• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား၏ စမတ်မြို့တော် တည်ဆောက်ရေးကို တရုတ် ကူညီပံ့ပိုး

(GMT+08:00) 2018-02-26 14:55:48

မကြာခင်က မလေးရှား နိုင်ငံ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဌာနနှင့် ကွာလာလန်ပူမြူနီစီပယ်တို့က မြို့ပြကို ပိုမိုစနစ်ကျလာအောင်နှင့် နေထိုင်မှုကို ပိုမို အဆင်ပြေစေရန် အတွက် တရုတ်ပြည်မှ Aliyun ET မြို့ပြဦးနှောက်ကြီးဟု နာမည် ပေးထားသော A.Iနည်းပညာကို ခေါ်ယူတင်သွင်းပြီး ၄င်းနည်းပညာကို လမ်းပန်း ဆက်သွယ်ရေး စီမံခန့်ခွဲမှု၊ မြို့ပြတည်ဆောက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး စသည့် နယ်ပယ်များတွင် ဘက်စုံ အသုံးပြုမည်ဟု ကြေညာကြောင်း တရုတ် ပြည်သူ့နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

Aliyun ET မြို့ပြဦးနှောက်ကြီးသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ အတိုင်းအတာ အကြီးမားဆုံး အများပြည်သူ့ A.I စနစ် ဖြစ်ပြီး တစ်မြို့လုံးကို ဘက်ပေါင်းစုံမှ မျက်ခြေမပြတ် အကဲဖြတ် သုံးသပ်လေ့လာပြီး အများပြည်သူ့ အရင်းအမြစ်များ အပေါ် ထိန်းညှိမှုနှင့် စီစဉ်မှုကို အလိုအလျောက် ဆောင်ရွက်ကာ မြို့ပြလည်ပတ်မှုတွင် မှားယွင်းမှုများကို ပြင်ဆင်ပေးနိုင်ပြီး အနာဂတ် မြို့ပြ အခြေခံ အဆောက်အအုံများ၏ အရေးကြီး အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရာရှိကြောင်း သိရသည်။

မလေးရှား ပြည်ထောင်စု တိုက်ရိုက်အုပ်ချုပ်ရေး ဒေသ ဝန်ကြီး အာဒေနန်က ကွာလာလန်ပူမြို့တွင် လူဦးရေ ၁သန်း၈သိန်းခန့်ရှိပြီး မော်တော်ယာဉ်အရေအတွက်မှာ ၄သန်း၈သိန်းကျော်ရှိကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် လူတစ်ဦးချင်း ပျမ်းမျှ မော်တော်ယာဉ် ပိုင်ဆိုင်မှု ပမာဏမှာ ၃စီးရှိကြောင်း၊ ထို့အပြင်၊ အခြားဒေသများနှင့် ပြည်ပမှ ခရီးသည် အမြောက်အမြားရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေ အလွန် ဆိုးရွားကြောင်း၊ Aliyun A.Iနည်းပညာကို ခေါ်ယူတင်သွင်းခြင်း၏ ရည်ရွယ်ချက်မှာ ဒီဂျစ်တယ် နည်းပညာဖြင့် ယင်းပြဿနာများကို ဖြေရှင်းရန် ဖြစ်ကြောင်း ၄င်းနည်းပညာ ခေါ်ယူတင်သွင်းရေး လက်မှတ်ရေးထိုးချုပ်ဆိုပွဲတွင် ပြောကြားသည်ဟု သိရသည်။

   Webradio