• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများ အပေါ် အာဆီယံ နိုင်ငံများမှ ပညာရှင်များ အာရုံစိုက်

(GMT+08:00) 2017-03-14 12:33:38

၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပဉ္စမအကြိမ် အစည်း အဝေးနှင့် ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ပီကင်းတွင် ကျင်းပလျက်ရှိကြောင်း၊ အာဆီယံ နိုင်ငံများမှ ပညာရှင်များသည် ယင်းအစည်းအဝေး ၂ခု အပေါ် အလွန် အာရုံစိုက်နေ ကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

မြန်မာ့ မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ အကယ်ဒမီဌာန ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်က ၄င်းအစည်းအဝေး ၂ခုနှင့် ပတ်သက်၍ မိမိက အာရုံအစိုက်ဆုံးသည့် ကိစ္စမှာ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်ကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဘေးပတ်ဝန်းကျင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် ကြီးမားသော သြဇာသက်ရောက်မှု ရှိကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံအတွက် ပိုမိုများပြားသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ကြဉ်းလာစေပြီး မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

One Belt and Roadနှင့် ပတ်သက်၍လည်း ဦးညွန့်မောင်ရှိန်က One Belt and Roadသည် အကျိုးစီးပွားကို အတူမျှဝေခံစားပြီး ပွင့်လင်းမှုရှိသော ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်သလို One Belt and Road တလျှောက်က နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနေနှင့် One Belt and Roadအဆိုပြုချက်ကို တက်ကြွစွာ အားပေးထောက်ခံသော နိုင်ငံ ဖြစ်ပြီး One Belt and Roadမဟာဗျူဟာနှင့် ညီညွတ်အောင် အတူဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ကာ တရုတ်ပြည်နှင့် ပိုမိုကျယ်ပြန့်နက်ရှိုင်းသော ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

ဗီယက်နမ် သံတမန်ရေးရာ ပညာ တက္ကသိုလ် နိုင်ငံခြားရေး မဟာဗျူဟာ သုတေသန ဌာန ဒုဌာနမှူး ချင်ရွေထိုက်က ၄င်းအစည်းအဝေး၂ခုသည် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကာလကို လူအများ အာရုံစိုက်ကြသော အရေးကိစ္စ ပြဿနာ များနှင့်ပတ်သက်၍ ဆွေးနွေးပြီး သက်ဆိုင်ရာ မူဝါဒများကို ရေးဆွဲချမှတ်ကြောင်း၊ ယင်းသည် တရုတ်ပြည်ကို စနစ်တကျရှိစွာဖြင့် ရေရှည်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် အာမခံပေးနိုင်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသန စင်တာ သုတေသီ ချင်ရှူလင်က တရုတ်ပြည်၏ ဆန်းသစ်တီထွင်မှု ရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အင်ဒိုနီးရှား နိုင်ငံ အတွက် အကျိုးများကို လက်တွေ့ဆောင်ကြဉ်းလာစေကြောင်း ပြောကြားသည်။

စင်ကာပူ အမျိုးသား တက္ကသိုလ် အရှေ့အာရှ သုတေသန ဌာန အဆင့်မြင့် သုတေသီ ချင်ကန်းက တရုတ်ပြည်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အရင်းအမြစ်များ ခွဲဝေပေးရေးကို ပိုမိုတရားနည်းလမ်းကျစေရေး အတွက်ရော၊ ဆင်းရဲ၊ချမ်းသာ ကွာဟမှု လျော့နည်းစေရေး အတွက်ပါ အကျိုးရှိကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယား မဟာဗျူဟာ သုတေသန အကယ်ဒမီ ဥက္ကဋ္ဌ ချန်ဝမ်နာရီက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀အတွင်း တရုတ်ပြည်သည် ဆင်းရဲသူဦးရေ ကုဋေပေါင်းများစွာ လျှော့ချခဲ့ကြောင်း၊ ယင်းသည် အံ့သြဖွယ်ရာ တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

   Webradio