• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘန်ကောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

(GMT+08:00) 2015-08-18 15:07:30

ဒေသစံတော်ချိန် ၁၇ရက်နေ့ညမှာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ခေါင်ရှိ နာမည်ကျော် လေးမျက်နှာဘုရားအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုင်းအရေးပေါ် စင်တာမှ နောက်ဆုံးစာရင်းအရ အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၁၉ဦးသေဆုံး ပြီး ၁၁၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရတယ်။ ထိုင်း ရဲဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူများဟာ များသောအားဖြင့် နိုင်ငံခြားသားတွေ ဖြစ်ကြောင်း ပြောကြားတယ်။ ထိုင်းဆိုင်ရာ တရုတ်သံရုံးက ပေါက်ကွဲမှု မှာ တရုတ်ခရီးသည် ၃ဦး သေဆုံးပြီး ၁၅ဦး ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများထဲမှာ တစ်ချို့က ဒဏ်ရာပြင်းထန်ကြောင်း အတည်ပြုခဲ့ တယ်။ သေဆုံးသူထဲမှာ ၁၀ဦးဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံသား ၁ဦးနဲ့ ကျန်၅ဦးကတော့ ဘယ်နိုင်ငံသားလဲ ဆိုတာ အတည်မပြုနိုင်သေးကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ဟာ အစိုးရနဲ့ စစ်ဘက်မှ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ တာဝန်ခံ အဆင့်မြင့် အရာရှိများကို ခေါ်ယူပြီး အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရတယ်။

လေးမျက်နှာ ဘုရားဟာ ဘန်ကောက်မြို့ရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အဓိကနေရာ တစ်နေရာ ဖြစ်တဲ့ အတွက် ထိုင်းတို့ ဆုတောင်းမေတ္တာပို့ကြတဲ့ နေရာ ဖြစ်သလို နိုင်ငံခြား ခရီးသည်များ ခရီး လှည့်လည်လေ့ရှိကြတဲ့ နေရာလည်း ဖြစ်တယ်။ လေးမျက်နှာ ဘုရားဟာ ဘန်ကောက်မြို့ အစည်ကားဆုံး ရပ်ကွက်မှာ ရှိပြီး အနီးအနားမှာ ဟိုတယ်၊ shopping mallနဲ့ office buildingတွေ ရှိကာ နေ့ရောညပါ လူအင်မတန် စည်ကားတဲ့ နေရာ ဖြစ်တယ်။

သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ ဗုံးပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ တစ်ကြိမ်က ဒေသစံတော်ချိန် ၁၇ရက်နေ့ည ၆နာရီ ၅၅မိနစ် အချိန်မှာ လေးမျက်နှာ ဘုရားရှေ့ရှိ ဓါတ်မီးတိုင် တစ်ခုမှာ ချည်ထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ နောက်ထပ်မကြာခင်မှာ ရတ်ချာပရာစုံ လမ်းဆုံရှိ မော်တော်ဆိုင်ကယ် တစ်စီးမှာ ချည်နှောင်ထားတဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရတယ်။ ဒါ့အပြင်၊ ထိုင်းရဲဘက်ဟာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာမှာ ဗုံး၂လုံးကို ထပ်မံရှာဖွေတွေ့ရှိပြီး မပေါက်ကွဲအောင် ဖျက်ဆီးလိုက်ကြောင်း၊ လေးမျက်နှာ ဘုရား ဘေးပတ်လည် အကာအရန်တွေ ပျက်စီးခဲ့သလို မော်တော်ကား ၃-၄ဆယ်လည်း ပျက်စီးခဲ့ကြောင်း သတင်းရရှိတယ်။

ထိုင်းဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး ပရာဝစ် ဝုန်စူဝမ်က ပေါက်ကွဲခဲ့တဲ့ ဗုံးတွေဟာ TNTဗုံး ဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုဟာ နိုင်ငံခြားသားများကို ရည်ရွယ်ပြီး ထိုင်းရဲ့ ခရီးသွား လုပ်ငန်းနဲ့ စီးပွားရေးကို ဖျက်ဆီးဖို့ ရည်ရွယ်ကြောင်း၊ အခုထိ ဒီအကြိမ် ဗုံးပေါက်ကွဲမှုကို ပြုလုပ်ခဲ့တယ်လို့ ကြေညာသူ မရှိသေးကြောင်း ပြောကြားတယ်။ ဗုံးပေါက်ကွဲမှုဟာ  နိုင်ငံရေး အချင်းပွားမှု၊ ဒါမှမဟုတ် တောင်ပိုင်း ခွဲထွက်ရေး လှုပ်ရှားမှုနဲ့ ပတ်သက် သလား ဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ ဝုန်စူဝမ်က ငြင်းဆိုခဲ့တယ်။

ဒီအကြိမ် ဗုံးပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ နှစ် မေလက ထိုင်း အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ တည်ငြိမ်မှုကို ဖြိုခွင်းပြီး ထိုင်းကို ကြီးမားတဲ့ ထိတ်လန့်မှု ဆောင်ကြဉ်းလာကြောင်း၊ အင်တာနက်မှာ မမှန်သတင်း များစွာ ပေါ်ပေါက်လာကြောင်း၊ ထိုင်းနိုင်ငံသို့ သွားပြီး ခရီးလှည့်လည်ဖို့နဲ့ အလုပ်လုပ်ကိုင်ဖို့ နဂိုက စီစဉ်ထားတဲ့ နိုင်ငံခြား သားများဟာ သူတို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း၊ ဘန်ကောက် မြို့တော်ဝန်က ၁၈ရက်နေ့မှာ ဘန်ကောက်ရှိ အလယ်တန်းနဲ့ မူလတန်းကျောင်း ၄၃၈ ကျောင်းစလုံးကို ပိတ်မယ်လို့ ကြေညာခဲ့ကြောင်း သတင်းရရှိတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူရုံးက ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အရေးပေါ် စနစ်ကို ကျင့်သုံးပြီး ထိုင်းဆိုင်ရာ တရုတ်သံရုံးကို ဒဏ်ရာရရှိသူများကို အစွမ်းကုန် ကယ်ဆယ်ဖို့ ညွှန်ကြားခဲ့ကြောင်း ပြောကြားတယ်။

   Webradio