• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွားရေး ဖွံ့ဖြိုးမှု ဆောင်ရွက်ချက်များ အင်ဒို ကျင့်သုံး

(GMT+08:00) 2015-10-15 14:49:51

အင်ဒိုနီးရှား နိုင်ငံတော် စာရင်းအင်းဌာနမှ စားရင်အရ ၂၀၁၅ခုနှစ် ဒုတိယ ၃လပတ်မှာ အင်ဒိုနီးရှားရဲ့ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း ပမာဏဟာ ၂၀၁၄ခုနှစ် အလားတူ အချိန်ကထက် ၄့၆၇ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၅ခုနှစ် ပထမနဲ့ ဒုတိယ ၃လပတ်ကထက်လည်း အသင့်အတင့် တိုးလာခဲ့ကြောင်း၊ ဒါပေမဲ့ အိမ်ထောင်စု စားသုံးမှု၊ ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတို့ဟာ အားနည်းနေသေးတဲ့အတွက် စီးပွားရေး တိုးနှုန်းဟာ လွန်ခဲ့တဲ့ ၆နှစ် အတွင်း အနိမ့်ဆုံး အထိ ကျဆင်းသွားကြောင်း၊ ကမ္ဘာဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ အင်ဒိုနီးရှား အစိုးရတို့ဟာ ၂၀၁၆ခုနှစ် အင်ဒိုနီးရှား စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်းကို ရှေ့ဆင့်နောက်ဆင့် လျှော့ချကြောင်း သိရတယ်။ အင်ဒိုနီးရှား ဗဟိုဘဏ်က စက်တင်ဘာ စားသုံးသူများရဲ့ ယုံကြည်မှု ဆိုင်ရာ သဘောထား ကောက်ယူမှု ရလဒ်ကို မကြာခင်က ထုတ်ပြန်ခဲ့ရာ စားသုံးသူများက စီးပွားရေး ရှေ့အလားအလာ အပေါ် အဆိုးမြင်ကြောင်း ဖော်ပြတယ်။ လွန်ခဲ့တဲ့ ၅နှစ်အတွင်း အဲဒီလို ရလဒ်ဟာ ပထမ အကြိမ် ဖြစ်လာကြောင်း သိရတယ်။

အင်ဒိုနီးရှား သိပ္ပံပညာ အကယ်ဒမီ စီးပွားရေး သုတေသနပြုရေး ဗဟိုဌာနမှ ပညာရှင် တစ်ဦးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃-၄ဆယ် အတွင်း ကျောက်မီးသွေး၊ ရော်ဘာနဲ့ ဆီအုန်း အပါအဝင် ကုန်ပစ္စည်းကြီးများကို ပြည်ပသို့ အမြောက်အမြား တင်ပို့ရောင်းချခဲ့တဲ့ အတွက် အင်ဒိုနီးရှား စီးပွားရေးဟာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ဒါပေမဲ့ အဲဒီ ကုန်ပစ္စည်း တွေ တင်ပို့ရောင်းချမှု အပေါ် တရားလွန် မှီခိုအားထားခြင်းနဲ့ ကုန်ထုတ်လုပ်မှု အပေါ် လျစ်လျူရှုခြင်းတို့ဟာ အင်ဒိုနီးရှား စီးပွားရေး ဖွဲ့စည်းပုံ ပြဿနာ ဖြစ်လာခဲ့ကြောင်း၊ ကုန်ပစ္စည်းကြီးတွေဟာ အင်ဒိုနီးရှား ကုန်စည်တင်ပို့ရောင်းချမှု ပမာဏရဲ့ ရာခိုင်နှုန်း ၆၀ကျော်ရှိတဲ့ အတွက် ကျွန်တော်တို့ စီးပွားရေးဟာ တစ်ကမ္ဘာလုံး ကုန်ပစ္စည်း ဈေးနှုန်း အတက်အကျရဲ့ ဂယက်ရိုက်ခတ်မှု ခံရလွယ်ကြောင်း၊ ဒီနှစ်မှာ အင်ဒိုနီးရှား တင်ပို့ရောင်းချတဲ့ အဓိက ကုန်ပစ္စည်း ၈မျိုးရဲ့ ဈေးနှုန်းဟာ ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း ၂၀ကျဆင်းခဲ့တဲ့အတွက် အင်ဒိုနီးရှားရဲ့ ကုန်စည်တင်ပို့ရောင်းချမှု အပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း ပြောကြား တယ်။

 ဒါ့အပြင်၊ အင်ဒိုနီးရှား စီးပွားရေးဟာ အခြား ပြဿနာများနဲ့ ရင်ဆိုင်နေရကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း အခြေခံ အဆောက်အအုံ တည်ဆောက်မှု ခေတ်နောက် ကျခြင်း၊ မူဝါဒ ဆက်တိုက်ကျင့်သုံးမှု မရှိခြင်း၊ အဂတိလိုက်စားမှု ဆိုးရွားခြင်းစတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ဝေဖန်ခဲ့ကြကြောင်း၊ အခု စီးပွားရေး အားနည်းနေတဲ့ အခြေအနေမျိုးမှာ လူတစ်ချို့က အမျိုးသားရေး စိတ်ဓါတ်ကို မြင့်တက်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့တဲ့အတွက် ဈေးကွက် ယုံကြည်မှုကို ထိခိုက်စေပြီး ရင်းနှီးမြှုပ်နှံမှု တိုးနှုန်း ကျဆင်းသွားစေခဲ့ကြောင်း သိရတယ်။

ပြီးခဲ့တဲ့ တစ်လလောက်အတွင်း သမ္မတ ဂျိုကိုဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ၃ကြိမ် ဆက်တိုက် ထုတ်ပြန်ခဲ့တယ်။ အဲဒီ အစီအစဉ်များမှာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး အတွက် စက်မှု ကုန်သွယ်ရေး သတ်မှတ်ချက် ၈၉ချက်ကို လွယ်ကူစေရေး၊ မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ လက်တွေ့ဖော်ဆောင်မှု အရှိန်မြှင့်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများ အတွက် ငွေထုတ်ချေးမှု အတိုးနှုန်း လျှော့ချခြင်း၊ လောင်စာဆီနဲ့ လျှပ်စစ်ဓါတ်အား အပါအဝင် စွမ်းအင်တွေရဲ့ ဈေးနှုန်းကို လျှော့ချခြင်း၊ ဝင်ငွေနည်းပါးသူ၊ အလတ်စားနဲ့ အသေးစား ကုမ္ပဏီများကို ကူညီပံ့ပိုးရေး စတဲ့ ဆောင်ရွက်ချက်တွေ ပါဝင်ကြောင်း သိရတယ်။

 

   Webradio