• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချမ်းသာခြင်းမှသည် ကျင့်ဝတ်နှုန်းစံနှင့်ညီသော ချမ်းသာခြင်းဆီသို့

(GMT+08:00) 2017-03-14 11:03:42

            (၁)

၁၉၉၀ ၀န်းကျင်ကာလ ကမ္ဘာတစ်ဝန်းရှိ ဆိုရှယ်လစ်အုပ်စုများ တဖြုတ်ဖြုတ်ကြွေကျခဲ့ သည့်အချိန် တွင် နိုင်ငံရေးအကဲခတ်တို့၏ မျက်လုံးများမှာ တရုတ်အပေါ် အာရုံအကျဆုံးဖြစ်ခဲ့ကြသည်။ဆိုဗီယက်ပြည် ထောင်စုပြိုလဲပြီးနောက် ဆိုရှယ်လစ်ကမ္ဘာ၏ မဟာအင်အားကြီးတစ်နိုင်ငံဖြစ်သော တရုတ်ကရော ဘယ် တော့ပြိုကျသွားလေမလဲဆိုသည့်မေးခွန်းမှာ နိုင်ငံရေးကဲခတ်များကြား အပ်ကြောင်းထပ်ခဲ့သလို တာကျိုး ကျသလိုထွက်ပေါ်လာသော ထင်မြင်ချက်အမျိုးမျိုးတို့မှာလည်း ဆိုဗီယက်ပြီးတရုတ်ဟု ဆိုကြသည်။

      ထိုသို့သော ထင်မြင်ချက်များက ထင်မြင်ချက်များသာဖြစ်ကြောင်း တရုတ်ခေတ်သစ်ခေါင်းဆောင် တိတ်ရှောင်ဖိန်၏ "ကြောင်ဆိုတာဖြူဖြူ၊မဲမဲ ကြွက်ခုတ်တတ်ဖို့ပဲလိုတယ်"ဆိုသည့် အတွေးအခေါ်က  သက်သေပြခဲ့သည်။

      တိတ်ရှောင်ဖိန်၏ "ချမ်းသာတာဟာကောင်းတယ်"ဆိုသည့်အယူအဆမှသည် ရှေ့သို့တလူလူတက် လာသောတရုတ်နိုင်ငံသည် ယခုအခါမှာတော့ အတော်အတန်ပြည့်စုံကြွယ်ဝသော လူ့အဖွဲ့အစည်းဆီသို့ ရည် မှန်းချက်ထားနိုင်ခဲ့လေပြီ။

      ၁၉၇၈ခုနှစ်၊တိန့်ရှောင်ဖိန်အာဏာရလာ၊၁၁ကြိမ်မြောက် ပါတီကွန်ဂရက် တတိယအကြိမ်စုံညီ အစည်းအ၀းပြီးနောက် တံခါးဖွင့်ပေါ်လစီစတင်ဖော်ဆောင် ချိန်မှ၂၀၁၆ခုနှစ်အထိရေတွက်လိုက်လျှင် စုစု ပေါင်း၃၈နှစ်။၃၈နှစ်တာခရီးလမ်းမှာ ပန်းခင်းလမ်းပေါ် သက်သောင့်သက်သာ လေဟုန်စီးခဲ့ရသော ခရီး လမ်းတော့မဟုတ်။တကယ့်ကိုကြမ်းလိုက်မယ်ဆိုသည့် ခရီးကြမ်း။ထိုခရီးကြမ်း၏အဓိကပဲ့ကိုင်ရှင်မှာ တရုတ် ကွန်မြူနစ်ပါတီ၊ထိုခရီးကြမ်း၏လမ်းပြမြေပုံမှာ တရုတ်ထူးခြားချက်ဝိသေသပါသောဆိုရှယ်လစ်စနစ်ပင်ဖြစ် သည်။

      တရုတ်ကို သင်ငြင်းချင်ငြင်းခွင့်ရှိသည်။တရုတ်နိုင်ငံ၏လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအပေါ် သင် မေးခွန်းထုတ်နိုင်သည်။သို့သော်၊တရုတ်၏တည်ငြိမ်မှုကိုတော့ သင်ငြင်းလို့မရ။ကမ္ဘာ့ဒုတိယစီးပွားရေးအင် အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိနေခြင်းကိုတော့ ငြင်းမရ။

      ထိုသို့ငြင်းမရသော ယနေ့တရုတ်ပြည်သို့ရောက်အောင် လျှောက်ခဲ့ရာခရီးကြမ်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုကအထောက်အပံ့ကောင်းတစ်ခုဖြစ်ခဲ့သည်။တရုတ်နိုင်ငံဆီသို့ ကမ္ဘာအရပ်ရပ်မှနိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အလုအယက်တိုးဝင်လာအောင် တရုတ်၏နိုင်ငံရေးတည်ငြိမ်မှုက ဆွဲဆောင်မှုကြီးခဲ့သည် ။ရောက်ရှိလာသောနိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအတွက် အလုပ်လုပ်ချင်ကိုင်ချင်စိတ်ကြီးသော အလုပ်မျှော် နေသော နိုင်ငံသားများကလည်း အဆင်သင့်။ဒီနေရာမှာ မဖြစ်မနေထပ်ဖြည့်ပြောရမှာက တရုတ်လူမျိုးတို့၏ စရိုက်လက္ခဏာဖြစ်သည်။ တရုတ်နိုင်ငံသားမှမဟုတ်၊တရုတ်လူမျိုးဟေ့ဆိုလျှင် အလုပ်ကိုကြုံးရုန်းလုပ်ဖို့ရာ ဘယ်တော့မှဝန်မလေးသလို သူတို့၏သွေးသားထဲမှာပင် ချမ်းသာချင်စိတ်က အပြည့်။ယင်းသို့သောစရိုက် လက္ခဏာသည်လည်း ယနေ့တရုတ်ပြည်အခြေအနေသို့ရောက်အောင်တွန်းတင်ပေးသော အဓိကမောင်းနှင် အားတစ်ခုပင်ဖြစ်သည်။

      နောက်ထပ်အရေးကြီးသော အထောက်အပံ့ကောင်းတစ်ခုမှာ တရုတ်နိုင်ငံတွင်း အစိုးရအဆက် ဆက်ပြောင်းလဲသွားသော်လည်း မူဝါဒမပြောင်းလဲခြင်းပင်ဖြစ်သည်။တရုတ်ခေါင်းဆောင်အဆက်ဆက်ကို ကြည့်လျှင် ခေါင်းဆောင်ဟောင်းများအပေါ် ခေါင်းဆောင်သစ်များက အပုပ်ချထိုးနှက်မြေလှန်ဖယ်ရှားခြင်း မျိုးအလျင်းမရှိခဲ့သလို ယခင်ခေါင်းဆောင်များ ပျိုးထားခဲ့သောမူဝါဒမျိုးစေ့ကို ခေါင်းဆောင်သစ်များကဆက် ခံကာ ဆန်းသစ်တီထွင်ခြင်းနည်းလမ်းကို အစဉ်အဆက်ကျင့်သုံးခဲ့ခြင်းက ထူးခြားချက်ဖြစ်သည်။ယ နေ့တိုင် တရုတ်နိုင်ငံတော်၏ခေတ်သစ်ဖခင်ကြီးဖြစ်သော မော်စီတုန်းနှင့်ပတ်သက်ပြီး အလေးအမြတ်ထား ဆဲဖြစ်သည်။ဆိုဗီယက်ပြည်ထောင်စုဆိုလျှင် စတာလင်ကိုပုဂိုလ်ကိုးကွယ်မှုအကြီးအကျယ်ပြုလုပ်ခဲ့သော ခရူးရှော့သည် စတာလင်သေပြီးနောက်တစ်ရက်မှာပင် စတာလင်အပုပ်ချပွဲကို အကြီးအကျယ်ဆင်နွှဲ ကာ ဆိုဗီယက်သမိုင်းစာမျက်နှာထက်မှ စတာလင်အားဖယ်ရှားခဲ့ သည်။ ထားတော့။

(၂)

      ကမ္ဘာရုပ်သွင်က ထိုသို့သောအခြေအနေမျိုးဆိုတော့ နှစ်စဉ်ပံမှန်ကျင်းပမြဲဖြစ်သော တရုတ်ပြည်လုံး ဆိုင်ရာပြည်သူ့ကွန်ဂရက်အပေါ် နိုင်ငံတကာ၏စိတ်ဝင်စားမှုမှာ ပိုမြင့်တက်လာခဲ့သည်။၂၀၁၇ခုနှစ်မတ်လ၅ ရက်နေ့၊၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေးသို့ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ်လီခေ့ချန်က အစိုးရလုပ်ငန်းအစီရင်ခံစာကိုတင်သွင်းခဲ့သည်။

      ယင်းအစီရင်ခံစာမှာ ၂၀၁၆ခုနှစ်အစိုးရ၏ဆောင်ရွက်ချက်များနှင့် ၂၀၁၇ခုနှစ် အစိုးရဆောင်ရွက် မည့်အစီအစဉ်တို့ကို ပြည်သူ့ကွန်ဂရက်မှတစ်ဆင့်ပြည်သူထံတင်ပြခြင်းဖြစ်သည်။

      ၂၀၁၆ခုနှစ်ဆိုသည်မှာ တစ်ကမ္ဘာလုံး၏စီးပွားရေးအကျဘက်သို့ရောက်ခဲ့သောနှစ်ဖြစ်သည်။ပြောရ လျှင် ၂၀၁၆ခုနှစ်တစ်ကမ္ဘာလုံး၏စီးပွားရေးမှာ ရုတ်တရက်ဇက်ကြိုးသတ်လိုက်သလို တုံ့ဆိုင်းသွားခဲ့သည်။ ထိုသို့သော၂၀၁၆ခုနှစ်တွင် တရုတ်၏စီးပွားရေးတိုးနှုန်းမှာ ၆.၇ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံအသီး သီးတို့၏စီးပွားရေးတိုးတက်နှုန်းနှင့်ချိန်ထိုးကြည့်ပါက ပထမတန်းစားအဆင့်တွင်ရှိခဲ့သည်ဟု အစီရင်ခံ၌ ဖော်ပြထားသည်။

      ၂၀၁၆ခုနှစ်၊မြို့ပြတွင် အလုပ်အကိုင်နေရာတိုးမှုမှာလျာထားသည်ထက်ပိုကောင်းကာ အလုပ်အ ကိုင်နေရာ၁၃သန်း၁သိန်း၎သောင်းတိုးလာ။အဆင့်မြင့်နည်းပညာလုပ်ငန်းနှင့်အထွေထွေအသုံးအဆောင် ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ လျင်မြန်စွာတိုးတက်လာ။စားသုံးသူတို့၏၀င်ငွေတိုးနှုန်း ၆.၃ရာခိုင်နှုန်းရှိ။ ကျေးလက်နေ ဆင်းရဲသူဦးရေကို၁၂သန်း၎သောင်း လျှော့ချနိုင်ခဲ့။စသဖြင့် အစီရင်ခံစာတွင်ဖော်ပြပါရှိ သည်။

      ၂၀၁၆ခုနှစ်အစိုးရလုပ်ငန်းအစီရင်ခံစာအရရော ယခင့်ယခင်နှစ်များ၏တရုတ်ပြည်ဖွံ့ဖြိုးမှုအခြေအ နေအရရော ကြွယ်ဝလှသည့်ဈေးကွက်စီးပွားရေးအတွေ့အကြုံများအရပါ သိသာသောစီးပွားရေးကျဆင်း မှု အဆင့်သို့ ရောက်ရန်ရာခိုင်နှုန်းနည်းသည်မှာအမှန်ဖြစ်သည်။သို့သော်၊ကမ္ဘာ့နံပါတ်တစ်အဆင့် စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ်သို့ အရောက်လှမ်းဖို့ဆိုလျှင်တော့ မဟာဗျူဟာမြောက်စိန်ခေါ်မှုများက အသေအ ချာရှိနေပါသည်။

(၃)

      နိုင်ငံရေးမိုးသက်မုန်တိုင်းများကင်းစင်သွားပြီးနောက် ၁၉၇၈ခုနှစ် တိတ်ရှောင်ဖိန်တက်လာသည့်အချိန်မှစတင်ကာ ချမ်းသာလျှင်ပြီးရောဆိုသည့်စိတ်ဖြင့် လက်ကုန်မောင်းနှင် ခဲ့သည်။သန်းပေါင်းများစွာသောလူဦးရေကိုထမ်းပိုးထားရပြီး ဆင်းရဲမှုမှာလည်းဒေါင်ဒေါင်မြည်နေသော တိတ်ရှောင်ဖိန်ခေတ်တရုတ်ပြည်မှာ ချမ်းသာဖို့အရေး ချမ်းသာရန်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ ထည့်မတွေးနိုင်ခဲ့ပေ။တရားနည်းလမ်းကျ၊မကျဆိုသည်ကို ခေါင်းထဲမထည့်အား။ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုသည်ကိုခေါင်းထဲမထည့်အား။တရုတ်ပြည်သို့ ပြည်ပရင်းနှီးမြှပ်နှံမှုများ ဒလဟောစီးလာဖို့ကိုသာ အဓိက ထားခဲ့သည်။တိတ်ရှောင်ဖိန်တစ်ခေတ်၊ကျန်ဇီမင်း၊ဟူကျင်းတောင်။

      တရုတ်နိုင်ငံတော်ဥက္ကဌအဖြစ် ရှီကျင့်ဖိန် နန်းစိုက်ချိန်သို့ရောက်လာသည့်အခါ တရုတ်၏စီးပွားရေး ခွန်အားကိုတစ်ကမ္ဘာလုံးက လေးစားရသောအဆင့်ဆီသို့ရောက်ရှိခဲ့ပြီဖြစ်သည်။နောက်တစ်မျိုးဆိုရသော်၊ နဖူးမှချွေးခြေမအထိကျလာသည့်တိုင် အလုပ်မရွေးသိမ်းကျုံးလုပ်ကိုင်ခဲ့သောအခြေအနေမှ အမောဖြေရ ကောင်းမှန်း၊ရှာခဲ့သမျှငွေဖြင့် ဇိမ်ခံရကောင်းမှန်း ပြည်သူအများသိရှိခံစားလိုသောအခြေအနေဆီသို့ ရောက် ရှိခဲ့ပြီဖြစ်သည်။အထူးသဖြင့် ပညာရေးအသိကြွယ်သောလူလတ်တန်းစားအလွှာ အားကောင်းမောင်းသန် ကြီးထွားနေသောတရုတ်မြို့ပြ၌ နေထိုင်ကြသူများမှာကျန်းမာရေးကိုထိခိုက်စေသော၊နေလို့ထိုင်လို့အဆင် မပြေသော သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုကြောင့်ဖြစ်သည့် မီး ခိုးမြူများအပေါ် မေးခွန်းထုတ်လာကြသည်။

      စာရေးသူကိုယ်တိုင် ပီကင်းတွင်၂နှစ်တာနေထိုင်ခဲ့ဖူးလေတော့ ဆောင်းကာလ မီးခိုးမြူများကြောင့် မှောင်ရီဝိုးတ၀ါးဖြစ်နေမှုကို ကောင်းကောင်းသိရှိခဲ့သည်။သုညဒီဂရီအောက်အအေး၏ဒဏ်ကိုခုခံဖို့ရာ ကုတ် အင်္ကျီထူထူ၊ဘောင်းဘီထူထဲထဲ။မီးခိုးမြူများရစ်သိုင်းထားသောလေကို အတတ်နိုင်ဆုံးငြင်းပယ်နိုင်ဖို့ရာ နှာ ခေါင်းစည်းကိုယ်စီဖြင့် မပြေးရုံတမယ် သုတ်သုတ်လျှောက်နေကြခြင်းမှာ ပီကင်းမြို့၏ဆောင်းဖက်ရှင်တစ်ခု ပင်ဖြစ်သည်။ပီကင်းမြို့နှင့်မီးခိုးဖြူပြဿနာမှာ ပီကင်းမြို့သူမြို့သားများတင်မကဘဲ ပီကင်းမြို့ရှိနိုင်ငံခြား သားများပါ စိတ်ပျက်လက်ပျက်ဖြစ်ရသောပြဿနာဖြစ်သည်။မီးခိုးမြူမှာ ပြည်သူများတိုက်ရိုက်ထိတွေ့ခံစား ရသော ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာ။ပြည်သူအများ တိုက်ရိုက်ထိတွေ့ရခြင်းမရှိသော သဘာဝပတ်ဝန်း ကျင်ယိုယွင်းမှုမှာ မည်မျှရှိသေးသလဲတော့မသိ။မတ်လ၅ရက်နေ့ကကျင်းပသော ၁၂ကြိမ်မြောက်တရုတ် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပဉ္စမအကြိမ်အစည်းအဝေးတွင် ၀န်ကြီးချုပ်လီခေ့ချန်တင်သွင်းသော အစိုး ရလုပ်ငန်းအစီရင်ခံစာထဲ၌လည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအခြေအနေဆိုးရွားနေသေးကြောင်းအ ထူးသဖြင့် ဒေသအချို့တွင် ဆိုးရွားသည့်လေထုညစ်ညမ်းမှုအကြိမ်ပေါင်းများစွာ ဖြစ်ပွားနေသဖြင့် ပြုပြင်ရေး ဆောင်ရွက်ချက်များကို တစ်ဆင့်တိုးအားဖြည့်ဆောင်ရွက်ရန်လိုအပ်သည်ဟု ဖော်ပြပါရှိသည်။

      ထို့ပြင် ၂၀၁၇ခုနှစ်အတွင်းအလေးထားဆောင်ရွက်မည့် လုပ်ငန်းများထဲတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့်ပြုပြင်ရေးကိုအားဖြည့်ဆောင်ရွက်မည်။အပြာရောင်ကောင်းကင်ထိန်းသိမ်းစောင့် ရှောက်ရေးကို ပြတ်ပြတ်သားသားဆောင်ရွက်မည်ဟု လီခေ့ချန်ကဆိုသည်။

      သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကိုယခု ၂၀၁၇ခုနှစ်မှအလေးထားဆောင်ရွက်မည် တော့ မ ဟုတ်။နှစ်စဉ်အလေးထားဆောင်ရွက်နေကျလုပ်ငန်းရပ်ဖြစ်သည်။အထူးသဖြင့် တရုတ်နိုင်ငံတော် ဥက္ကဌအဖြစ် ရှီကျင့်ဖိန်တာဝန်ယူသည့်အချိန်မှစတင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို မဟာဗျူ ဟာမြောက်ဆောင်ရွက်ခဲ့သလို မီးခိုးမြူကဲ့သို့သော လေထုညစ်ညမ်းမှုမှာ ယနေ့တိုင် လူပြောများသည့်အ ဆင့်မှလျော့မကျသေးသည်မှာလည်းအထင်အရှားဖြစ်သည်။တရုတ်၏အနာဂတ်အိပ်မက်ဖြစ်သော အတော် အ တန်ချမ်းသာသောလူ့အဖွဲ့အစည်းဆိုသည်မှာ ငွေကြေးကြွယ်ဝချမ်းသာခြင်းတင်မက ပတ်ဝန်းကျင်ညစ် ညမ်းမှုကင်းပြီးနေပျော်သောမြို့ကြီးများဖြစ်တည်လာရေးသည်လည်းတွဲ၍ပါဝင်သည်ဟုမြင်၏။ထို့ကြောင့် တရုတ်နိုင်ငံ၏ရင်အုံတွင်စိုက်ဝင်နေသော ပတ်ဝန်းကျင်ညစ်ညမ်းမှုတည်းဟူသည့်ထိုဆူးတစ်ချောင်းကို လုံး ၀ဖယ်ရှားနိုင်ရေးမှာ တရုတ်၏အနာဂတ်အတွက် အရေးကြီးသောစိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

      တရုတ်နိုင်ငံတော်စီးပွားရေးတောင့်တင်းလာခြင်းနှင့်နောက်ထပ်ရရှိလိုက်သော ဆူးတစ်ချောင်းက လည်းရှိနေပြန်သေးသည်။ယင်းမှာ အဂတိလိုက်စားမှုပြဿနာပင်ဖြစ်သည်။တရုတ်နိုင်ငံတော် ချမ်းသာ လာ ခြင်းနှင့်အတူ ချမ်းသာခြင်းဒဏ်မခံနိုင်သော တစ်ကိုယ်တော်ကောင်းစားရေးအချောင်သမားဝါဒမှာလည်း တ ရုတ်လူ့အဖွဲ့အစည်းကြား နက်ရှိုင်းစွာအမြစ်တွယ်လာခဲ့သည်။ဘယ်လောက်ထိအမြစ်တွယ်ခဲ့သလဲဆို တ ရုတ်ထိပ်တန်းခေါင်းဆောင်ပိုင်းအထိပင် ခြစားမှုဖြင့်အရေးယူခံရကြောင်း သတင်းများကိုကြည့်ခြင်း အားဖြင့်သိ သာပါသည်။ရှီကျင့်ဖိန်လက်ထက်တွင် ကျားကိုလည်းတိုက၊်ယင်ကိုလည်းဖမ်းဟု ကြွေးကြော် ကာ အဂတိ လိုက်စားမှုမျာကို ပြတ်ပြတ်သားသားချေမှုန်းခဲ့သလို လက်ရှိတွင်လည်းချေမှုန်းလျက် ပင်ဖြစ် သည်။ယင်းသို့ ပြတ်သားသောချေမှုန်းမှုများကြောင့် ရလဒ်ကောင်းများထွက်လာသော်လည်း အမြစ်ပါမကျန် မြေလှန်နိုင် ရေးမှာ အချိန်ယူတိုက်ဖျက်ရဦးမည်ဟုထင်၏။

      လီခေ့ချန်၏အစိုးရလုပ်ငန်းအစီရင်ခံစာထဲတွင် ကေဒါခေါင်းဆောင်အချို့သည် တာဝန်သိမှုမရှိ၊နယ် ပယ်အချို့တွင် အဂတိလိုက်စားမှုများစွာဖြစ်ပွားခဲ့သည်ဟုဖော်ပြထားသည်။မော်စီတုန်းတစ်ခေတ် တော်လှန်ရေးခရီးကိုဖြတ်သန်းခဲ့သော ကွန်မြူနစ်ပါတီ၏ကေဒါခေါင်းဆောင်များမှာ အများပြည်သူအလေး နီပြုခြင်းခံခဲ့ရသော စံပြပုဂိုလ်များဖြစ်ခဲ့ကြသော်လည်း ယခုအခါမှာတော့ ကေဒါခေါင်းဆောင်အဆင့်များပင် လျှင် အဂတိလိုက်စားနေခြင်းမှာ တရုတ်၏အနာဂတ်အတွက် အရေးကြီးသောခြိမ်းခြောက်မှုပင်ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှုကိုစဉ်ဆက်မပျက် မချေမှုန်းနိုင်ခဲ့လျှင် အဂတိလိုက်စားသောကေဒါများကို စဉ် ဆက်မပြတ်မဖော်ထုတ်မချေမှုန်းနိုင်ခဲ့လျှင် မျိုးဆက်သစ်ကေဒါကောင်းများမွေးထုတ်နိုင်ရေးအတွက် များ စွာအဟန့်အတားဖြစ်နိုင်သလို မျိုးဆက်သစ်ကေဒါကောင်းများမမွေးမြူနိုင်ပါက တရုတ်ကွန်မြူနစ်ပါတီအ ပေါ်တရုတ်ပြည်သူတို့၏ယုံကြည်မှုမှာ လျော့ကျသွားနိုင်ပါသည်။ယင်းသို့သောအကြောင်းကြောင့် အဂတိ လိုက်စားခြင်းတည်းဟူသော ဆူးကိုဆွဲနှုတ်နိုင်ရေးမှာ တရုတ်၏အနာဂတ်အတွက်အရေးကြီးသော စိန်ခေါ် ချက်တစ်ရပ်ဖြစ်သည်။

      ချုပ်၍ဆိုသော တိတ်ရှောင်ဖိန်ခေတ်မှသည် မြန်နှုန်းမြင့်ပြေးခဲ့သော ပြုပြင်ပြောင်းလဲရေးသည် အောင်မြင်သောစီးပွားရေးအင်အားတစ်ရပ်ကို ဖန်တီးနိုင်ခဲ့သည်။ယခုရှီကျင့်ဖိန်လက်ထက်သို့ရောက်သော အခါ ကျင့်ဝတ်နှုန်းစံနှင့်ညီသောချမ်းသာကြွယ်ဝမှုဆီသို့ ရောက်အောင် အခြေခံကောင်းများစိုက်ထူနေပြီဟု နားလည်မိသည်။ယခု၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး သည် ယင်းသို့ အခြေခံကောင်းများစိုက်ထူနေခြင်း၏ အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်သည်။

 

                                                  ရှင်းသန့်

                        

   Webradio