• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်

(GMT+08:00) 2017-05-14 13:18:24

      မေလ ၁၄ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Belt and Road ထူထောင်ရေး လက်တွဲ တွန်းအားပေးကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ ရှေးခေတ်က ပိုးလမ်းမကြီး မိုင် သောင်းကျော် ရှည်လျားပြီး သမိုင်း သက်တမ်း ထောင်ကျော် ရှိကာ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းပြီး သက်ညှာ ထောက်ထားရေး၊ အပြန်အလှန် ကိုးကား အတုယူရေး၊ အပြန်အလှန် အကျိုးရှိစေရေးကို အမြုတေ အဖြစ် ထားသည့် ပိုးလမ်းမကြီး စိတ်ဓါတ် စုစည်းထားကြောင်း၊ ယင်းသည် လူသား ယဉ်ကျေးမှု၏ တန်ဖိုးရှိ အမွေအနှစ် ဖြစ်ကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ သမိုင်းရှုထောင့်အရ ကြည့်လျှင် လူသားသည် ဖွံ့ဖြိုးမှုကြီးနှင့် ပြောင်းလဲမှုကြီး ဖြစ်ပွါးနေသည့် ခေတ်ကာလတွင် တည်ရှိနေကြောင်း၊ ကမ္ဘာ့စီးပွါးရေး တိုးတက်မှုတွင် တွန်းအားသစ် လိုအပ်ပါကြောင်း၊ ဒေသတွင်းဆိုင်ရာ မတည်မငြိမ်မှုများ ဆက်တိုက် ဖြစ်ပွါးပြီး အကြမ်းဖက်မှု ဆိုးဝါး ပြန့်နှံ့နေကြောင်း၊ Belt and Road ကမ်းလှမ်းချက် တင်ပြခဲ့သည့် ၄ နှစ်အတွင်း ကမ္ဘာ့နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၀၀ ကျော်တို့သည် တက်ကြွစွာ အားပေး ပါဝင်ကြကြောင်း၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ လုံခြုံရေး ကောင်စီတို့၏ အရေးကြီး ဆုံးဖြတ်ချက်များတွင်လည်း Belt and Road ဆိုင်ရာ အပြုသဘော ဆောင်သော အကြောင်းအရာများကို ထည့်သွင်းထားကြောင်း ပြောကြားပါ သည်။

ရှီကျင့်ဖိန်က၊ Belt and Road ထူထောင်ရေးသည် မဟာဗျူဟာ ဆက်နွှယ်ခြင်းနှင့် အားသာချက်များ အပြန်အလှန် အားဖြည့်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံများနှင့် အတူ မူဝါဒများကို ညှိနှိုင်း စီမံပြီး ယင်းတို့အနက် အာဆီယံ တင်ပြသော အပြန်အလှန် ဆက်သွယ်ရေး စီမံကိန်း၊ ရုရှား တင်ပြသော ဥရောပ-အာရှ စီးပွါးရေး မဟာမိတ် စသဖြင့် ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၄၀ ကျော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို ချုပ်ဆိုပြီး နိုင်ငံ ၃၀ ကျော်နှင့် စနစ်အရ ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နေကြောင်း၊ ဖိုရမ် အတောအတွင်း နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၆၀ ကျော်တို့နှင့် Belt and Road ကုန်သွယ်မှု အဆင်ပြေစေရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး ကမ်းလှမ်းချက်ကို ချုပ်ဆိုမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ လမ်းပန်းဆက်သွယ်မှု ရှင်သန်ပါက လုပ်ငန်း ပေါင်းစုံ ရှင်သန်နိုင်မည် ဟူသလိုပင် တရုတ်နိုင်ငံသည် သက်ဆိုင်ရာ နိုင်ငံများနှင့်အတူ ဂျာကာတာ- ဗီယင်ကျန်း မြန်နှုန်းမြင့်ရထားလမ်း၊ တရုတ်-လာအို ရထားလမ်း စသည့် မီးရထား လုပ်ငန်းများကို လက်တွဲ တွန်းအားပေးနေကြောင်း၊ အပြန်အလှန် ဆက်သွယ်ရေး လုပ်ငန်းစဉ်များကို စီမံ ဖေါ်ဆောင်နေကြောင်း၊ လက်ရှိ အချိန်တွင် ကဏ္ဍစုံ အခြေခံ အဆောက်အဦ ကွန်ရက် ဖြစ်တည်လာနေကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ တရုတ်နှင့် Belt and Road စီမံကိန်းတွင် ပါဝင်သော နိုင်ငံများသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေးကို လက်တွဲ တွန်းအားပေးနေကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်နှင့် Belt and Road တလျှောက်မှ နိုင်ငံများ အကြား ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃ ထောင်ကျော် ရှိကြောင်း၊ Belt and Road တလျှောက်မှ နိုင်ငံများတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော် ရှိပြီ ဖြစ်ကြောင်း၊ တရုတ် လုပ်ငန်းကုမ္ပဏီများသည် နိုင်ငံ ၂၀ ကျော်တွင် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် ၅၆ ခု ထားရှိပြီ ဖြစ်ကြောင်း၊  အာရှ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးဘဏ်သည် Belt and Road  တည်ဆောက်ရေးတွင် ပါဝင်သော နိင်ငံများ၏ လုပ်ငန်းစဉ် ၉ ရပ်အတွက် ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀၀ ထုတ်ပေးပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ မိမိတို့သည် Belt and Road ကို ငြိမ်းချမ်းရေးလမ်းအဖြစ် ထူထောင်ရမည် ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အမြုတေ အဖြစ် ထားသည့် အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှုကို ထူထောင်ရမည် ဖြစ်ကြောင်း၊ ရန်ငြိုး မထားဘဲ တိုင်ပင်ဆွေးနွေးသော၊ ဘက်မလိုက်ဘဲ မိတ်ဖက်ထားသော ဆက်ဆံမှုကို ထူထောင်ရမည် ဖြစ်ကြောင်း၊ Belt and Road ကို စည်ပင်သာယာသော လမ်းအဖြစ် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ဆက်တိုက် တည်ငြိမ်ပြီး အန္တရာယ်များ ထိန်းချုပ်နိုင်သော ငွေကြေး အာမခံစနစ်ကို ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ မိမိတို့သည် Belt and Road ကို တံခါးဖွင့်သောလမ်း ဖြစ်အောင် ထူထောင်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းကို တည်ထောင်ရမည် ဖြစ်ကြောင်း၊ Belt and Road ကို ဆန်းသစ်တီထွင်သော လမ်း ဖြစ်အောင် ထူထောင်ရမည် ဖြစ်ကြောင်း၊ Belt and Road ကို ယဉ်ကျေးသော လမ်း ဖြစ်အောင် တည်ထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက် အခြေခံပေါ်တွင် Belt and Road တည်ဆောင်ရေးတွင် ပါဝင်သူနိုင်ငံများနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ အတွေ့အကြုံများကို မျှဝေ ခံစားလိုကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံများစွာနှင့် Belt and Road ဆိုင်ရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု စာချုပ်များကို ချုပ်ဆိုပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် Belt and Road တည်ဆောက်ရေးဆိုင်ရာ ငွေကြေး ထောက်ခံမှုကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ပိုးလမ်းမကြီး ရန်ပုံငွေအဖွဲ့အား တရုတ်ယွမ်ငွေ ဘီလီယံ ၁၀၀ တိုးဖြည့်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road တည်ဆောက်ရေးတွင် ပါဝင်သော နိုင်ငံများနှင့် အပြန်အလှန် အကျိုးရှိစေရေး စီးပွါး ကုန်သွယ်ရေး မိတ်ဖက်ဆက်ဆံမှုကို တက်ကြွစွာ အားသစ်လောင်းပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့နှင့် ဆန်းသစ်တီထွင်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်လိုကြောင်း၊ Belt and Road သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေး စီမံကိမ်းကို ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လာမည့် ၃ နှစ်အတွင်း Belt and Road တည်ဆောက်ရေးတွင် ပါဝင်သော ဖွံ့ဖြိုးဆဲနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား ယွမ်ငွေ ဘီလီယံ ၆၀ ကို ထောက်ပံ့ကူညီမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် နောက်ဆက်တွဲ ဆက်သွယ်ရေးစနစ်ကို ထူထောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

 

   Webradio