• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူ ရွေးကောက်ပွဲ ကျင်းပတော့မယ်

(GMT+08:00) 2015-09-08 17:13:52

 ၁၁ရက်နေ့မှာ စင်ကာပူဟာ ၁၃ကြိမ်မြောက် လွှတ်တော် ရွေး ကောက်ပွဲကို ကျင်းပမှာ ဖြစ်ကြောင်း၊ လွှတ်တော် အမတ်လောင်း ၁၈၀ကျော်ဟာ အမတ် နေရာ ၈၉နေရာ အတွက် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း၊ ဒါဟာ စင်ကာပူ နိုင်ငံ စတင် တည်ထောင်သူ လီကွမ်ယု ကွယ်လွန်သွားခဲ့တဲ့ နောက်ပိုင်းမှာ ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ ဒီနှစ်ဟာ စင်ကာပူ နိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ် ၅၀ပြည့်နှစ် ဖြစ်ကြောင်း၊ လူအများဟာ အတိုက်အခံပါတီရဲ့ အလားအလာကို အာရုံစိုက်နေကြကြောင်း တရုတ် ဂလိုဗယ် တိုင်းမ် သတင်းစာမှာ ရေးသားဖော်ပြတယ်။

ဒီအကြိမ် ရွေးကောက်ပွဲရဲ့ ထူးခြားချက်တစ်ခုဟာ မဲဆန္ဒနယ် အားလုံးမှာ အတိုက်

အခံ ပါတီတွေက ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ ဒါဟာ ၁၉၆၅ခုနှစ် စင်ကာပူ လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း အမတ် နေရာ အားလုံးမှာ ပါတီအသီးသီးမှ အမတ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြမဲ့ အခြေအနေ ပထမဆုံး အကြိမ် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရတယ်။ ၆ရက်နေ့က ထုတ်တဲ့ စင်ကာပူ လျန်ဟိုဇော်ဘော် သတင်းစာမှာ ဒီအကြိမ် ရွေးကောက်ပွဲ မှာ မဲဆန္ဒရှင် ၂သန်း ၄သိန်း ၆သောင်းကျော်ရှိပြီး အတိုက်အခံ ပါတီများနဲ့ လက်ရှိ အာဏာရ ပြည်သူ့ လှုပ်ရှားမှု ပါတီ(People's Action Party) အကြား ပြီးခဲ့တဲ့ နှစ်၅၀ အတွင်း ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ရွေးကောက်ပွဲ ဖြစ်ကြောင်း ရေးသားဖော်ပြတယ်။

အကြီးဆုံး အတိုက်အခံ ပါတီ ဖြစတဲ့ အလုပ်သမားပါတီဟာ မဲဆွယ်စည်းရုံးပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြီး ပြည်သူ့ လှုပ်ရှားမှု ပါတီကို ပြစ်တင်ရှုတ်ချခဲ့တယ်။ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ပိုစတာများကို နေရာအနှံ့မှာ တွေ့ရတာဟာ မကြုံစဖူး ကိစ္စဖြစ်ပြီး ရွေး ကောက်ပွဲမှာ ရှုံးနိမ့်မှာကို ပြည်သူ့ လှုပ်ရှားမှု ပါတီ ကြောက်ရွံ့နေတယ်လို့ ပြဆိုနေကြောင်း အလုပ်သမား ပါတီက ပြောတယ်။

အတိုက်အခံ ပါတီများမှ ပုဂ္ဂိုလ် အချို့က မဲဆန္ဒရှင်များ အာရုံစိုက်ကြတဲ့ စီးပွားရေး အားနည်းခြင်းနဲ့ ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူ ပြဿနာများနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ရာ မှာ အခြားနိုင်ငံများမှ ဝင်လာသူများဟာ ဒေသခံ နေထိုင်သူများရဲ့ အလုပ်အကိုင်နေရာ များမှာ အစားထိုး လုပ်ကိုင်နေပြီး လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှု၊ ကလေးများ ကျောင်းဝင်ခွင့် အခက်အခဲတွေ ဖြစ်ပေါ်လာစေခဲ့ကြောင်း ပြောကြားတယ်။

ပြည်သူ့ လှုပ်ရှားမှု ပါတီ အတွင်းရေးမှူး လီရှန်လွန်းက ခေါင်းအေးအေးနဲ့ စင်ကာပူနဲ့ စင်ကာပူရဲ့ လူငယ်များရဲ့ အနာဂတ်ရေးကို အာမခံပေးနိုင်တဲ့ အမတ်လောင်းများကို မဲပေးဖို့ မဲဆန္ဒရှင်များအား ပန်ကြားခဲ့တယ်။

၂၀၁၁ခုနှစ် လွှတ်တော် ရွေးကောက်ပွဲမှာ ပြည်သူ့ လှုပ်ရှားမှု ပါတီဟာ ဆန္ဒမဲ ၆၀့ ၁၄ရာခိုင်နှုန်း ရရှိပြီး သမိုင်းမှာ အနိမ့်ဆုံး ဖြစ်ကြောင်း၊ အဲဒီ အကြိမ် ရွေးကောက်ပွဲဟာ စင်ကာပူ နိုင်ငံရေးရဲ့ အလှည့်အပြောင်း ဖြစ်တယ်။ ပြည်သူ့ လှုပ်ရှားမှု ပါတီ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ပြဿနာဟောင်းတွေပဲ ဖြစ်ကြောင်း၊ အဲဒီ ပြဿနာတွေမှာ သက်ကြီး ရွယ်အို စောင့်ရှောက်ရေး၊ ကျန်းမာရေးနဲ့ ဆေးဝါးကုသရေး၊ အိမ်ရာ ဈေးနှုန်း မြင့်ခြင်းနဲ့ လမ်းပန်း ဆက်သွယ်ရေး ပြဿနာတွေ ပါဝင်ကြောင်း သိရတယ်။

ဗြိတိန် ဖိုင်နန်းရှိုး တိုင်းမ် ဂျာနယ်က ဝေဖန်ရေး ဆောင်းပါး တစ်ပုဒ်မှာ စင်ကာပူ စီးပွားရေး တိုးတက်နှုန်း ကျဆင်းပြီး ဆင်းရဲ၊ ချမ်းသာ ကွာဟမှု တိုးပွားလာခြင်း၊ နေထိုင်မှု ကုန်ကျစရိတ် မြင့်တက်လာခြင်း စတာတွေကြောင့် အများပြည်သူတွေဟာ လက်ရှိ အာဏာရ ပါတီ အပေါ် မကျေမနပ် ဖြစ်နေကြောင်း၊ အတိုက်အခံ ပါတီများရဲ့ ထောက်ခံမှုနှုန်း ဟာလည်း မြင့်တက်လာကြောင်း ရေးသားဖော်ပြတယ်။

   Webradio