• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ကျွန်တော်လေ့လာမိသော တရုတ်နှစ်သစ်ကူး ရိုးရာဓလေ့အကြောင်း"

(GMT+08:00) 2017-01-16 16:13:35

တရုတ်နွေဦးပွဲတော် တစ်နည်းအားဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်တဲ့။ ၂၀၁၇ခုနှစ် တရုတ် နှစ်သစ်ကူးက မကြာခင်ပဲရောက်တော့မှာလေ။ ဒီနှစ် သူတို့နှစ်သစ်က တရုတ်ပြက္ခဒိန်အရ ကြက်နှစ်လို့ ပြောဆိုထားကြ။ ကျွန်တော် ဒါကိုစိတ်ဝင်စား။ မေးကြည့်တော့ ကြက်ဆိုတာက တရုတ်လို့ "ကျီး" ဖြစ်ပြီး မြန်မာလိုဆို "မင်္ဂလာရှိသော" လို့အဓိပ္ပါယ်ရတယ်တဲ့။ နောက်တစ်မျိုးက ကြက်နှစ်ဆိုတာ ကြက်တို့ရဲ့သဘာဝအတိုင်း ၀ီရိယရှိတယ်။ သွက်လက်ဖြတ်လတ်တယ်။ နိုးကြားမှု ရှိတယ်တဲ့။ အဲဒီတော့ ဒီတစ်နှစ်လုံးမှာ ဘာအရာရာပဲဖြစ်ဖြစ် တက်တက်ကြွကြွရှိနေမယ်ဆိုပဲ။ ကောင်းလိုက်တဲ့ သူတို့ရဲ့အယူအဆ။ နိမိတ်ဆိုတာ အယူကောင်းရင် ရလဒ်ပိုင်းလည်း ကောင်း တယ်တဲ့။ ကျွန်တော် သူတို့ရဲ့ အယူအဆတွေကို သဘောကျသဗျ။ နောက်ပြီး နွေဦးပွဲတော် ရောက်ချိန်နီးပြီဆို သူတို့ လုပ်လေ့လုပ်ထရှိတဲ့ ရိုးရာဓလေ့စရိုက်တွေလည်း ရှိသေးတယ်ဆိုပဲ။ ဒါလည်း မေးမြန်း လေ့လာ ကြည့်တော့ နှစ်သစ်မရောက်ခင်  အိမ်တိုင်းဟာ သန့်ရှင်းရေးလုပ်ခြင်း၊ အနီရောင်စာတမ်းကြီး ကပ်ခြင်း၊ အနီရောင် မီးလုံးကြီးတွေချိန်ဆွဲခြင်း၊ ဖက်ထုပ်လုပ်စားခြင်း၊ ပန်းချီကားတွေ ချိတ်ဆွဲခြင်း တွေ ပြုလုပ်လေ့ရှိတယ်တဲ့။

နောက်ပြီးရှိသေးသဗျ။  နှစ်သစ်ကူးကာလမှာ ကွယ်လွန်ပြီးတဲ့ သက်ကြီးဝါကြီးများ ကိုလည့်း ပူဇော်ကန်တော့ကြတယ်တဲ့။ ဘာကြောင့်လဲ မေးကြည့်တော့ အိမ်တစ်အိမ်ရဲ့ လုပ်ငန်း ကိုင်ငန်းအောင်မြင်မှုဟာ ဒီကွယ်လွန်ပြီးသူတွေရဲ့ကူညီမှုကြောင့်လို့ယူဆတဲ့အတွက် ပူဇော်ကန် တော့ရတာပါတဲ့။  ဓလေ့ကတော့ တရုတ်နိုင်ငံ တောင်းပိုင်းမှာ အများဆုံးပြုလုပ်လေ့ရှိပြီး တရုတ် နိုင်ငံမြောက်ပိုင်းမှာတော့ မရှိတော့ဘူးလို့ သိရတယ်ဗျ။  ဒီဓလေ့စရိုက်တွေထဲက အကြိုက်ဆုံးက တော့ အန်ပေါင်းပေးတဲ့ ဓလေ့ပဲ။ (မြန်မာနိုင်ငံမှာဆိုရင်တော့ မုန့်ဖိုးပေး တာပေါ့ဗျာ)။ လူကြီးမိဘ တွေက မိမိတို့သားသမီးမြေးမြစ်တွေကို ပေးကြတာဆိုပဲ။ တရုတ်နှစ်သစ်ကူး နှစ်ဆန်း(၁)ရက် နေ့မှာ တရုတ်လူမျိုးတွေဟာ မိသားစုအလိုက် ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက် ဆုတောင်းဝတ်ပြုကြတယ်။ ကောင်းမှုကုသိုလ်တွေပြုလုပ်လေ့ရှိကြပါတယ်တဲ့။ နောက် နှစ်ဆန်း (၁၅)ရက်နေ့ရောက်တဲ့အခါမှာတော့ မိသားစုလိုက် မုန့်လုံးရေပေါ်လုပ်စားကြတယ်တဲ့။ ဒီလိုမုန့် လုပ်စားခြင်းဖြင့် မိသားစုစည်းလုံးညီညွတ်မှုကို ဖြစ်စေတယ်လို့ သူတို့ယူဆကြ ပါတယ်လို့ သိရတယ်ဗျ။

