• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မဲခေါင် မြစ်ဝှမ်းဒေသ ၅နိုင်ငံသည် တရုတ်ပြည် လုပ်ကိုင်သော လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမှ အကျိုးများ ရရှိ

(GMT+08:00) 2018-01-11 15:21:40

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၀ရက်နေ့က ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ကျင်းပခဲ့သော ဒုတိယ အကြိမ် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးများ အစည်းအဝေးတွင် လန်ဆန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး အောင်မြင်မှုများကို ပြန်လည် သုံးသပ်ပြီး အနာဂတ်တွင် မဲခေါင်မြစ် ဝှမ်းဒေသ၌ ပြည်သူများ၏ စားဝတ်နေရေး အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးခြင်း ဆိုင်ရာ တရုတ်ပြည်မှ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို တင်ပြခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းအရ သိရသည်။

လီခေ့ချန်က လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စနစ် စတင် ဆောင်ရွက်ခဲ့သည့် ၂နှစ် အတွင်း "နေ့တိုင်းမှာ တိုးတက်မှု ရရှိပြီး လတိုင်းမှာ အောင်မြင်မှု ရရှိကာ နှစ်တိုင်းမှာ အဆင့်သစ်ကို ရောက်ရှိ"ခဲ့ကြောင်း၊ ယင်းစနစ်သည် ဒေသတွင်း အရှင်သန်ဆုံးနှင့် အောင်မြင်မှု အများဆုံး ရရှိခဲ့သော ပူးပေါင်းဆောင်ရွက်ရေး စနစ်များတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာပြီး လာအို၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာကြောင်း၊ ၂၀၁၇ခုနှစ်တွင် တရုတ်ပြည်နှင့် မဲခေါင်မြစ်ဝှမ်း ဒေသ ၅နိုင်ငံအကြားရှိ ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၂၀ရှိပြီး ၂၀၁၆ခုနှစ်ကထက် ၁၆ရာခိုင်နှုန်း တိုးလာသည်ဟု ပဏာမ စာရင်းအရ သိရကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လီခေ့ချန်က ၅နိုင်ငံတွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄၂ဘီလီယံကျော်ရှိပြီး ၂၀၁၇ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ရာခိုင်နှုန်း ၂၀ကျော် တိုးလာခဲ့ကြောင်း၊ ပထမအကြိမ် လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးများ အစည်းအဝေး ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်နှင့် ၅နိုင်ငံတို့ အကြား လေကြောင်းလိုင်းသစ် ၃၃၀ကျော်ကို ဖွင့်လှစ်ပြီး ၂၀၁၇ခုနှစ်တွင် ထန်ထမ်း သွားလာမှု ပမာဏမှာ သန်း ၃၀ခန့် ရှိကြောင်း ပြောကြားသည်။

လီခေ့ချန်က တရုတ်ပြည်မှ ကတိပြုထားသည့် ဦးစားပေး ချေငွေ တရုတ် ယွမ်ငွေ ၁၀ဘီလီယံ၊ ဝယ်သူအား ဦးစားပေး ပို့ကုန် ဆိုင်ရာ ချေးငွေ အမေရိကန် ဒေါ်လာ ၅ဘီလီယံနှင့် ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သီးသန့် ချေးငွေ ကန်ဒေါ်လာ ၅ဘီလီယံ အစီအစဉ်များကို လက်တွေ့ဖော်ဆောင်နေကြောင်း၊ ယင်းချေးငွေများသည် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများတွင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်း ဖြစ်ထွန်းရေး ဆိုင်ရာ အကြီးစား လုပ်ငန်းရပ် ၂၀ကျော် အတွက် ကျားကန်ပေးကြောင်း ပြောကြားသည်။

ဆက်လက်၍ လီခေ့ချန်က ကျန်းမာရေးသည် ပြည်သူများ၏ ချမ်းမြေ့သာယာရေး အတွက် အခြေခံအုတ်မြစ် ဖြစ်ပြီး နိုင်ငံတော် ချမ်းသာတောင့်တင်းရေး အတွက် အာမခံချက်လည်း ဖြစ်ကြောင်း၊ တရုတ်ပြည် ဦးစီးပြုလုပ်သော "မဲခေါင်မြစ် အလင်းရောင် ခရီးစဉ်"လှုပ်ရှားမှုကြောင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ ၃နိုင်ငံတွင် မျက်စိ အတွင်းတိမ် ရောဂါဝေဒနာရှင် ၈၀၀ခန့်သည် မျက်စိအလင်းရရှိခဲ့ကြောင်း၊ တရုတ်ပြည်သည် သက်ဆိုင် ရာနိုင်ငံများနှင့်အတူ ကူးစက်ပြန့်ပွားသည့် ရောဂါများ ပူးတွဲ ထိန်းချုပ်ကာကွယ်ရေး စနစ်ကို တည်ဆောက်လိုကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု စနစ် ကောင်းမွန်ပြည့်စုံစေရေး အတွက် ကူညီပံ့ပိုးမှုပေးမည် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် လန်ဆန်-မဲခေါင် နိုင်ငံများ ဆင်းရဲမှု လျှော့ပေါ့ရေး စီမံကိန်းကို ကျင့်သုံး ဆောင်ရွက်ပြီး လာမည့် ၃နှစ် အတွင်း မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများနှင့် ဆေးဝါးကုသ ရေးနှင့်ကျန်းမားရေး စသည့် နယ်ပယ်များတွင် ကူညီထောက်ပံ့ရေး လုပ်ငန်း ၁၀၀ကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

 ထို့အပြင်၊ လီခေ့ချန်က ပြီးခဲ့သည့် ၂နှစ် အတွင်း မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများမှ ကျောင်းသူကျောင်းသား ၁သောင်း၂ထောင်ကျော်သည် တရုတ် အစိုးရမှ စကောလားရှစ် ရရှိပြီး ဝန်ထမ်း ၃ထောင်ကျော်သည် တရုတ်ပြည်တွင် အချိန်တို မွမ်းမံသင်တန်း တက်ခဲ့ကြောင်း၊ လန်ဆန်-မဲခေါင် အသက်မွေးဝမ်းကျောင်း ပညာရေး အခြေခံ စခန်းကို တရုတ်ပြည် ယူနန်ပြည်နယ်တွင် တည်ထောင်ဖွင့်လှစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ ၅နိုင်ငံ အတွက် နည်းပညာ ဝန်ထမ်း တစ်သောင်းကျော်ကို ပြုစုပျိုးထောင်ပေးခဲ့ကြောင်း ပြောကြားသည်။

 

 

 

   Webradio