• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

OBOR ထိပ်သီးဖိုရမ်ကျင်းပမည့်အပေါ် ဦးရဲထွန်း၏အမြင်သုံးသပ်ချက်

(GMT+08:00) 2017-04-25 14:26:22

တရုတ်နိုင်ငံရဲ့ စီးပွားရေးအသိုက်အ၀န်းအတွက် များစွာအထောက် အကူပြု နိုင်မယ့်  ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ကြောင်းဆိုတဲ့ (One Belt and  One Road) စီးပွား ရေးပိုးလမ်းမကြီးဆိုင်ရာ ပထမဆုံးအကြိမ် OBORထိပ်သီးဖိုရမ်ကြီးကို  တရုတ်နိုင်ငံ ပီကင်းမြို့တွင်၂၀၁၇ခုနှစ် မေလ (၁၄)ရက် နေ့ကနေ(၁၅)ရက်နေ့အထိ နှစ်ရက်တာ ကျင်းပမည်ဖြစ်ပါသည်။ ဒီဖိုရမ်ကြီးကိုတော့ နိုင်ငံတကာထိပ်သီးခေါင်းဆောင် (၂၀)ဦး နီးပါးနှင့် ပြည်တွင်းပြည်ပမှ သက်ဆိုင်ကဏ္ဍအလိုက် ကိုယ်စားလှယ်(၁၂၀၀)ခန့် တက်ရောက်ကြမည်ဟု သိရပါသည်။ ဒီOBORဖို၇မ်ကျင်းပမည့်အကြောင်းနှင့် OBOR စီမံချက်ရဲ့အားသာချက်အားနည်းချက်တွေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)ရဲ့အမြင်တွေကို အခုလိုဆက်သွယ်မေးမြန်းထား ပါသည်။

မေး----မင်္ဂလာပါခင်ဗျ-- ဟုတ်ကဲ့ပါဆရာ--လာမည့် မေလ(၁၄)၇က်နေ့မှ (၁၅)ရက်နေ့ အထိ တရုတ်နိုင်ငံ ပီကင်းမြို့မှာ OBOR ထိပ်သီးဖိုရမ်ကြီးကို ကျင်းပမှာဖြစ်ပါတယ်ခင်ဗျ။ ဒီဖိုရမ်နှင့်ပတ်သက်ပြီး ဆရာအမြင်ကို သိချင်ပါတယ်ခင်ဗျ။

ဖြေ--- တရုတ်နိုင်ငံက One Belt and One Road ဆိုတဲ့ စီမံကိန်းက ဒီအစီအစဉ်ပေါ့လေ။ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၃ခုနှစ်လောက်ကတည်းက စပြီးတော့မိတ်ဆက်တာပေါ့နော်။ ဒီအစီအစဉ်ရဲ့အတိုချုပ် အဓိပ္ပါယ်ကတော့ ရပ်ဝန်းတစ်ခုကို လမ်းမတစ်ကြောင်း ပေါ့။ ရပ်ဝန်း တစ်ခုကို လမ်းမတစ်ကြောင်းဆိုတော့ တရုတ်ပြည်ကနေပြီးတော့ အရင်တုန်းက ပိုးထည် တွေကို ဥရောပနှင့်အရှေ့အလယ်ပိုင်းက ကုန်သည်တွေက လိုချင်တဲ့အခါကျတော့ ရောင်းဝယ်ဖောက်ကားတဲ့လမ်းမကြီးပေါ့။ အဲဒါကတော့ ကျွန်တော်တို့ ဥရောပကနေ အာရှ အလယ်ပိုင်းကိုဖြတ်ပြီး ပီကင်းကိုလာပြီး အဲဒီအရှေ့ဘက်ကမ်းရိုးတန်းအထိလာပြီးတော့ ရောင်းဝယ်ဖောက်ကားတဲ့ လမ်းကြောင်းတစ်ခု။ နောက်တစ်ခါ ရေကြောင်းကနေပြီးတော့ သင်္ဘောတွေနှင့် ကျွန်တော်တို့ မလက္ကာရေလက်ကြားကို ဖြတ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာကို သွားတဲ့လမ်းကြောင်းတစ်ခုပေါ့။ အဲဒီပေးခဲ့တဲ့ဟာကို ပြန်ပြီးတော့ ဖော်ထုတ်တယ်ဆိုတော့ အခုခေတ်ကတော့ ကျွန်တော်တို့ မြန်နှုန်းမြင့်ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေပါလာ တာပေါ့။ အဲတော့ ဒီသူနှင့်ဆက်သွယ်တဲ့ရပ်ဝန်းတစ်ခုမှာ လမ်းမတစ်ကြောင်း ဖောက်မယ် ဆိုတဲ့ အစီအစဉ်ပါပဲ။ ယေဘုယျအားဖြင့် အဲသလိုပြောလို့ရပါတယ်။

မေး---ဟုတ်ကဲ့ပါခင်ဗျ။ ဒီOBORစီမံချက်က တရုတ်နိုင်ငံအပါအ၀င် အခြားစီးပွားရေး မိတ်ဖက်နိုင်ငံတွေအတွက်ပါ စီးပွားရေးအရရော နောက်တစ်ခါ အခြေခံအဆောက်အအုံ အတွက်ပါ များစွာအကျိုးရှိလာနိုင်တယ်လို့ သိထားပါတယ်ခင်ဗျ။ အဲဒီတော့ ဒီဖိုရမ်မှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားဆွေးနွေးကြလိမ့်မယ်လို့ ဆရာ့အနေနဲ့ မျှော်လင့်ပါလဲခင်ဗျ။

