• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ သမ္မတ ဦးထင်ကျော်သည် ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-11-20 17:08:11

ယခုလ ၁၉ရက်နေ့က မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် သမ္မတရုံးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် သမ္မတ ဦးထင်ကျော်က ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော Belt and Road အဆိုပြုချက်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့်  နိုင်ငံအသီးသီး တို့၏ အတူဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ်ပြည်နှင့် Belt and Road အတူတည်ဆောက်ရေး ဖြစ်စဉ်ကို အရှိန်မြှင့်ရန် လက်တွဲကြိုးပမ်းလိုကြောင်း၊ မြန်မာသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး အဆိုပြုချက် အပေါ်  ချီးကျူးပြီး ၄င်းအဆိုပြုချက်နှင့် ပတ်သက်၍ တရုတ်ပြည်နှင့် ညီညွတ်စေရန် တက်ကြွစွာ ဆောင်ရွက်လိုကြောင်း၊ မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုနှင့် ဆက်လက် ကူညီပံ့ပိုးမှုပေးရန် မျှော်လင့်ပြီး ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက်ကို ချီးကျူးကြောင်း ပြောကြားသည်။

ဝမ်ယိကလည်း တရုတ်ပြည် အနေနှင့် မြန်မာ နိုင်ငံကို Belt and Road အတူ တည်ဆောက်ရေးတွင် အရေးကြီး မိတ်ဖက် အဖြစ် ထားရှိကြောင်း၊ မြန်မာ နိုင်ငံ၏ နိုင်ငံတော် ဖွံ့ဖြိုးရေး စီမံကိန်းနှင့် လိုအပ်မှုများနှင့် အညီ မြန်မာနှင့်အတူ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးလေ့လာပြီး နှစ်နိုင်ငံ၏ အတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးလိုကြောင်း၊ မြန်မာ အစိုးရ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တွန်းအားပေးရန် ဥာဏ်ရည်နှင့် တွန်းအားပေးနိုင်စွမ်း ရှိသည်ဟု တရုတ်က ယုံကြည်ပြီး မြန်မာဘက်မှ လိုအပ်မှုနှင့် အညီ ကူညီပံ့ပိုးမှု ဆက်လက် ပေးမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio