• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နှင့် အမေရိကန် ဆက်ဆံရေး တင်းမာမှု လျော့ပါး

(GMT+08:00) 2017-11-17 16:49:39

မကြာခင်က ကျင်းပခဲ့သော အာဆီယံ ထိပ်သီးများ အစည်းအဝေး၏ ညစာစားပွဲတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေးက အမေရိကန် သမ္မတ ထရန့်အတွက် နာမည်ကျော်ကြားသည့် ဖိလစ်ပိုင် အချစ်သီချင်း တစ်ပုဒ်ကို သီဆိုခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့် တစ်နှစ်တုန်းက ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးများ အစည်းအဝေးတွင်မူ ဒူတာတေးက အမေရိကန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အိုဘားမားကို ဆဲဆိုခဲ့ကြောင်း၊ သမ္မတ ထရန့်နှင့် အိုဘားမား အပေါ် ဒူတာတေး၏ သဘောထားသည် မိုးနှင့်မြေနှယ် ကွာခြားလွန်းသည့် အရင်းခံ အကြောင်းရင်းမှာ ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ထရန့်နှင့် အိုဘားမား၏ သဘောထား လုံးဝမတူခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းသည် လက်ရှိ အချိန်တွင် ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေး တင်းမာမှု လျော့ပါးလာသည့် အကြောင်းရင်းလည်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ထရန့်သည် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး သမ္မတ ဒူတာတေးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တွင် ဒူတာတေး ရရှိခဲ့သော အောင်မြင်မှုကို ဂုဏ်ပြုကြောင်း၊ ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နည်းလမ်းနှင့် ပုံစံကို နားလည်ကြောင်း ဖော်ပြခဲ့သည်။ ယခုနှစ် ဧပြီလလကုန်ပိုင်းတွင် သမ္မတ၂ဦးတို့ နောက်ထပ် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ထရန့်က ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အပေါ် အားပေးထောက်ခံကြောင်း ထပ်မံ ဖော်ပြသည့် အပြင်၊ ဒူတာတေး အိမ်ဖြူတော်သို့ ခရီးလှည့်လည်ရန် ဖိတ်ခေါ်ကြောင်းလည်း ဖော်ပြသည်။

အကဲခတ်ပုဂ္ဂိုလ်များက ဒူတာတေးသည် ထရန့်နှင့် ပုဂ္ဂိုလ်ရေး ချစ်ကြည်မှုကို ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အမေရိကန်မှ အားပေးထောက်ခံမှု ရရှိရန် မျှော်လင့်ကြောင်း၊ ထရန့်ကတော့ အရှေ့တောင် အာရှ နိုင်ငံများနှင့် ဆက်ဆံမှုကို ကောင်းမွန်စေပြီး နိုင်ငံခြားရေးတွင် အောင်မြင်မှု ရရှိရန် မျှော်လင့်ကြောင်း ယူဆကြသည်။

   Webradio