• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

(GMT+08:00) 2017-05-17 14:29:00

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမ ဆောင်ကြီး၌ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် ပီကင်း၌ ခရီးလှည့်လည်နေသော မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

 ရှီကျင့်ဖိန်က၊ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရေးမှာ သမိုင်းသက်တမ်း ကြာမြင့်ပြီး အကျိုးတူ မဟာဗျူဟာ အကျိုးစီးပွါး များပြားကြောင်း၊ လွန်ခဲ့သည့်လက မြန်မာ သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သို့ ချောမောအောင်မြင်စွာ ခရီးလှည့်လည်ခဲ့ပြီး နှစ်ဖက်တို့သည် ခေတ်သစ်တွင် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်ပြီး အရေးကြီး သဘောတူညီမှုကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲပြီး ချစ်ကြည်ရေး အစဉ်အလာကို ထွန်းကားစေရန်၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် တရုတ်-မြန်မာ ဆက်ဆံမှု အဆက်မပြတ် တိုးတက်စေရန် ဆောင်ရွက် လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က၊ နှစ်ဖက်တို့သည် အဆင့်မြင့် ကူးလူးဖလှယ်မှုကို ထိန်းသိမ်းပြီး မဟာဗျူဟာ ကူးလူးဆက်ဆံမှုကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး အရေးကြီး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ချောမောစွာ ဖေါ်ဆောင်စေရန် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ စီးပွါးရေး စင်္ကြံ၊ အခြေခံ အဆောက်အဦနှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ဆောက်ရေး စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးရမည် ဖြစ်ကြောင်း၊ အရပ်ဘက် ကူးလူးဖလှယ်မှုကို တိုးချဲ့ရမည် ဖြစ်ပြီး ပြည်သူလူထု နေထိုင်မှုဘဝနှင့် ယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် နှစ်ဖက်အကြား ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှုများကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ခရီးသွား၊ ယဉ်ကျေးမှုနှင့် မီဒီယာ လုပ်ငန်းများတွင် ကူးလူးးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာအောင် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများကို ဆက်လက် ပံ့ပိုးလိုပြီး နှစ်ဖက်တို့သည် တရုတ်-မြန်မာ နယ်စပ် လုံခြုံတည်ငြိမ်မှုကို ထိန်းသိမ်းရန် လက်တွဲ ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road ကမ်းလှမ်းချက် မူဘောင်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က၊ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ချောမောအောင်မြင်စွာ ကျင်းပခဲ့ခြင်းနှင့် တိုးတက်အောင်မြင်မှုများ ရရှိခြင်းကို ထောမနာ ပြုလိုပါကြောင်း၊ Belt and Road ကမ်းလှမ်းချက်ဟာ ဒေသတွင်းနှင့် ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် စည်ပင်သာယာရေးကို ဆောင်ကျဉ်းနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် မြန်မာ-တရုတ် ဆက်ဆံမှုကို မြင့်မားစွာ အလေးထားပြီး နှစ်ဖက် ဆက်ဆံမှု တိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံ၏ အားပေး ထောက်ခံခြင်းနှင့် ကူညီထောက်ပံ့ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ အစိုးရနှင့် ပါတီများအကြား ကူးလူးဖလှယ်မှုနှင့် ပြည်သူများ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို တိုးမြှင့်လိုကြောင်း၊ စီးပွါးကုန်သွယ်ရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အဦ စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုပါကြောင်း၊ နယ်စပ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် လက်တွဲ ကြိုးပမ်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio