျာကာတာမြို့ ဘန်ကြည်လန်တွင် အသစ်တည်ဆောက် ထားသော တရုတ် ပုံစံ ကုန်စုံဆိုင် တစ်ခုသို့ သွားရောက်ပြီး ဂျာကာတာ မြို့သူမြို့သားများ နှင့်အတူ မုန့်လုံးရေပေါ်ပွဲတော်ကို အတူ နွှဲပျော်ကြကြောင်း သိရသည်။

ယခုလ ၄ရက်နေ့က ကျင်းပသော ဂျာကာတာ မုန့်လုံးရေပေါ်ပွဲတော်၏ ကာနီဗာ ပွဲတော်သည် အစည်ကားဆုံး နွှဲပျော်ခြင်း လှုပ်ရှားမှု ဖြစ်ကြောင်း၊ အင်ဒိုနီးရှား လွှတ်တော် ဥက္ကဋ္ဌ ဘမ်ဘန် စိုစာတီအို၊ ပြည်သူ့ အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌ ဇူလ်ကီဖ်လီ ဟာစန်၊ ဒေသန္တရ ကိုယ်စားလှယ်များ ကောင်စီ ဥက္ကဋ္ဌ အိုစမန်၊ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု စီမံခန့်ခွဲရေး ဝန်ကြီး ပူအန်၊ ပြည်ထဲရေး ဝန်ကြီး ဂျာဟ်ရို ကူမိုလိုနှင့်  ဆက်သွယ်ရေး ဝန်ကြီး ရူဒီ အန်တာရာတို့သည် ၄င်းကာနီဗာပွဲတော်တွင် ပါဝင်ကြကြောင်း၊ ၄င်းတို့က မုန့်လုံးရေပေါ်ပွဲတော် နွှဲပျော်ခြင်း လှုပ်ရှားမှုများသည် အင်ဒိုနီးရှားတွင် အရေးကြီးသော ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှု တစ်ခု ဖြစ်ပြီး အင်ဒိုနီးရှားရှိ လူမျိုးများ အကြား အပြန်အလှန် သက်ညှာထောက်ထားမှုထားရှိခြင်း၊ လူမှုရေး သင့်မြတ်သာယာရေး နှင့်တည်ငြိမ်ရေးကို ပြဆိုနေကြောင်း ဖော်ပြသည်ဟု တရုတ် သတင်းဌာနမှ သိရသည်။

   Webradio