ဖြေ--- ဒီ သူစဉ်းစားပြီးတော့ တင်ပြထားတဲ့ အစီအစဉ်မှာကျတော့ နိုင်ငံပေါင်း(၆၀)နှင့် လူဦးရေ (၄.၄)ဘီလီယံလောက် ပါဝင်ပတ်သက်နေတာပေါ့နော်။ အဲတော့ ကမ္ဘာမှာရှိတဲ့ လူဦးရေအများစုလောက်က ဒီစီမံကိန်းထဲမှာ ပါဝင်ပြီးတော့ ဂယက်ရိုက်ခတ်မှုရှိမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဲဒီတော့ သူကဒီဟာကို ချပြပြီး အဓိကအားဖြင့်တော့ ဒီလမ်းတွေ ဖောက်မယ်၊ ကျွန်တော်တို့ ဒီ အခြေခံအဆောက်အဦတွေလုပ်မယ်ဆိုတဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်မှုရှိလာမယ်။ နောင်မှာလည်း အဲဒီအပေါ်ကနေ ကုန်သွယ်စီးပွားတွေ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်။ အဲဒီအကျိုးကျေးဇူးကို ကျွန်တော်တို့ ပတ်သက်နေတဲ့နိုင်ငံက ပြည်သူလူထုတွေခံစားကြရမယ်ဆိုပြီးတော့ ပြောတာပေါ့နော်။ အဲသလိုတင်ပြထားတဲ့အပေါ်မှာ ကျွန်တော်တို့လက်ခံပြီးတော့ သဘောတူပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် တရုတ်ပြည်အနေနဲ့ကလည်း ငွေကြေးပါ ထောက်ပံ့နိုင်ဖို့အတွက် ဘဏ်တွေလည်း သူတို့ထူထောင်ထားတာတွေရှိပါတယ်။ အဲတော့ အခုဒီဆွေးနွေးပွဲမှာ ကတော့ ဒီတက်ရောက်လာတဲ့နိုင်ငံတွေပေါ့နော်။ ဖိတ်ကြားခံရတဲ့နိုင်ငံတွေအနေနဲ့က ဒီဟာအပေါ်မှာ ဘယ်လို သူတို့အကျိုးအမြတ်တွေရနိုင်သလဲဆိုတဲ့ ဟာမေးမြန်းတာတွေရှိ လာနိုင်တယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အဲဒါတွေကို ဖြေပေးဖို့ရှိလိမ့်မယ်။ အကြောင်း ကတော့ တော်တော်များများနိုင်ငံတွေက ဒီလမ်းကြောင်းကြီးပေါက်လာတဲ့ အတွက်ကြောင့် မို့လို့ သူတို့ရဲ့လူသုံးကုန်ပစ္စည်းတွေ၊ တရုတ်ရဲ့လူသုံးကုန်ပစ္စည်းတွေက လွမ်းမိုးသွား မလား၊ သူတို့ရဲ့လုပ်ငန်း၊ စက်ရုံတွေများဆုံးရှုံးသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိနေကြ တယ်။ အဲဒီတော့ ဒါတွေကို အပြန်အလှန်ဆွေးနွေးကြလိမ့်မယ်လို့ ယူဆပါတယ်။

မေး--- ဟုတ်ကဲ့ပါခင်ဗျ။ တရုတ်နိုင်ငံအနေနဲ့ကလည်း စောစောကဆရာပြောသလိုပေါ့နော်။ ဒီမိတ်ဖက်နိုင်ငံတွေရဲ့ရပ်ဝန်းနှင့်လမ်းမဆိုင်ရာစီမံကိန်းတွေကို ဘဏ္ဍာရေးငွေစိုက်ထုတ်နိုင် ဖို့ဆိုပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေထူထောင်ခဲ့တာကိုလည်း တွေ့ရပါတယ် ခင်ဗျ။ ဥပမာပြောရမယ်ဆိုရင် ဥပမာ Asian Infrastructure Investment Bankလို့ခေါ်တဲ့ အာရှအခြေခံ အဆောက်အအုံရင်းနှီးမြှပ်နှံမှုဘဏ်ဆို ထင်ရှားတဲ့ဘဏ်တစ်ခုပေါ့နော်။ နောက်ပြီး ဖွံ့ဖြိုးတိုးတက်မှုသစ်ဘဏ် (New Development Bank)စတင်တည်ထောင်တဲ့ ဘရစ်(BRICS)မှာလည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတော့ တရုတ်နိုင်ငံအနေနဲ့ ဒီOBOR စီမံချက်အပေါ် ဘယ်လောက်အထိ မျှော်လင့်အားထားဆိုတာ ဆရာရဲ့အမြင်လေး သုံးသပ်ချက်ပေးပါဦးခင်ဗျ။

ဖြေ---တရုတ်နိုင်ငံက ဒီစီမံကိန်းတွေကို သက်ဆိုင်ရာနိုင်ငံတွေကို တင်ပြတဲ့အခါမှာ ဒီလုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံဖို့ ငွေကြေးစိုက်ထုတ်ရမှာ ငွေရှာရမှာ ခက်ခဲမယ်ဆိုတာကို သူတို့ကြိုပြီးတော့ တွေးဆထားတယ်။ အဲလိုဖြစ်တဲ့အတွက်ကြောင့်မို့ အရင်တုန်းက ကျွန်တော်တို့အကူအညီယူနေကျ ဘဏ်တွေပေါ့နော်။ ကမ္ဘာ့ဘဏ်တို့ ဘာတို့အဲဒါတွေ ကနေပြီးတော့ ချေးငွေတွေကို မျှော်ကိုးစရာမလိုဘဲနှင့် သူတို့အနေနဲ့အဆင်သင့်ဖြစ် အောင်ဆိုပြီးတော့ ငွေကြေးကူညီထောက်ပံ့ဖို့အတွက် ဘဏ်သုံးခုလောက်ကို သူတို့ ပြင်ဆင်ထားတာရှိပါတယ်။ အဓိကအားဖြင့် ခုနက ခင်ဗျားပြောသွားတဲ့ Asian Infrastructure Investment Bank ပေါ့နော်။ AIIBလို့ခေါ်တာပေါ့။ အဲဒီဘဏ်ကတော့ အဓိကပါပဲ။ နောက်ဘဏ်ကတော့ ခုနက ခင်ဗျား ပြောတဲ့ ဘရစ်(BRICS)ရှိမယ်နော်။ အဲဒါကတော့ ရုရှားတို့၊ အိန္ဒိယတို့ ဘရားဇီး၊ တရုတ်၊ တောင်အာဖ၇ိကတို့ ဒီ(၅)နိုင်ငံက နေပြီးတော့ စုပေါင်းပြီးထောင်ထားတဲ့ဘဏ်ပေါ့။ ဒီဟာတွေကနေပြီးတော့ အတိုးနည်း နည်းနှင့် သက်သက်သာသာနှင့် ချေးပေးမယ်ဆိုတဲ့ ဟာကို သူတို့ပြင်ဆင်ထားတဲ့ အတွက် ကြောင့်မိုလို့ သူတို့တင်ပြတာကို သဘောတူမယ် လက်ခံမယ်ဆိုရင် ဒါတွေ အဆင်သင့် ရှိပြီးသားလို့ပြောချင်တဲ့သဘောပါ။

မေး---ဟုတ်ကဲ့ပါ။ အဲဒါဆို တရုတ်နိုင်ငံက ဒီOBORအပေါ်မှာ ဘယ်လောက်အထိ မျှော်လင့်အားထားပါလဲခင်ဗျ။

ဖြေ---အင်း--ဒီလမ်းကြောင်းဖွင့်သွားပြီးပြီဆိုရင်တော့ သူ့ဆိုင်ရာဆိုင်ရာအလိုက်ပေါ့နော်။ ထူးထူးခြားခြား အဟွာလေးတွေရှိမှာပေါ့။ ဥပမာ ကျွန်တော်တို့ ခွန်းမင် (ကူမင်း)- မန္တလေး- ကျောက်ဖြူ အမြန်ရထားလမ်း၊ ကားလမ်းပေါက်သွားမယ်ဆိုလို့ရှိရင်တော့ တရုတ် နိုင်ငံအနေနဲ့ အိန္ဒိယသမုဒ္ဒရာကို သွားတဲ့လမ်းကြောင်းက တိုသွားမှာပေါ့ဗျာ။ ဒီအရှေ့ဘက် ကမ်းရိုးတမ်းကနေပြီးတော့ တောင်တရုတ်ပင်လယ် တောင်တရုတ်ပင်လယ်ကနေပြီးတော့ မလက္ကာရေလက်ကြားကိုဖြတ်ပြီးတော့ အိန္ဒိယကိုသွားရတဲ့ခရီးအစား ကျွန်တော်တို့ ယူနန်ပြည်နယ်ထဲကနေပြီးတော့ ဒီအမြန်ရထားလမ်း၊ ကားလမ်းကိုအသုံးပြုပြီးတော့ ကုန်ပစ္စည်းတွေပို့ဆောင်တာ လူတွေသွားလာတာ စသဖြင့် အမြန်ခရီးလာ ရောက်နိုင် တာပေါ့။ အဲဒီမှာ တစ်ပြိုင်နက်တည်းမှာ သူ့ရဲ့ကုန်ပစ္စည်းတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်သာမက အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီးတော့ အဲဒီအိန္ဒိယသမုဒ္ဒရာ ကမ်းခြေက နိုင်ငံတွေ၊ ကျွန်းနိုင်ငံတွေကို အလွယ်ရောက်နိုင်တာပေါ့ဗျာ။ အဲလိုဆိုတော့ ဒီလူသုံးကုန်ပစ္စည်းတွေတော့ ဈေးကျသွားမှာပေါ့။ ဈေးကျသွားပြီး သူ့ပစ္စည်းတွေက ကမ္ဘာကို အဲလိုအလွယ်တကူနှင့် အမြန်ရောက်သွားမှာပေါ့။ အဲတော့ သုံးစွဲတဲ့ ပြည်သူ လူထုအတွက် ကောင်းတဲ့အချက်တွေရှိသလို သက်ဆိုင်ရာနိုင်ငံတွေမှာလည်း သူနှင့်ပြိုင် ဘက် အပြိုင်လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့စက်မှုလုပ်ငန်းတွေကတော့ အဲဒါ အတွက်ကို စိုးရိမ်တာပေါ့နော်။ သူတို့ရဲ့ ဈေးကွက်ကိုလုမလားဆိုတဲ့စိုးရိမ်မှုတွေရှိတယ်။ အဲဒီလို စိုးရိမ်မှုတွေအတွက်ကိုလည်း တရုတ်နိုင်ငံကနေပြီးတော့မှ သူတို့က ဒါတွေကို ထုတ်လုပ် တာမလုပ်တော့ဘဲနှင့် အဲဒီအတွက် အကြီးစားလုပ်ငန်းတွေ တင်ပို့ပေးပါ့မယ်။ ခင်ဗျားတို့ နိုင်ငံ မှာ စက်ရုံတွေကိုတည်ဆောက်ပြီးတော့မှ ခင်ဗျားတို့ဒေသတွေမှာပဲ ရင်းနှီးမြှပ်နှံကြပါ။ အဲဒီမှာပဲထုတ်ပြီးတော့ရောင်းကြပါဆိုပြီးတော့ သူက အခုစီမံကိန်းထဲမှာ တစ်ခါတည်း အဲဒီရည်ရွယ်ချက်ကို အဲဒီဟာကိုပါ အကြံပြုထားပါတယ်။

