• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး ကြံဆချက်ကို တရုတ် တင်ပြ

(GMT+08:00) 2017-11-20 15:10:35

မြန်မာ နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၁၉ရက်နေ့က နေပြည်တော်၌ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး ကြံဆချက်ကို တင်ပြခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းတွေ့ဆုံနှုတ်ဆက်ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဝမ်ယိက တရုတ်ပြည် အနေနှင့် မြန်မာ နိုင်ငံကို Belt and Road အတူ တည်ဆောက်ရေးတွင် အရေးကြီး မိတ်ဖက် အဖြစ် ထားရှိကြောင်း၊ နှစ်နိုင်ငံ အကြား အားသာချက်များ အပြန်အလှန် ဖြည့်ဆည်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ များစွာ ရှိကြောင်း၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တစ်ဆင့်တိုး ခိုင်မာစေရေးနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး အတွက် တရုတ်ပြည်သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး ကြံဆချက်ကို တင်ပြခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ၄င်းအဆိုပြုချက် အပေါ် ချီးကျူးပြောကြားရာတွင် မြန်မာ နိုင်ငံသည် အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလိုအပ်ဆုံး ဖြစ်ကြောင်း၊ ယင်းလိုအပ်ချက်များကို အကောင်အထည်ဖော်ရေး အတွက် အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အထူး အရေးကြီးကြောင်း၊ မိမိတို့သည် ယင်းနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ပြီး နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စွာ ပြုလုပ်နိုင်ပါက မြန်မာ နိုင်ငံတွင် အေးချမ်းတည်ငြိမ်မှု အကောင်အထည် ဖော်ရေးနှင့် မြန်မာ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး အတွက် အထောက်အကူ ဖြစ်ကြောင်း ယူဆကြသည်ဟု ပြောကြားသည်။

   Webradio