ဒါကတော့ တရုတ်နိုင်ငံ နှစ်သစ်ကူးနွေဦးပွဲတော်မှာလုပ်လေ့ရှိတဲ့ တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့အချို့ပေါ့ဗျာ။ ကျန်သေးတယ်။ထပ်ပြီး ကျွန်တော်လေ့လာစရာတွေရှိနေသေးတယ်ဗျ။ ဒီဓလေ့ရိုးရာတွေထဲက မြန်မာနိုင်ငံက ရိုးရာဓလေ့တွေနှင့် ယူဆမှုချင်း တူနေတာရှိတယ်ဗျ။ ဥပမာ နှစ်သစ်ကူးမှာ အိမ်မှာသန့်ရှင်းရေးလုပ်တယ်ဆိုတာက အိမ်မှာရှိတဲ့ မကောင်းတဲ့နိမိတ်တွေ၊ မကောင်းတဲ့ စိတ်ညစ်ကြေးတွေကို ဖယ်ရှားတာလို့ သူတို့က ယူဆကြတယ်။ ကျွန်တော်တို့နိုင်ငံ သင်္ကြန်နှစ်သစ်ကူးမှာလည်း တစ်ယောက်နှင့်တစ်ယောက်ရေပက်ကစားကြတာကလည်း နှစ်ဟောင်းက မကောင်းတာတွေကို ရေနှင့်ဆေးကြောပစ်တာလို့ ယူဆကြတယ်။  အဲဒီတော့ သူတို့ နှင့်ကိုယ်တို့ အယူအဆချင်းတူတယ်။ နှစ်ဆန်း(၁)နေ့မှာ ကုသိုလ်ဒါနပြုလုပ်ကြတာချင်း ဘလည်း တူတယ်ဗျ။ နောက်တစ်ခု ဖတ်ထုပ်လုပ်စားကြတယ်။ နှစ်သစ်ကူးည (၁၂)နာရီအတိမှာ ဖက်ထုတ်စားကြတယ်တဲ့။ ဒီလိုစားခြင်းဖြင့် ရောဂါဘယတွေမှ ကင်းဝေး စေတယ်လို့ ယူဆကြ တယ်။ ဒါကတော့ ကျွန်တော်မြန်မာနိုင်ငံက တန်ဆောင်မုန်းလပြည့် ည(၁၂) နာရီအထိ မဲစလီဖူး သုပ်စားကြတယ်။ ဆေးပေါင်းခတဲ့ညဆိုပြီး ယုံကြည်ကြတယ်။ ဒါတွေက ဓလေ့ချင်းတူ နေတဲ့ အချို့ကို ပြောပြတာပါ။

အဲဒီတော့ မြန်မာလူမျိုးနှင့် တရုတ်လူမျိုးတို့က ရှေးယခင်ကတည်းက လူမျိုးစုကြီးတစ်ခုကနေ ပေါက်ဖွားလာတယ်ဆိုတာ မယုံကြည်နိုင်စရာမရှိ။ ဆက်ပြီးတော့လည်း ချစ်ကြည်နေကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒီတော့ တရုတ်လူမျိုးများ နှစ်သစ်ကူးနွေဦးပွဲတော်ကာလမှာပျော်ရွှင်ကြပြီး တရုတ်နိုင်ငံ တော်ကြီးလည်း အစဉ်သာယာစည်ပင်ဝပြောပါစေလို့ ဆုတောင်းရင်း-------

                                                         

                                           ပီကင်းမြို့ရောက် မြန်မာတစ်ယောက်

 

 

   Webradio