• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စကော်လာတို့အားမာန်များ အပိုင်း-၂

(GMT+08:00) 2017-08-17 16:31:57

           

 တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ  မြန်မာနိုင်ငံက ကျောင်းသားတွေလာရောက် ပညာ သင်ကြားနေကြတာ များစွာရှိနေပါတယ်။ ဒီလို လာရောက်ပညာသင်ကြားကြတဲ့အခါ ကိုယ့်စရိတ် နှင့်ကိုယ်၊ ဒါမှမဟုတ် တရုတ်နိုင်ငံကပေးတဲ့ စကော်လာရှစ်ရလို့ လာရောက်တဲ့သူ   အစုံပါဝင်ပါ တယ်။ ဒီလို အစုံပါဝင်နေပေမယ့် သူတို့ရဲ့ တူညီတဲ့ရည်ရွယ်ချက် ကတော့ နိုင်ငံခြားက သင်ယူခဲ့တဲ့ ပညာရပ်တွေနှင့်အတူ မိမိနိုင်ငံအတွက် ပြန်လည်အကျိုး ပြုကြမယ်ဆိုတာပါပဲ။ ဖြစ်လာတာ မဖြစ်လာတာကတော့ အခြေအနေတစ်ခုစီပေါ်မှာ မူတည်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် စကော်လာ တို့ရဲ့ ရင်ထဲမှာတော့ အတွေးတွေ၊ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ များစွာရှိနေတာတော့ သေချာပါတယ်။  ဒါကြောင့် ဒီတစ်ပတ်က တရုတ်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေရဲ့ အတွေးအမြင်၊ ခံယူချက်တွေနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။ အခုတစ်ပတ်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CSC (china scholar- ship council)က ပေးအပ်တဲ့ စကော်လာရှစ်နှင့် ပီကင်းမြို့ CAPITAL  NORMAL UNI- VERSITYမှာ ယဉ်ကျေးမှုဘာသာရပ်ဆိုင်ရာသုတေသနပြုမှုအနေနဲ့ လာရောက်ပညာသင်ကြား နေတဲ့ ကျောက်ဆည်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ ဒေါ်တင်တင်ညိုကို အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။

 

မေး >>> မင်္ဂလာပါခင်ဗျ

Dr.တင်တင်ညို>>> ဟုတ်ကဲ့မင်္ဂလာပါ---

မေး >>> ဟုတ်ကဲ့ပါ ဆရာမအနေနဲ့ တရုတ်နိုင်ငံမှာ စကော်လားရှစ်နှင့် ဘွဲ့လွန်လာယူနေတယ် ပေါ့။ ဆရာမကို စကော်လာပေးတဲ့အဖွဲ့ကိုလည်း သိပါရစေ

Dr.တင်တင်ညို >>>  တရုတ်အစိုးရက ထောက်ပံ့တာပါ။ ခေါ်တဲ့စကော်လာက CSC (china scholarship council)အဲဒီအဖွဲ့က ခေါ်တာပါ။

မေး>>> ဟုတ်ကဲ့ပါ--ဆရာမတို့ ဒီမှာသင်ကြားရမယ့် အချိန်ကာလက ဘယ်လောက်ကြာ မလဲခင်ဗျ။

Dr.တင်တင်ညိ>>> အဲဒါပြောရရင်တော့ ပထမ ဆရာမတို့ CSC စကော်လာရပြီ၊၊ ၀န်ကြီးဌာန ကလည်း ဒီလူတွေလွှတ်လိုက်ပြီလို့ ခွင့်ပြုလိုက်တဲ့အချိန်မှာ online ကနေ ကျောင်းတွေကို လျှောက်တယ်။ အဲလိုလျှောက်တဲ့အခါမှာ (၁၀)လပဲ။ အဲဒီ onlineမှာပဲဖြည့်ရတယ်။ တရုတ်ဘာသာ သင်မှာလား ဆိုပြီးတော့ ဖြည့်ရတယ်။ အဲဒီတော့ ဆရာမတို့က သင်မယ်ပေါ့နော်။ Languageကို (၃)သင်မယ်လို့ဆိုပြီး ဖြည့်လိုက်တယ်။ တကယ်တမ်း ကျောင်းတွေကနေ ခေါ်စာတွေရောက် လာတဲ့အခါမှာ တချို့ဆရာမတွေကတော့ (၁၀)ပဲရတယ်။ ကျွန်မကျတော့မဟုတ်ဘူး။ ကျွန်မကို ခေါ်တဲ့ကျောင်းက (၂)နှစ်ဖြစ်သွားတယ်ပေါ့နော်။  Language က တစ်နှစ်  Culture study က တစ်နှစ် အဲလိုမျိုးဖြစ် သွားတယ်။ နောက်တစ်ခု ဆရာမတို့ လျှောက်တုန်းအခါက Culture study အနေနဲ့လျှောက်လိုက်တာ၊ အဲဒါကို English ဆိုပြီး လျှောက်တာ။ ဒီမှာကျတော့ တရုတ်လိုပဲ သင်ရမှာဖြစ်သွားတယ်။ အဲဒါကြောင့်မို့ Language က တစ်နှစ် Culture study က တစ်နှစ် ဖြစ်သွားတယ်။

မေး >>> ဟုတ်ကဲ့ပါ ဒါဆို (၂)နှစ်ဖြစ်သွားတာပေါ့နော်။

Dr.တင်တင်ညို >>> ဟုတ်ကဲ့ (၂)နှစ်ဖြစ်သွားတယ်။

မေး >>> ဟုတ်ကဲ့ပါ ။ အခုနောက်ပိုင်းမှာပေါ့။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ကျောင်းသား/ သူတွေအပါအ၀င် တက္ကသိုလ်တွေမှာရှိနေတဲ့ ဆရာ/မတွေ၊ နောက်တစ်ခါ ၀န်ကြီးဌာနအသီးသီးက လုပ်ငန်းခွင်မှာရှိနေတဲ့ ၀န်ထမ်းတွေကိုလည်း ပညာရေး၊ အလုပ်အကိုင်နှင့်ပတ်သက်ပြီးတော့ စကော်လားရှစ်တွေကို ခေါ်ကြတယ်ပေါ့။ အဲတော့ အရင်ကလည်းခေါ်ခဲ့တယ်။ ဒါပေမယ့် ဒီဘက်နှစ် တွေမှာဆို ပိုပြီးတော့မှ ခေါ်လာတာတွေ့ရပါတယ်ခင်ဗျ။ အဲဒီအပေါ် ဆရာမရဲ့အမြင်သိပါစေ။

Dr.တင်တင်ညို >>> စကော်လားရှစ်တွေ အများကြီးခေါ်တော့ ပိုကောင်းတာပေါ့။ ဘာလို့ဆိုတော့ ဆရာမတို့ရဲ့ ကျောင်းသူ/သားတွေရော  ၀န်ထမ်းတွေရော အခွင့်အရေးရတယ်။ နောက် နိုင်ငံခြား အတွေ့အကြုံလည်း အများကြီးရပါတယ်။ နောက်တစ်ခုက တစ်ချို့ဆို ဆရာမတို့နှင့်အတူ လာကြ တယ်။ ဆယ်တန်းအောင်တဲ့ကလေးတွေရှိတယ်။ သူတို့ဆိုလို့ရှိရင် တရုတ်ဘာသာစကားသင် နေရတယ်။ အဲလိုအခွင့်အရေးတွေ ရတာပေါ့နော်။ ဆရာမတို့လည်း ဘာသာစကားသင်နေရတယ်။ ကိုယ့်နိုင်ငံမှာလည်း သင်လို့ရတယ်။ နောက်ပြီး ဒီမှာရောက်တဲ့အခါကျတော့ ဒီရဲ့ဖွံ့ဖြိုးတိုးတက်မှု တွေကြည့်ပြီးအားကျတယ်။ အဲလိုမျိုးတွေ ကိုယ့်နိုင်ငံမှာလည်း ဖြစ်စေချင်တယ်။ အဲတော့ နိုင်ငံခြား အတွ့အကြုံတွေအများကြီးရတယ်လို့ ဆရာမတော့ ထင်ပါတယ်။

မေး >>> ဟုတ်ကဲ့ပါ။ ဒီမှာဆိုရင် တရုတ်နိုင်ငံအစိုးရအနေနဲ့ သူတို့ရဲ့ပညာရေးစနစ်ကို များစွာ တိုးတက်အောင် ဆောင်ရွက်ပေးတာတွေရှိတယ်ပေါ့။ အဲတော့ ဒီတရုတ်နိုင်ငံရဲ့ ပညာရေး တိုးတက် မှုတွေရှိသလို အစိုးရက ပညာရေးကဏ္ဍအပေါ်မှာ ထောက်ပံ့ကူညီမှုတွေလည်း အများကြီးရှိတယ် ပေါ့။ ဒီလိုမျိုး ပညာရေးကောင်းတာရော၊ အစိုးရအနေနဲ့ ပညာရေးအပေါ် ထောက်ပံ့နေတာရော ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ။

Dr.တင်တင်ညို >>> စကော်လာတွေ အများကြီးခေါ်တဲ့အတွက် ၀မ်းသာတယ်၊ ကောင်းတယ်။ နောက်တစ်ခုက ဆရာမတို့ ဒီရောက်တဲ့အခါ တခြားနိုင်ငံက ကျောင်းသူ/သားတွေပါ လာပြီးတော့ တက်နေတာဆိုလည်း တွေ့ရတယ်။ ကိုယ့်နိုင်ငံတစ်ခုတည်း မဟုတ်ဘူး။ သူ့နိုင်ငံ ပညာရေး အတွက် လုပ်ထားတာတွေကတော့ အများကြီးပဲ။ နောက် သိပ္ပံသမားတွေနှင့်မတူဘူးပေါ့နော်။ သိပ္ပံ သမားတွေဆို သူတို့ လက်တွေ့ခန်းတွေသွားလို့ရှိရင် သူတို့စက်တွေအသုံးပြုဖို့အတွက် အများကြီးရှိတယ်လို့ပြောဖူုးတယ်။ ဆရာမသူငယ်ချင်းတွေ ပြောဖူးတယ်။ ဆရာမတို့ အခုတက်ရ တဲ့ လက်ချာခန်းမှာဆိုလည်း တကယ့်အပြည့်အစုံနှင့်။ အဲလိုမျိုးသင်ရတယ်ပေါ့နော်။ နောက်သူတို့ ရဲ့ ကျောင်းသူကျောင်းသား၊ အဆောင်ထားပုံထားနည်းစနစ်တွေလည်း ကြိုက်တယ်။ နောက် ထမင်းစားခန်းမှာ စားသောက်ရတဲ့စနစ်တွေကိုလည်း ကြိုက်တယ်။ နောက် သင်တဲ့ နည်းပညာစနစ် တွေကိုလည်းကြိုက်တယ်။ ကောင်းတယ်။

မေး >>> ဒါဆို သူတို့ရဲ့ ပညာရေးစနစ်မြင့်တယ်။ နောက်ပြီးတော့ ကျောင်းသားကျောင်းသူ တွေကိုလည်း အစိုးရအနေနဲ့ ပညာရေးအပေါ်မှာ အာရုံစိုက်နိုင်အောင် ထောက်ပံ့ကူညီမှုတွေ အများကြီးရှိတယ်ပေါ့။ အဲတော့ တကယ်လို့သာ အဲဒါတွေနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ ပညာရေးနှင့် ဒီနိုင်ငံက ပညာရေး နှိုင်းယှဉ်မယ်ဆိုရင် ဘာတွေ ကွာဟမှုတွေရှိနေသလဲ။ နောက် ဘာတွေ ပြုပြင်ပြောင်းလဲဖို့လိုမလဲ။ တကယ်လို့ ဆရာမအနေနဲ့ အကြံပြုပါလို့ ပြောလို့ရှိရင် ဘယ်လိုအချက်တွေကို ပြုလုပ်သင့်ပါတယ်ဆိုပြီး အကြံပြုချင်ပါလဲခင်ဗျ။

Dr.တင်တင်ညို >>> မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲဖို့အတွက်ဆိုရင် အသုံးကျမယ့် နည်းပညာတွေ၊ Course တွေကို များများပိုပြီးတော့ သင်စေချင်ပါတယ်။ အဲဒီမှာမှ လက်တွေ့ အသုံးချနိုင်မယ်ပေါ့နော်။ အဲဒါမျိုးတွေလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေ လိုချင်တယ်။ ရချင်တယ်။ မြန်မာနိုင်ငံပညာရေး ပြောင်းလဲဖို့အနေနဲ့ကတော့ ဆရာမသိသလောက် မြင်သလောက်ပြောမယ်ဆိုရင် ဒီလက်တွေ့ အသုံးချနိုင်မယ့် Apply ဖြစ်နိုင် မယ့် နည်းစနစ်တွေ လိုအပ်ပါတယ်။ အဲဒါတွေကို ကျောင်းသူကျောင်းသားတွေ သိအောင် ကောင်းကောင်းမွန်မွန်ရအောင် ပို့ချပေးစေချင်ပါတယ်။ နောက်နည်းပညာတွေကိုလည်း ရရှိစေချင် ပါတယ်။ အဲဒီအတွက် နိုင်ငံတော်အနေနဲ့ထောက်ပံ့ပေးနိုင်တယ်ဆိုရင် ပိုပြီးတော့ကောင်းပါတယ်။ အဲဒါဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ဒီထက်ပိုပြီးတိုးတက်မြင့်မားလာမယ်လို့ ယုံကြည်ပါတယ်။ ပညာရေးက မနိမ့်ဘူး။ ကျောင်းသူကျောင်းသားတွေ ကြိုးစားအားထုတ်မှုတွေလိုတယ်။ ကြိုးစား အားထုတ်မှုတွေရှိရမယ်။ နောက်ဆရာ/မတွေတွေကို တကယ့်နိုင်ငံတကာ အတွေ့အကြုံရအောင် လုပ်ပေးရမယ်။ နောက်တစ်ခုက နည်းပညာ၊ အဲဒီနည်းပညာတွေကို ရစေချင်တယ်။ ရှိစေချင်တယ် ကိုယ့်တိုင်းပြည်မှာ။ အဲလို အများကြီး ထောက်ပံ့မှုမျိုးတွေ လိုချင်တယ် ရချင်တယ်။ အဲလိုမျိုးတွေ လုပ်ပေးစေချင်တယ်။ ဆရာမတို့ကျောင်းတွေကို ပထမဦးဆုံး သန့်ရှင်းသာယာလှပ အောင်ထား ချင်တယ်။ အဆင့်မြင့်မြင့်နှင့် သင်စေချင်တယ်။ ဒီမှာစာသင်ရတာ ကိုယ့်ကျောင်းသူ ကျောင်းသား တွေကိုလည်း အဲလိုမျိုးသင်စေချင်တယ်။ တကယ်အဆင့်မြင့်မြင့်လေးနဲ့။ ကျောင်းသူ ကျောင်းသား တွေဘက်ကလည်း စည်းကမ်းရှိရှိနှင့် အကုန်လိုက်နာစေချင်တယ်။ (ငိုလျက်)။

မေး >>> ဟုတ်ကဲ့ပါ။ အခုဆိုရင် ဆရာမအနေနဲ့ တရုတ်နိုင်ငံအစိုးရက ပေးအပ်တဲ့ စကော်လားရှစ်ကိုယူပြီးပညာသင်နေတယ်ပေါ့။ အဲဒီတော့ တကယ်လို့ ဆရာမအနေနဲ့ ဒီက ကျောင်းပြီးသွားလို့ ကိုယ့်မြန်မာနိုင်ငံကို ရောက်ပြီးတော့ ကိုယ့်တာဝန်ကျတဲ့ တက္ကသိုလ်မှာ ပြန်ပြီး တာဝန်ထမ်းဆောင်ရတော့မယ့်အချိန်မှာ ဒီကအတွေ့အကြုံတွေနှင့် ဒီကပညာရပ်တွေနှင့် ဘယ်လို အသုံးချသွားမလဲ။ ဘယ်လိုထောက်ပံ့ကူညီသွားမလဲ။

Dr.တင်တင်ညို >>> CSC စကော်လာကတော့ နှစ်တိုင်းတော့ ခေါ်နေမှာပဲ။ အဲလိုခေါ်တဲ့အခါကျမှ လျှောက်ချင်တဲ့သူတွေကို စကော်လာလျှောက်တဲ့အခါမှာ ပထမဦးဆုံးလုပ်ရမှာက ဘာလဲဆိုရင် Languageကို ကျွမ်းကျင်အောင်လုပ်ရမယ်။ အဲဒီအတွက် ကိုယ့်အထောက်အပံ့တွေ အများကြီး ပေးမယ်။ အတွေ့အကြုံတွေ အများကြီးပြောပြပေးမယ်။ အဲလိုမျိုးလုပ်မယ်။ နောက်ပြီး ကိုယ့်ရဲ့ ကျောင်းသူကျောင်းသားတွေ စည်းကမ်းရှိရှိနှင့် တကယ့်ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်ဖို့စေတနာနှင့် အားလုံးကို သင်ကြားမယ်၊ ပြောပြမယ်။ ဒါတွေ လုပ်ပေးမယ် ပေါ့နော်။

