• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်ဒုသမ္မတ အင်ဒိုတွင် ခရီးလှည့်လည်ခဲ့

(GMT+08:00) 2017-04-25 14:48:17

ယခုလ ၂၃ရက်နေ့က အမေရိကန် ဒုသမ္မတ Mike Penceသည် တောင်ကိုးရီးယား၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် သြစတြေးလျ ၄နိုင်ငံ ခရီးစဉ် ပြီးဆုံးပြီဖြစ်၍ အမေရိကန် နိုင်ငံသို့ ပြန်လည်ထွက်ခွါခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် ထရမ့်အစိုးရ အဆင့်မြင့် အရာရှိ အနေနှင့် ပြီးခဲ့သည့် ၃လအတွင်း တတိယ အကြိမ် အဖြစ် အာရှနှင့် ပစိဖိတ်ဒေသတွင် ခရီးလှည့်လည်ခြင်း ဖြစ်ကြောင်း သိရသည်။ Pence၏ ယခုအကြိမ် ခရီးစဉ်တွင် ကိုးရီးယား ကျွန်းဆွယ် ပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးသည့် အပြင်၊ အာရှနှင့် ပစိဖိတ်ဒေသတွင် အမေရိကန်၏ မဟာမိတ်နိုင်ငံများ အပေါ် အမေရိကန်၏ လုံခြုံရေး ဆိုင်ရာ ကတိပြုချက်ကို ထိပ်လောင်းဖော်ပြခဲ့ကြောင်း အကဲခတ်များက ပြောကြားသည်။

Penceသည် ၁၉ရက်နေ့ ညက အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိပြီး အရှေ့တောင် အာရှနိုင်ငံတွင် ခရီးလှည့်လည်သည့် ထရမ့်အစိုးရမှ ပထမဆုံး အဆင့်မြင့် အရာရှိ ဖြစ်ကြောင်း၊ အမေရိကန် သမ္မတဟောင်း အိုဘားမား၏ တာဝန်သက်တမ်းအတွင်း အရှေ့ တောင်အာရှ အပေါ် အလွန် အလေးထားပြီး အရှေ့တောင်အာရှတွင် ၉ကြိမ် တိုင်တိုင် ခရီးလှည့်လည်ခဲ့ဖူးကြောင်း၊ သမ္မတ ထရမ့်ကတော့ အရှေ့တောင်အာရှ ရေးရာနှင့် ပတ်သက်၍ သိပ်မပြောဆိုကြောင်း၊ အာဆီယံ နိုင်ငံများသည် အရှေ့တောင်အာရှ ဒေသ အပေါ် အမေရိကန် အစိုးရသစ်၏ ကတိပြုချက် အပေါ် မယုံသင်္ကာဖြစ်လာကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ Penceက ယခုလ ၂၀ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးဌာနတွင် မိန့်ခွန်းပြောကြားရာ အမေရိကန်နှင့် အာဆီယံနိုင်ငံများ၏ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို အလေးထား ပြောကြားကြောင်း၊ ၄င်းက သမ္မတ ထရမ့် ဦးဆောင်သော အမေရိကန် အစိုးရသည် အာဆီယံနှင့် မိတ်ဖက် ဆက်ဆံမှုကို အားဖြည့်ပြုလုပ်ပြီး နှစ်ဖက်တို့၏ ချစ်ကြည်ရေးကို နက်ရှိုင်းစေရန် ဆောင်ရွက်ချက်များ စတင်ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင်၊ Penceက ယခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် APECထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းခရီးစဉ်များကို ကြေညာခြင်းဖြင့် အရှေ့တောင်အာရှ ဒေသ အပေါ် အမေရိကန်၏ ကတိပြုချက် အတိုင်း ပြတ်သားစွာ လိုက်နာဆောင်ရွက်မည့် အချက်ကို ဖော်ပြရန် မိမိမျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio