• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံခြားရေး ဝန်ကြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2017-03-08 20:03:43

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယခုလ ၈ရက်နေ့က ကျင်းပခဲ့သော ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ တွင် One Belt and Road ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး၊ တရုတ်-အမေရိကန် ဆက်ဆံမှု၊ ကိုးရီးယား ကျွန်းဆွယ် အခြေအနေစသည့် လူအများက အာရုံစိုက်နေကြသော ကိစ္စရပ်များနှင့် တရုတ်ဝိသေသထူးခြားချက်ပါ နိုင်ငံကြီး သံတမန် ရေးခံယူချက်နှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုနှစ် မေလတွင် တရုတ်ပြည်သည် One Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ကျင်းပမည် ဖြစ်ကြောင်း၊ ၄င်းဖိုရမ်နှင့် ပတ်သက်၍ ဝမ်ယိက ဖိုရမ်တွင် အောင်မြင်ချက် ၃ချက်ကို ရရှိရန် မျှော်လင့်ကြောင်း၊ ၄င်းအောင်မြင်ချက် ၃ချက်တွင် ဘက်အသီးသီးမှ သဘောတူညီမှုများကို စုစည်းပြီး နိုင်ငံအသီးသီးများ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာကို ညီညွတ်စေရန်၊ အဓိက နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေးရန်နှင့် တာလတ်နှင့်ရေရှည် ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်ချက် ကိုတင်ပြပြီး One Belt and Road အတူ တည်ဆောက်ရေး ဆိုင်ရာ ရေရှည် ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို လေ့လာကာ ပိုမိုလက်တွေ့ကျပြီး နွေးထွေးသော မိတ်ဖက် ဆက်ဆံမှု ကွန်ရက်ကို တည်ဆောက်ရန် ပါဝင်ကြောင်း ပြောကြားသည်။

တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်၍ ဝမ်ယိက နှစ်နိုင်ငံ ဆက်ဆံမှုသည် အပြုသဘောဆောင်သော ဦးတည်ချက်သို့ ခြေလှမ်းမှန်မှန်ဖြင့် ကူးပြောင်းတိုးတက် နေကြောင်း ပြောကြားသည်။

မကြာမီက ကိုးရီးယားကျွန်းဆွယ် အခြေအနေ တင်းမာမှုနှင့် ပတ်သက်၍ ဝမ်ယိက လောလောဆယ်လုပ်ဆောင်ရမည့် ကိစ္စများမှာ မြောက်ကိုးရီးယား အနေနှင့် နျူကလီးယား ဒုံးကျည် ပစ်ခတ်မှုကို ရပ်စဲရန်၊ အမေရိကန်နှင့် တောင်ကိုရီးယား အနေနှင့် အတိုင်းအတာ ကြီးမားသော စစ်ရေး လေ့ကျင့်မှုကို ရပ်စဲရန်၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်ဝိသေသထူးခြားချက်ပါ နိုင်ငံကြီး သံတမန်ရေး ခံယူချက်နှင့် ပတ်သက်၍ ဝမ်ယိက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေနှင့် တရုတ်ပြည်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန် အတွက် ထမ်းဆောင်သင့်သည့် တာဝန်များကို ကျင့်သုံးဆောင်ရွက်လိုကြောင်း၊ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စု အနေနှင့် တရုတ်ပြည်သည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအတွက် အကျိုးပြုစွမ်းဆောင်မှု ပြုလုပ်လိုကြောင်း၊ အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ အနေနှင့် တရုတ်ပြည်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ တရားမှန်ကန် သောအခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရေးတွင် ပိုမိုများပြားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်းလည်း ပြောကြားသည်။

   Webradio