• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေး

(GMT+08:00) 2016-05-23 13:39:06

တတိယ အကြိမ်မြောက် ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးကို ၂၀ရက်နေ့က ဆိုချီမြို့တွင် ရုပ်သိမ်းခဲ့ကြောင်း၊ ယခုအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပခြင်းဖြင့် ရုရှား-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်လာမည် ဖြစ်သော်လည်း တိုတောင်းသည့် အချိန်အတွင်း ပြဿနာများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု ပညာရှင်များက ယူဆကြကြောင်း တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာနှင့် စင်ကာပူ အပါအဝင် အာဆီယံ နိုင်ငံများမှ အကြီးအကဲများသည် ယခုအကြိမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ ကြကြောင်း၊ အစည်းအဝေးတွင် ရုရှား သမ္မတ ပူတင်နှင့် အာဆီယံ နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များသည် နယ်ပယ် အသီးသီးမှ ခေါင်းစဉ်များနှင့် ပတ်သက်၍ ဘက်စုံ ဆွေးနွေးခဲ့ကြကြောင်း၊ အာဆီယံနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များက စွမ်းအင်လုံခြုံ ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ အခြေခံ အဆောက်အအုံ၊ လယ်ယာစိုက်ပျိုးရေး သိပ္ပံနည်းပညာ၊ ခရီးသွား၊ ယဉ်ကျေးမှုနှင့် စစ်ရေး စသည့်နယ်ပယ်များတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင်၊ အာဆီယံ နိုင်ငံများက ရုရှားနှင့် တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်ရန် မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

အာဆီယံ အတွင်းရေးမှူးချုပ် လီလွန်မင်က အာဆီယံဒေသတွင် ရုရှား၏ စီးပွားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ရှေ့အလားအလာ များစွာရှိသောကြောင့် အာဆီယံ သည် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အာဆီယံသည် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များကို ချမှတ်ရန် စီစဉ်ထားကြောင်း၊ ထို့အပြင်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းအပါအဝင် နိုင်ငံများသည် ရုရှား ဦးဆောင်သော ဥရောပ-အာရှ စီးပွားရေး မဟာမိတ်အဖွဲ့နှင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ရန် ဆန္ဒကိုလည်း ဖော်ပြခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဘက်အသီးသီးတို့သည် ဆိုချီကြေညာချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ ၄င်းကြေညာချက်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဖွံ့ဖြိုးမှု ကွာဟခြင်း လျော့နည်းစေရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့်အပြင်၊ အနာဂတ်တွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု တိုက်ဖျက်ရေး အပါအဝင် နယ်ပယ်များ၌ ကူးလူးဖလှယ်မှုများကို ရုရှားနှင့် အာဆီယံတို့ တိုးတက်ပြုလုပ် မည်ဖြစ်ကြောင်း ဖော်ပြသည်။

   Webradio