မေး >>> ဟုတ်ကဲ့ပါ။ ဆရာမလို တရုတ်နိုင်ငံအပါအ၀င်အခြားနိုင်ငံတွေမှာ စကော်လာနှင့် ပညာသင်နေကြတဲ့ ၀န်ထမ်းတွေရော ကျောင်းသားတွေရော သူတို့အားလုံး ပညာသင်ကြားပြီး လာတဲ့အချိန်မှာ ကိုယ့်နိုင်ငံမှာ ပြန်လည်ပြီးတော့ ကိုယ်တတ်မြောက်ခဲ့တဲ့ ပညာရပ်တွေနှင့် အကျိုး ပြုနိုင်ဖို့အတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။

Dr.တင်တင်ညို >>> ပညာတော်သင်တွေအနေနဲ့ ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာ အတွေ့ အကြုံတွေ အများကြီးပြောပြသင့်တယ်။ အများကြီးကူညီပေးသင့်တယ်။ လုပ်ပေးသင့်တယ်။ ရရှိ လာမယ့် ပညာရပ်တွေကို ဖြန့်တွေပေးသင့်ပါတယ်။ နောက် ဒီလိုစကော်လားရှစ်တွေလည်း များများရပါစေ။ ပညာရေးပတ်သက်ပြီးတော့လည်း စကော်လားရှစ်တွေကို များများပေးပါစေ။ အဲဒီ အတွက်ကျောင်းသူကျောင်းသားတွေရော ဆရာဆရာမတွေရော ပြန်လာသူတွေအနေနဲ့ အတွေ့ အကြုံတွေကို အကုန်ဖြန့်ဝေမှာပါ။ ဖြန့်ဝေပြီးပြောပြပေးမှာပါ။

မေး >>> အခုဆိုရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ပညာတော်သင်တွေကို များစွာ ခေါ်နေ ပါတယ်။ ဒီလို ပညာတော်သင် ခေါ်ယူမှု၊ စေလွှတ်မှုတွေကနေတစ်ဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု အတွက် ဘယ်အတိုင်းအတာအထိ အထောက်အကူပြုနိုင်မယ်လို့ ဆရာမ ထင်မြင်ပါလဲခင်ဗျ။

Dr.တင်တင်ညို >>> ဒီနှစ်နိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှုတွေက အရင်ကတည်းက ရှိခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်နမိတ်ချင်းလည်း ထိစပ်နေတယ်။ အဲဒီအတွက်ချစ်ကြည်ရင်းနှီးမှုတွေလည်း ပိုပြီးတော့ခိုင်မြဲ မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ခုက ဒီလိုစကော်လာတွေ များများပေးတဲ့အတွက်လည်း ဒီနိုင်ငံကိုရောက်ရှိလာတဲ့အခါမှာ ဒီနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုတွေ၊ ကောင်းမွန်မှုတွေတွေ့မြင်ရတယ်။ အဲဒီအတွက် ကိုယ့်နိုင်ငံအတွက်လည်း အကျိုးပြုမယ်။ နောက် အဲဒီအတွက်ပိုပြီးတော့ ချစ်ကြည် ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ဖြစ်တည်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး >>> ဟုတ်ကဲ့ပါ။ အခုလို ကျွန်တော်တို့ CRIအသံလွှင့်ဌာနက မေးမြန်းသမျှကို ပြန်လည် ဖြေကြားပေးခဲ့တဲ့ ဒေါက်တာဒေါ်တင်တင်ညိုကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Dr.တင်တင်ညို >>> ဟုတ်ကဲ့ပါ။ ကျွန်မလည်း ကျေးဇူးတင်ပါတယ်။

 

မေးမြန်း/ရေးသားသူ----ဇော်မင်းထွန်း

   Webradio