• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်း၏ အဓိပ္ပါယ်

(GMT+08:00) 2016-01-06 16:09:06

နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကို ကျောရိုးမဏ္ဍိုင် ၃ခု အဖြစ် ထားသည့် အာဆီယံ အသိုက်အဝန်းသည် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့က တရားဝင် တည်ထောင်ပြီး အာဆီယံ တပြေးညီ ဖြစ်စေရေး ဖြစ်စဉ်တွင် ကြီးမားသော တိုးတက်မှု ဖြစ်ကြောင်း၊ အာရှဒေသတွင် ပထမဆုံး ဒေသငယ် အသိုက်အဝန်း ဖြစ်သည့် အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်းသည် နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု နယ်ပယ်များတွင် အာဆီယံ နိုင်ငံများ၏ တပြေးညီ ဖြစ်စေရေး အဆင့် တစ်ဆင့်တိုးမြှင့်မည့် သဘောဆောင်ကြောင်း၊ သို့သော် အာဆီယံ တပြေးညီ ဖြစ်စေရေးကို လုံးဝ အကောင်အထည်ဖော်ဆောင်ရေးတွင် စိန်ခေါ်မှု များစွာကို ရင်ဆိုင်နေရသေးသည်ဟု အကဲခတ်များက ယူဆကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အာဆီယံ အသိုက်အဝန်း တည်ဆောက်ပြီးစီးခြင်းသည် အာဆီယံ အတွက် အစပျိုးလိုက်ခြင်းသစ် ဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် လူဦးရေ သန်း၆၀၀နှင့် စီးပွားရေး စုစုပေါင်း ပမာဏ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀၀ရှိပြီး တစ်ခုတည်းသော ဈေးကွက် ဖြစ်တည်လာမည် ဖြစ်ကြောင်း၊ ဒေသတွင်း စီးပွားရေး တိုးတက်မှု အရှိန်မြင့်လာရန် အလား အလာရှိကြောင်း ရေးသားဖော်ပြသည်။

အင်ဒိုနီးရှား နန်ယန် အာဆီယံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဘမ်ဘန် စူရ်ယိုနိုက အာဆီယံ အတွင်းက ကုန်သွယ်မှု အဆင့်ကို တိုးမြှင့်ပေးခြင်းသည် အာဆီယံ အသိုက်အဝန်း ဆောင်ကြဉ်းလာသည့် အကြီးဆုံး အကျိုးစီးပွား ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် အာဆီယံ နိုင်ငံများ အကြားရှိ ကုန်သွယ်မှု ပမာဏ၏ နှစ်စဉ် ပျမ်းမျှတိုးနှုန်းမှာ ၁၀့၅ရာခိုင်နှုန်း ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ်ရောက်လျှင် အာဆီယံ၏ ကုန်သွယ်မှု စုစုပေါင်း ပမာဏထဲတွင် အာဆီယံ နိုင်ငံများ အကြားရှိ ကုန်သွယ်မှု ပမာဏ၏ အချိုးအစားမှာ လက်ရှိက ၂၅ရာခိုင်နှုန်းရှိသည်မှ ရာခိုင်နှုန်း ၃၀အထိ တိုးလာမည်ဟု ခန့်မှန်းရကြောင်း ရေးသားဖော်ပြသည်။

   Webradio