• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိုင်းရင်းသား လက်နက်ကိုင် ၈ခုနဲ့ မြန်မာအစိုးရ စာချုပ်ချုပ်ဆိုမယ်

(GMT+08:00) 2015-10-12 17:20:16

မြန်မာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ အစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုဖို့ အတွက် ဆွေးနွေးပွဲကို အပူတပြင်း ကျင်းပနေကြောင်း သိရတယ်။

မြန်မာ ငြိမ်းချမ်းရေး စင်တာ အဆင့်မြင့် အရာရှိ ဦးမင်းဇော်ဦးက မြန်မာနိုင်ငံဟာ ဒီလ ၁၅ရက်နေ့မှာ နေပြည်တော်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ကျင်းပမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ၈ခုတို့ဟာ စာချုပ်မှာ လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း၊ အစိုးရ အနေနဲ့ ဒီအကြိမ် စာချုပ်ချုပ်ဆိုပွဲမှာ ပါဝင်တက်ရောက်ခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များအား ငြိမ်းချမ်းရေးတံခါး ဆက်လက် ဖွင့်ထားမှာ ဖြစ်ကြောင်း ၁၀ရက်နေ့က ပြောကြားတယ်။

မြန်မာ အစိုးရဟာ နိုင်ငံရေး ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပပြီး နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်နိုင်အောင် တိုင်းရင်းသား လက်နက်ကိုင် ၁၅ခုကို ပထမ အသုတ်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ ဖိတ်ကြားခဲ့တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အားလုံး လက်မှတ်ရေးထိုးခွင့်ရှိမရှိ ပြဿနာ အပေါ် အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင်များ အကြား သဘောကွဲလွဲမှု ရှိမြဲရှိနေသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးသင့်ကြောင်း တိုင်းရင်းသား လက်နက် ကိုင်များက ခံယူထားတယ်။ အစိုးရကတော့ အစိုးရ အသိအမှတ်ပြုတဲ့ တိုင်းရင်းသား လက်နက်ကိုင်းများသာ စာချုပ်ချုပ်ဆိုခွင့် ရှိကြောင်း ခံယူထားတယ်။ နှစ်ဖက်တို့ဟာ အဲဒီ သဘော ကွဲလွဲမှု ဖြေရှင်းဖို့ အတွက် ၁၉လကြာ ဆွေးနွေးခဲ့ကြကြောင်း သိရတယ်။

TNLAမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တိုင်းရင်းသား လက်နက်ကိုင် ၂၁ခုစလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အစိုးရ အနေနဲ့ လက်မခံတဲ့ အတွက် အခု တိုင်းရင်းသား လက်နက်ကိုင် အများစုဟာ စောင့်ကြည့်နေကြကြောင်း ပြောကြားတယ်။

ဦးမင်းဇော်ဦးက မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် တရုတ်ပြည် အနှောင့်အယှက်ပေး ခဲ့တယ်လို့ မိမိ မပြောဆိုခဲ့ဖူးကြောင်း၊ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဟာ အိမ်နီးချင်း ကောင်း မိတ်ဆွေနိုင်ငံ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာ အစိုးရနဲ့ အရင် အစိုးရများဟာ တရုတ်ပြည်နဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံမှု ထားရှိကြောင်း၊ နောင်အခါမှာ မြန်မာနဲ့ တရုတ်တို့ဟာ  ဆက်လက် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံတို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက် အားဖြည့်ပြုလုပ်သင့်ကြောင်း ပြောကြားတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ စုစုပေါင်း ၅၇သန်းရှိပြီး တိုင်းရင်းသား လူမျိုးစု ၁၃၅ခု ရှိကာ တိုင်းရင်းသား လူမျိုးစု ပြဿနာ အင်မတန် ရှုပ်ထွေးတယ်။ ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရရှိခဲ့တဲ့ နောက်ပိုင်းမှာ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုများ အကြား တိုင်းရင်းသား လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတဲ့ ပြဿနာတွေ အပေါ် သဘောကွဲလွဲမှု များစွာ ရှိတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် ၃-၄ဆယ် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာပြီး နယ်စပ်ဒေသမှာ အစိုးရ တပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ကြောင်း သိရတယ်။

မြန်မာ စစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ကြေးအေးရေး အကောင် အထည်ဖော်နိုင်အောင် အစဉ်တစိုက် တွန်းအားပေးတယ်။ ၂၀ရာစုနှစ်ကုန်ပိုင်း အထိ တိုင်းရင်းသား လက်နက်ကိုင် ၁၇ခုတို့ဟာ မြန်မာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုခြင်းနဲ့ အထူးဇုန် တည်ဆောက်မှုတို့ဟာ မြန်မာနိုင်ငံ အတွက် နှစ် ၂၀ကြာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာတယ်။ ဒါပေမဲ့ မြန်မာ တိုင်းရင်းသား လူမျိုးစုများက မြန်မာ ပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစု ပြဿနာကို တကယ်တော့ ဖြေရှင်းခြင်း မရှိသေးကြောင်း ယူဆကြတယ်။

၂၀၁၀ပြည့်နှစ် ဦးသိန်းစိန် သမ္မတ တာဝန် ထမ်းဆောင်ခဲ့တဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၁ခုထဲက ၁၀ခုတို့ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးပွဲအတွက် တက်ကြွစွာ ပြင်ဆင်ကြတယ်။ ဒါပေမဲ့ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အချို့ဟာ အစိုးရတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြုမြဲပြုနေသေးကြောင်း သိရတယ်။

   Webradio