မေး---ဟုတ်ကဲ့ပါခင်ဗျ။ ဒီစီမံချက်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေလည်း ပါဝင်နေတာ ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ဒီအရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ဒီစီမံချက်မှာ ဘယ်အတိုင်းအတာအထိပါဝင်ဆောင်ရွက်နေပြီလဲ။ နောက်တစ်ခုကလည်း ဒီစီမံချက်ကနေ ရရှိလာမယ့်ရလဒ်တွေက ဒီအရှေ့တောင်အာရှနိုင်ငံတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ ပေါ့။ ဒါကိုလည်း ဆရာအနေနဲ့သုံးသပ်ပေးပါဦးခင်ဗျ။

ဖြေ---အင်း။ အဲဒီမှာလည်း ကျွန်တော်တို့အရှေ့တောင်အာရှနိုင်ငံက အခုအရှေ့တီမောပါ အပါဆိုရင်တော့ (၁၁)နိုင်ငံရှိတယ်လို့ပြောရမှာပေါ့နော်။ (၁၁)နိုင်ငံမှာလည်း တရုတ်ပြည် နှင့်ကုန်းမြေချင်းဆက်စပ်နေတဲ့ (၅)နိုင်ငံ မြန်မာ၊လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းစတဲ့နိုင်ငံ (၅)နိုင်ငံရှိမှာဖြစ်သလို ဟိုဘက်က ပင်လယ်ရေကြောင်းဘက်က နေပြီး တော့မှရေကြောင်းပိုးလမ်းမဘက်က အဆက်အသွယ်လုပ်မယ့်ဘက်မှာလည်း (၆) နိုင်ငံ ရှိမှာပေါ့နော်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် အရှေ့တီမော ပေါ့နော်။ အဲဒီတော့ တစ်နိုင်ငံနှင့်တစ်နိုင်ငံမှာ ကျွန်တော်တို့ အခြေအနေတွေ ကတော့ မတူဘူးပေါ့။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ အခုထက်ထိ ဒီကိစ္စနှင့် ပတ်သက်ပြီး တော့ လုပ်မယ်၊ မလုပ်ဘူးဆိုတာကို  ပြန်ပြီးတော့ဖြေထားတာမရှိသေးဘူး။ ဗီယက်နမ် ကလည်း ထိုနည်းလည်းကောင်းပဲ။ ဗီယက်နမ်ကလည်း သူ့ရဲ့ဈေးကွက်ကို တရုတ်ပစ္စည်း လွမ်းမိုးမှာ စိုးတာကြောင့်ရယ်၊ တောင်တရုတ်ပင်လယ်အရေးကိစ္စမှာ နှစ်နိုင်ငံဆက်ဆံရေး မပြေလည်တာကြောင့်ရယ် ဒီကိစ္စကို လုံးဝတုန့်ပြန်မှုမရှိဘူး။ ထိုင်း ကတော့ လာအိုကနေ တစ်ဆင့်လာမယ့် အမြန်ရထားလမ်းပေါ့။ ဘန်ကောက်အထိ ခွန်းမင် ကနေဖောက်တဲ့ အမြန်လမ်းဖောက်မယ်လို့သဘောတူဆွေးနွေးနေတဲ့အချိန်မှာ ရုတ်တရက် ဘာကိစ္စ အကြောင်း ရှိလဲတော့မသိဘူး။ ထိုင်းက သူ့နိုင်ငံထဲမှာပဲလုပ်တော့ မယ်လို့ လာအိုနှင့် ဆက်တဲ့အပိုင်းကို သူကဖျက်လိုက်တယ်။ အခုလောလောဆယ်တော့ တရုတ်နှင့် လက်တွေ့အမြန်ရထားလမ်းဖောက်နေတာကတော့ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့တော်နှင့် ယူနန်ပြည်နယ် ခွန်းမင်နှင့်ကိုတော့ သူတို့ အမြန်ရထားလမ်းဖောက်နေတယ်။ ဒီလာအို နိုင်ငံက အဲဒီအတွက်ကို (၇)ဘီလီယံလောက် အကြွေးတွေယူပြီးတော့ သုံးရလိမ့် မယ်။ သို့သော်လည်း ရေရှည်မှာ ဒါတွေပြန်ဆပ်နိုင်လိမ့်မယ်လို့ သူတို့မျှော်လင့်တယ်။ နောက် သူ့နိုင်ငံထဲမှာ ရေအားလျှပ်စစ်တွေ အကြီးအကျယ်ထုတ်နေတယ်။ ရေကာတာ တွေဆောက်မယ်။ ရေအားလျှပ်စစ်တွေထုတ်မယ်။ အိမ်နီးချင်းနိုင်ငံတွေကို ရောင်းဖို့ သူတို့စီစဉ်နေပါတယ်။ နောက် ကမ္ဘောဒီးယားမှာတော့ အဲဒီအမြန်ရထားလမ်းဖောက်ဖို့ အတွက်ကတော့ သမ္မတရှီကျင့်ဖိန်သွားတုန်းက ကြေညာထားပြီးသားဖြစ်တယ်။ အဲဒါ ဆောက်ဖြစ်တယ်ဆိုရင် လာအိုနှင့်ဆက်ပြီးတဲ့အခါ ယူနန်ပြည်နယ်ခွန်းမင်အထိ သူတို့ လမ်းပေါက်သွားမှာပေါ့ဗျာ။

မေး---ဟုတ်ကဲ့ပါဆရာ။ အခုတရုတ်နိုင်ငံအနေနဲ့ကလည်း ဒီOBORစီမံချက်မှာ ဖော်ပြထားတဲ့အတိုင်း အရှေ့တောင်အာရှနိုင်ငံတွေပါဝင်လာနိုင်ဖို့အတွက် သူတို့အနေနဲ့ အားကြိုးမာန်တက်ဆောင်ရွက်နေတာတွေရှိတယ်ပေါ့။ စောစောက Asian Infrastructure Investment Bank လို့ခေါ်တဲ့ အာရှအခြေခံ အဆောက်အအုံရင်းနှီးမြှပ်နှံမှုဘဏ်ဟာဆိုရင် အရှေ့တောင်အာရှက နိုင်ငံတစ်ချို့ကို ရင်းနှင်္ီးမြှပ်နှံတွေထုတ်ပေးတယ်။ အခြေခံ အဆောက် အဦတွေကို ဆောက်လုပ်ပေးတယ်ပေါ့။ အဲဒီတော့ ဒီတရုတ်နိုင်ငံအနေနဲ့က  ဒီလောက် လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီOBORစီမံချက်မှာ အရှေ့တောင် အာရှနိုင်ငံ တွေက အခုလောလောဆယ်မှာ မပါဝင်နိုင်သေးပေမယ့်  နောက်ပိုင်းမှာ ပါဝင်လာနိုင်ခြေရှိပါ လားခင်ဗျ။

ဖြေ---ကျွန်တော့်အမြင်ကတော့ ပါဝင်လာနိုင်မယ်လို့ထင်ပါတယ်။ ဒီကမ္ဘာက ဘာဖြစ်လို့ လည်းဆိုတော့ တဖြည်းဖြည်းနှင့် ကမ္ဘာ့သမိုင်းပေါ့။လူ့အဖွဲ့အစည်းသမိုင်းက တဖြည်းဖြည်းနှင့်တိုးတက်လာတာတွေဟာ ဆက်သွယ်ဆက်ဆံရေး၊ သွားလာရေး လွယ်ကူလို့သာ အပြန်အလှန်ယဉ်ကျေးမှုဖလှယ်တာ၊ကုန်ပစ္စည်းတွေ ဖလှယ်ရောင်းဝယ် တာ အဲသလိုနည်းနှင့် လူ့ယဉ်ကျေးမှုဟာ တိုးတက်လာတာဖြစ်တာကိုး။ ကျွန်တော်တို့ အရင်ရှေးရှေးတုန်းကလို  လှည်းတွေ၊ လှေတွေနှင့်ပဲ သွားနေမယ်ဆိုရင် ကျွန်တော်တို့ အဲသလိုဖွံ့ဖြိုးတိုးတက်တဲ့ ယာဉ်ရထားတွေ၊ လမ်းတွေဖောက်တာတွေကို ကျွန်တော်တို့ ဆန့်ကျင်နေခဲ့မယ်ဆိုရင်တော့ အဲဒီနိုင်ငံက ကျန်နေခဲ့မှာပဲ။ အဲတော့ ကျွန်တော့် လူ့သမိုင်းကိုက အဲသလိုတဖြည်းဖြည်းချင်းတိုးတက်လာရတာဖြစ်တော့ ဒီအစီအစဉ်ထဲမှာ မပါဝင်ချင်ဘူး။ တစ်ခုခုကြောက်လို့၊ စိုးရိမ်လို့မပါဝင်ရင် အဲဒီနိုင်ငံကတော့ ကျန်နေခဲ့မှာပဲ။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာက အခြေအနေအခွင့်အလမ်းဆိုတာကလည်း ဒီဥစ္စာ ဒီလိုလွမ်းမိုး သွားမှာစိုးလို့ဆိုပြီးတော့ စိုးရိမ်နေစရာမလိုဘဲနှင့် ကျွန်တော်တို့က ထပ်ပြီး အခြေအနေ သစ်မှာ အခွင့်အလမ်းသစ်ကို ထပ်ပြီးတော့ ကျွန်တော်တို့ဖန်တီးဖို့လိုတာပေါ့နော်။ ဒါက ဆက်ဆံရေးမှာလည်း အပြန်အလှန် ကျွန်တော်တို့ဆွေးနွေးပြီးတဲ့အခါ မျှတတဲ့ ကုန်သွယ်ရေး၊ မျှတတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ရေးဆိုတဲ့ ဥစ္စာတွေလည်း ရှိမှာပါ။ တစ်ပါတည်းရှိ လာမှာပါ။ ဒါကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ကတော့ ဒီဟာဟာ မုချပဲအကျိုးရှိလိမ့် မယ်။ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်တူနီးပါးပေါ့နော်။ ပြိုင်တူနီးပါး ဖွံ့ဖြိုးတိုးတက်လာဖို့အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

မေး---ဟုတ်ကဲ့ပါဆရာ။ အခု လတ်တလောမှာလည်းပေါ့နော်။ ဒီတရုတ်နိုင်ငံအနေနဲ့က စီးပွားရေးမိတ်ဖက်နိုင်ငံက (၆၀)လောက်ရှိတယ်ဆိုတော့ပေါ့နော် ဒီနိုင်ငံတွေနှင့် စီးပွားရေး အရ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ်မှာလည်း ဆရာဘယ်လိုမြင်ပါသလဲခင်ဗျ။ နောက်တစ် ခုကလည်း ဒီ OBORစီမံချက်ပေါ့နော် ဒီအခြားစီးပွားရေးမိတ်ဖက်နိုင်ငံတွေ အတွက် ဘယ်လောက်အထိ အကျိုးကျေးဇူးတွေရရှိလာနိုင်မယ်လို့ဆရာအနေနဲ့ မျှော်လင့်ပါလဲ

ခင်ဗျ။

ဖြေ---အင်း ပြီးခဲ့တဲ့ကာလကတော့ ကျွန်တော်တို့တရုတ်ပြည်ကို သူ့ရဲ့စီးပွာေးရး အရမ်းကြီးထွားလာတဲ့အခါကျတော့ သူရဲ့ထုတ်လုပ်ရေးစွမ်းအားတွေကလည်း အရမ်း အရှိန်အဟုန်မြင့်လာတဲ့အခါကျတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေ ၊ ပစိဖိတ် ကမ်းရိုးတန်းမှာရှိတဲ့ ဂျပန်နိုင်ငံလိုနိုင်ငံတွေက နည်းနည်းစိုးရိမ်တယ်။ စိုးရိမ်တဲ့ အတွက် ကြောင့်မို့လို့ TPP ဆိုတဲ့အဖွဲ့ ဖွဲ့တယ်ပေါ့နော်။ အဲဒီမှာ ခုနကပြောတဲ့လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ဖို့ဆိုတဲ့ အခြေခံနှင့်ပါပဲ။ အဲဒါ အိုဘားမား သမ္မတဖြစ်တုန်းက ဒီအဖွဲ့ ဖွဲ့ပြီးတော့ အမှန်ကတော့ တရုတ်ပြည်ရဲ့ကြီးထွားလာတဲ့ ဒီကုန်သွယ်ရေး၊ ထုတ်လုပ်ရေး တွေကို တန်ပြန်ဖို့ပေါ့နော်။ အဲသလိုဖွဲ့ပြီးတော့ လုပ်ကြတဲ့အခါ လက်မှတ် ထိုးပြီးတော့ စမလို့ပဲရှိသေးတယ်။ သမ္မတ အိုးဘားမားရဲ့သက်တမ်းကုန်သွားပြီးတော့ ဟို ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီသမ္မတ ဒေါ်နယ်ထရန့်တက်လာတဲ့အခါ စာချုပ်က သူ့နိုင်ငံကို ထိခိုက်စေတယ်။ အမေရိကန်ကို ထိခိုက်စေတယ်ဆိုပြီး ထွက်လိုက်တယ်။ ထွက်လိုက် တဲ့အတွက်ကြောင့်မိုလို့ ကျန်တဲ့နိုင်ငံတွေက နည်းနည်းအားလျော့သွားတယ်။ ကျန်တဲ့နိုင်ငံ တွေက အခု တရုတ်နိုင်ငံနှင့်ဆက်ဆံမှုပြုနေတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဟာပေါ့ဗျာ။ ဗီယက်နမ်နိုင်ငံလည်း ပါတယ်ပေါ့နော်။ သူတို့က သူတို့ရဲ့ ပစ္စည်းတွေကို အမေရိကန်ဈေးကွက်သို့ရောင်းချင်တာ။ ရောင်းချင် တော့ ဒီဟာကို အမေရိကန်က ထွက်သွားတယ်ဆိုတော့ နည်းနည်းတော့ အားလျော့သွား တာပေါ့ ။ သူတို့က သဘောတူထားချက်အရဆိုရင်တော့ သူတို့ကုန်ပစ္စည်းတွေ ဟိုဘက်မှာ အခွန် အကောက်သက်သက်သာသာနှင့် သွင်းလို့ရရမယ့်ကိစ္စမှာ အဲသလိုဖြစ် သွားတဲ့ အခါကျ တော့ အခုသူတို့ရဲ့ မျက်နှာအမူအရာက တရုတ်ပြည်ပြန်ဖြစ်လာနေတယ်။ တရုတ်ပြည် နှင့်ပဲ ကူးသန်းသွားလာကုန်သွယ်တာက ပိုပြီးတော့လက်တွေ့ကျ လိုက်မယ် ဆိုပြီးတော့ အဲသလိုဖြစ်လာတယ်။ အထူးသဖြင့်ဆိုရင် ဖိလစ်ပိုင်အရေးကိစ္စကြည့် လိုက်လို့ရှိရင် သိသာတယ်။ ဖိလစ်ပိုင်က ဒူတာတေးတက်လာတဲ့နောက်ပိုင်းမှာ အမေရိကန်နှင့် ဆက်ဆံရေးဟာ သိပ်မပြေလည်ဘူး။ မပြေလည်တော့ အခုတောင်တရုတ်ပင်လယ် အရေးအခင်းမှာ အဓိက အငြင်းပွားနေတဲ့ တရုတ်နှင့်ကြားကဆက်ဆံရေးက အခုဟာက မထင်မှတ်ဘဲ ပိုကောင်းလာတယ်။ ပိုကောင်းလာပြီးတော့ အခုတရုတ်က အဲဒီမှာရင်းနှီး မြှပ်နှံမှုတွေလုပ်တယ်။ သူနှင့်အပြန်အလှန်စာချုပ်တွေချုပ်တာဆိုရင် ပြီးခဲ့တဲ့ သမ္မတ ဒူတာတေး သွားခဲ့တဲ့ခရီးစဉ် မှာဆိုရင် (၂၄)ဘီလီယံဖိုး လောက်တောင်ရှိတယ်လို့ သိရပါတယ်။ အဲဒီတော့ ဒါတွေက လက်တွေ့အားဖြင့်အပြောင်းအလဲဖြစ်လာတဲ့ သဘော ပေါ့နော်။ ဗီယက်နမ်နှင့်ဆိုလို့ရှိရင် လည်း ခုနကပြောတဲ့အခြေအနေတွေက TPPကနေ အမေရိကန်ထွက်သွားတဲ့အခြေအနေ အရ တရုတ်နှင့်ဘာပဲဖြစ်ဖြစ် မချစ်သော်လည်း အောင့်ကာနမ်းဆက်ဆံရမယ့် အနေအထား မျိုးတွေဖြစ်လာနေပါတယ်။

မေး--ဟုတ်ကဲ့ပါ။ တကယ်လို့ဆရာ ကျွန်တော်တို့မြန်မာနိုင်ငံက OBORစီမံချက်မှာ ပါဝင်လာနိုင်မယ်ဆို၇င် ဘယ်လိုရလဒ်တွေ ထွက်လာနိုင်သလဲခင်ဗျ။

ဖြေ--အဲ  ကျွန်တော်တို့မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ကာလတစ်လျောက်လုံးမှာက ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်မှာ လူသုံးကုန်ပစ္စည်းတွေ၊ထွက်ကုန်ပစ္စည်းတွေပေါ့နော် စက်မှုလက်မှုထွက်ကုန်ပစ္စည်းတွေ အများကြီးထွက်တဲ့တိုင်းပြည်တော့ မဟုတ်သေးဘူးဗျ။ မဟုတ်သေးတဲ့အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံတို့ အိန္ဒိယနိုင်ငံတို့နှင့်  စာလို့ရှိရင် ထိခိုက်နစ်နာမှုက သိပ်မသိသာဖူးပေါ့နော်။ ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် သူတို့ရဲ့ရောင်း အားဟာ စာရင်းဇယားတွေမဖတ်မိပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ထိုင်းကုန်ပစ္စည်း တွေက တဖြည်းဖြည်းနှင့် ဈေးကွက်ကျဉ်းသွားတာတော့ ကျွန်တော်တို့လက်တွေ့ပဲလေ။ တရုတ်ပစ္စည်းတွေဝင်လာတယ်။ အစကတော့ အရည်အသွေးမကောင်းဘူး၊ ဈေးပေါတယ်။ အခုကျတော့ အရည်အသွေးလည်း ကောင်းတယ်။ ဈေးလည်းပေါတယ်။ အဲသလိုဖြစ်တော့ ထိုင်းပစ္စည်းက မြန်မာနိုင်ငံဈေးကွက်မှာ သိပ်မထိုးသလောက်ဖြစ်နေပြီ။ ထိုနည်းလည်း ကောင်းပဲ။ အိန္ဒိယမှာလည်းကြားတာက အိန္ဒိယရဲ့ဆေးပစ္စည်းတွေဆိုလို့ရှိရင် ဈေးကြီး တယ်။ အရည်အသွေးကောင်းတယ်။ ဒါပေမယ့် တရုတ်ပစ္စည်းတွေကရောက်လာတဲ့ အခါကျတော့ အစပိုင်းမှာတော့ အရည်အသွေးမမီဘူး။ ဒါပေမယ့် အခုအရည်အသွေး လည်းမီတယ်။ ဈေးလည်းသက်သာတယ်ဆိုတော့ အိန္ဒိယရဲ့ဆေးပစ္စည်းတွေက သိပ်မရောင်းရဘူးပေါ့နော်။ အဲလိုနိုင်ငံတွေကကျတော့ တရုတ်နှင့် အဲလိုဆက်ဆံရမှာကို နည်းနည်းကြောက်နေတာပေါ့။ ကိုယ်တို့နိုင်ငံအနေနဲ့ကျတော့ အဓိက သူ့ကိုပို့ရတဲ့ ပစ္စည်းတွေက လယ်ယာထွက်ကုန်ပစ္စည်းတွေနှင့် သဘာဝသယံဇာတတွေဖြစ်တာပေါ့နော်။ အဲဒီတော့ သဘာဝသယံဇာတတွေလို့ဆိုတဲ့အခါမှာ သစ်လည်းအပါအ၀င်ပေါ့။ အဲဒါတွေက တော့ တရားဝင်တော့ပိတ်ထားတယ်။ သို့သော် မှောင်ခိုလမ်းကနေ ထွက်နေတာတွေရှိ တယ်။ နောက်တစ်ခါ ကျွန်တော်တို့လယ်ယာထွက်ပစ္စည်းတွေကလည်း ဥပမာ ပြောင်းတို့၊ ဆန်စပါးတို့ အများအပြားရောင်းတာတယ်။ သို့သော် တရုတ်ပြည်က အဲဒါတွေကို တရားဝင်ဝယ်တာမဟုတ်ဘူး။ သူတို့ပြည်တွင်းမှာ ဖမ်းတာဆီးတာတွေရှိတယ်ဗျ။ အဲတော့ ကျွန်တော်တို့က ဒါတွေနှင့်ပတ်သက်လို့ရှိရင် သူတို့အရည်အသွေးသတ်မှတ်ချက်ကို မမီလို့လား။ ကျွန်တော်တို့က အရည်အသွေးပြည့်မီအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့က တိုးတက်အောင်ကြိုးစားရမယ်။ တစ်ဖက်က အဲဒီအခွင့်အရေး တွေရ အောင် ကျွန်တော်တို့ရဲ့လယ်ယာထွက်ကုန်ပစ္စည်းတွေကို သူတို့ဖက်က ဈေးကွက်ဖွင့်မရ အောင် တမင်ညစ်တာမျိုးမခံရအောင် ကျွန်တော်တို့အစိုးရအနေနဲ့ အဲဒါကို ဆွေးနွေးဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့မကြာခဏကြားနေရတယ်။ ပြောင်းကုန်သည်တွေ ဟိုဘက်က ပြောင်းဖူးတွေဖမ်းလိုက်ပြီဆိုရင် ဒီပြောင်းဖူးတွေက ဈေးကျ၊ ကုန်သည်လည်းထိခိုက်၊ တောင်သူလည်းထိခိုက်ပေါ့နော်။ ဆန်တွေဝင်တယ်ဝင်တယ် ပေးဝင်တယ်ပေးဝင်တယ် ဆိုပြီးဆန်တွေသည်သွားလိုက်ကြ၊ ဟိုဖက်ရောက်တစ်ခါ  အဖမ်းခံရတယ်ဆိုပြီးတော့ ဆန်ဈေးတွေပြုတ်ကျ။ အဲလိုတွေ ခဏခဏဖြစ်တော့ အဲဒါတွေနှင့်ပတ်သက်လို့ရှိရင် ကျွန်တော်တို့က ဒီလမ်း လုပ်ခွင့်ရတယ်ဆိုလိုရှိရင်၊ သူတို့အနေနဲ့လုပ်ချင်တယ် လုပ်ခွင့်ရ တယ်ဆို၇င် ကျွန်တော်တို့အနေနဲ့ကလည်း ဒီဟာတွေနှင့်ပတ်သက်လို့ အာမခံချက်ရှိဖို့ လိုတယ်နော်။ သူတို့ဈေးကွက်မှာ။ ဆိုတော့ နောက်စက်မှုလုပ်ငန်းတွေလည်း ကျွန်တော် တို့နိုင်ငံမှာ လာပြီးတော့ရင်းနှီးမြှပ်နှံပြီးတော့ ကျွန်တော်တို့ဆီမှာထုတ်တာက ကျွန်တော်တို့နိုင်ငံသားတွေနှင့်ပေါင်းပြီးတော့ ဖက်စပ်ထုတ်တာပဲဖြစ်စေ၊ တိုက်ရိုက်ရင်းနှီး မြှပ်နှံတာပဲဖြစ်စေ ဒါတွေထွန်းကားလာလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင်တွေ ပေါများလာမှာပေါ့ဗျာ။ အရင်တုန်းက ဆိုကြပါစို့။ ဓာတ်ဘူးဆိုရင် တရုတ်ပြည်ထဲက လာတယ်။ ဓာတ်ဘူးစက်ရုံကြီး သူတို့က ဒီမှာလာပြီး ဆောက်မယ်။ ဒီမှာပဲ ထုတ်မယ်ဆိုရင် ဈေးတွေလည်း သက်သက်သာသာနှင့်သုံးရမယ်။ ကျွန်တော်တို့လူမျိုးတွေလည်း အလုပ်တွေရကြမယ်ပေါ့။ အလုပ်အကိုင်နှင့်အတတ်ပညာတွေရကြမယ်ပေါ့နော်။

မေး---ဟုတ်ကဲ့ပါ။ အခုလိုမျိုး ကျွန်တော်တို့ CRI အသံလွှင့်ဌာန မေးမြန်းသမျှကို စိတ်ရှည် သည်းခံစွာ ဖြေကြားပေးခဲ့တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)ကို အထူးပဲကျေးဇူးတင်ပါတယ်။

ဖြေ--ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း ပြည်သူလူထုသိအောင် ဒီကိစ္စတွေနှင့်ပတ်သက်လို့ အခုလိုရှင်းလင်းပြောပြခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ရှိပါတယ်။

 

 

ဆက်သွယ်မေးမြန်း/ရေးသားသူ------ဇော်မင်းထွန်း

   Webradio