• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အစိုးရ လုပ်ငန်း အစီရင်ခံစာ အာဆီယံ ပညာရှင်များ ချီးကျူး

(GMT+08:00) 2016-03-07 12:48:36

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ၅ရက်နေ့က ၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးတွင် အစိုးရ အစီရင်ခံစာကို တင်သွင်းခဲ့သည်။ နိုင်ငံတကာ မိသားစုကြီးသည် ၄င်းအစီရင်ခံစာကို အလွန် အာရုံစိုက်ပြီး ချီးကျူးခဲ့သည်။ အာဆီယံ နိုင်ငံများမှ ပညာရှင်များက လက်ရှိအချိန် က တရုတ်ပြည် ဆောင်ရွက်နေသည့် စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်တိုးမြှင့်မှုသည် ကြာရှည်လေးမြင့်သော အနက်အဓိပ္ပါယ်ရှိကြောင်း၊ ယင်းသည် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တရုတ်ပြည် အနေနှင့် ယုံကြည်မှု အပြည့်အဝ ရှိခြင်းကို ဖော်ပြပြီး တရုတ် စီးပွားရေး ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိရန် တွန်းအားပေးရေး အတွက် အထောက်အကူ ဖြစ်စေမည့် အပြင်၊ အာရှနှင့် ပစိဖိတ် ဒေသရော၊ တစ်ကမ္ဘာလုံးပါ  အကျိုးရရှိစေမည် ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားသည်ဟု တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာနှင့် ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

မလေးရှား ဝန်ကြီးချုပ်၏ နိုင်ငံရေး အတွင်းဝင်ဟောင်း၊ စင်ကာပူ နန်ယန် ရူပဗေဒနှင့် အင်ဂျင်နီယာပညာ တက္ကသိုလ် အဆင့်မြင့် သုတေသီ အေစွန်အိုက တရုတ်ပြည်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ပြည်သူများ အတူ မျှဝေခံစားစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် အစိုးရ အနေနှင့် ဝင်ငွေ ကွာဟမှု ကျဉ်းမြောင်းစေပြီး လွန်ခဲ့သော နှစ်ပေါင်း ၃-၄ဆယ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုမှ ရရှိခဲ့သော အကျိုးအမြတ်များကို အလွှာပေါင်းစုံသည် ပိုမို တရားမျှတစွာ မျှဝေခံစားနိုင်အောင် ပိုပြီး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည့် သဘောဆောင်ကြောင်း၊ လစာနှင့် သက်သာချောင်ချိမှုများ တိုးပွားလာသည်နှင့်အမျှ ပြည်သူများသည် ပိုမိုများပြား သည့် ဝင်ငွေ ရရှိနိုင်မည် ဖြစ်ကြောင်း၊ ယင်းသည် စားသုံးမှုကို တစ်ဆင့် တိုးပွားစေပြီး ပြည်တွင်းဝယ်လိုအားနှင့် တိုးတက်မှု တွန်းအားပေးရန် ရည်မှန်းချက်ကို အကောင်အထည် ဖော်ရေး အတွက် အားဖြည့်ပေးမည် ဖြစ်ကြောင်း ယူဆသည်ဟု ပြောကြားသည်။

အင်ဒိုနီးရှား နိုင်ငံရေး အကဲခတ် ဘမ်ဘန် စူယိုနိုက တရုတ်ပြည် စီးပွားရေး အခြေအနေသစ်တွင် ဝင်ရောက်ခြင်းသည် ခေတ်ရေစီးကြောင်းပင် ဖြစ်ကြောင်း၊  တရုတ် စီးပွားရေးသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက တွန်းအား ဖြစ်မြဲ ဖြစ်နေသေးကြောင်း ယူဆသည်။

ထိုင်းနိုင်ငံ ကာစီကွန်ဘဏ် အဆင့်မြင့် ဒုဥက္ကဋ္ဌ ဝီချိုင် ကင်ချုံချိုဆိုင်က တရုတ် စီးပွားရေး ဖွဲ့စည်းပုံသည် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုတွင် ရှိပြီး ဈေးကွက် ဥပဒေသနှင့် ပိုမိုကိုက်ညီလာအောင် ပြောင်းလဲလျှက်ရှိကြောင်း၊ ယင်းသည် အလွန် အပြုသဘောဆောင်သော အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယား jinbianwanbao သတင်းစာ အယ်ဒီတာချုပ် လီယိက ကမ္ဘောဒီးယား သည် ပင်လယ်ပြင် ပိုးလမ်းမကြီး တလျှောက်က အရေးကြီး နိုင်ငံ ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား အစိုးရ ခေါင်းဆောင်က One Belt and Road တည်ဆောက်ရေးကို အားပေးထောက်ခံသည်ဟု ကြိမ်ဖန်များစွာ ပြောကြားခဲ့ဖူးကြောင်း၊ One Belt and Road အဆိုပြုချက်သည် အပြန်အလှန် ဆက်ဆံရေးကို အလေးထားကြောင်း၊ တရုတ် ဈေးကွက် ဖွင့်လှစ်ခြင်းသည် အာဆီယံ နိုင်ငံများ အတွက် ပိုမိုများပြားသည့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio