• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒို စစ်လေယာဉ် ပျက်ကျ

(GMT+08:00) 2015-07-01 15:33:25

 အင်ဒိုနီးရှား လေတပ်မှ Hercules-130သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်းဟာ ဒေသစံတော်ချိန် ဇွန်လ ၃၀ရက်နေ့က ဆူမတြားကျွန်း မယ်ဒန်မြို့ လူနေ ရပ်ကွက် တစ်ခုမှာ ပျက်ကျခဲ့ရာ လူ ၇၂ဦး သေဆုံးခဲ့ရကြောင်း၊ အင်ဒိုနီးရှား သမ္မတ ဂျိုကိုက ဒီလေယာဉ် ပျက်ကျမှု အတွက် ဝမ်းနည်းကြေကွဲမိကြောင်း၊ သေဆုံးသူများရဲ့ ကျန်ရစ်သူ မိသားစုများ ဒီအခက်အခဲကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားတယ်။

အင်ဒိုနီးရှား လေတပ် စစ်ဦးစီးမှူး အာကူစ် ဆူပရီယတ်နာက ဒီ Hercules-130 လေယာဉ်မှူး ဆန်ဒီ ပါမာနာဟာ ထူးချွန်တဲ့ လေယာဉ်မှူး ဖြစ်ပြီး အတွေ့အကြုံ များစွာ ရှိကြောင်း၊ လေယာဉ်ပျက်ကျမှု ဖြစ်ပွားစဉ်မှာ အဲဒီ လေယာဉ် ဟာ မယ်ဒန်ကနေ ရီအော် ကျွန်းစုသို့ ပျံသန်းနေကြောင်း၊ ဒါဟာ ပုံမှန် ပျံသန်းမှု ဖြစ် ကြောင်း၊ အဲဒီ လေယာဉ်ဟာ မယ်ဒန် လေတပ်စခန်းကနေ စတင် ပျံသန်းပြီး ၂မိနစ် အကြာမှာ လေယာဉ်မှူးဟာ လေယာဉ် ချွတ်ယွင်းမှု ဖြစ်ပေါ်လာတာကို တွေ့ရှိပြီး အချက်ပြ မျှော်စင်နဲ့ ဆက်သွယ်ကာ တပ်စခန်းသို့ ပြန်ဆင်းသက်ဖို့ အကြောင်းကြားခဲ့ကြောင်း ပြောကြား တယ်လို့ အင်ဒိုနီးရှား အန်တာရာ သတင်းဌာနက ရေးသားဖော်ပြထားတယ်။

အဲဒီစစ်လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၄၈မိနစ်အချိန်မှာ မယ်ဒန်မြို့ လူစည်ကားတဲ့ ရပ်ကွက်မှာ ပျက်ကျခဲ့ကြောင်း၊ အင်ဒိုနီးရှား စစ်ဘက်မှ ထုတ်ပြန်ခဲ့တဲ့ ခရီးသည် နာမည်စာရင်းအရ အဲဒီ လေယာဉ်ပေါ်မှာ ခရီးသည် စုစုပေါင်း ၁၀၁ဦးနဲ့ လေယာဉ် အမှုထမ်း ၁၂ဦး ရှိကြောင်း သိရတယ်။ မယ်ဒန်မြို့က မိသားစုဝင် ၅ဦးတို့ဟာ ဒီလေယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့ရကြောင်းလည်း ဒေသခံ မီဒီယာက ထုတ်ပြန် ခဲ့တယ်။

သမ္မတ ဂျိုကိုက ဇွန်လ ၃၀ရက်နေ့ ညက အစိုးရ Twitterမှာ လောလောဆယ် ဦးစားပေး ဆောင်ရွက်ရမဲ့ ကိစ္စမှာ သေဆုံးသူများကို ကောင်းမွန်သင့်လျော်စွာ စီစဉ်ဖို့ ဖြစ်ကြောင်း၊ ပြီးနောက် ပျက်ကျတဲ့ လေယာဉ်ရဲ့ အခြေအနေနဲ့ သက်တမ်း သုံးသပ်မှုကို ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောကြားတယ်။

ဘာကြောင့် စစ်လေယာဉ်ပေါ်မှာ စစ်မှုထမ်းများရဲ့ မိသားစုများ ပါတာလဲနဲ့ ပတ်သက် ပြီး အင်ဒိုနီးရှား လေတပ် စစ်ဦးစီးမှူး အာဂူစ်က အခု စစ်ဘက်က သိရှိတဲ့ အချက်အလက် တွေအရ သေဆုံးသူ ၁၁၃ဦးထဲမှာ စစ်သားအနည်းစု ဖြစ်ပြီး အများစုမှာ စစ်မှုထမ်းများရဲ့ ဇနီးနဲ့ ကလေးများ ဖြစ်ကြကြောင်း၊ အခု မွတ်ဆလင် ရမဒန် ဥပုသ်လ ဖြစ်နေတဲ့ အတွက် အဲဒီ မိသားစုများ စစ်လေယာဉ် စီးကြတဲ့ အကြောင်းရင်း ကတော့ သူတို့ရဲ့ မိသားစုဝင် စစ်မှုထမ်းများနဲ့ အတူတကွ ဆုတောင်းကြချင်တာကြောင့် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ပြောကြား တယ်။

စစ်လေယာဉ်ပေါ်က လေယာဉ် အမှုထမ်းတွေဟာ အာမခံလုပ်ထားတဲ့ အတွက် လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အာမခံကုမ္ပဏီက လျော်ကြေးပေးရပါမယ်။ ဒါပေမဲ့ အဲဒီ လေယာဉ်ပေါ်က စစ်မှုထမ်းများရဲ့ မိသားစုများ ကတော့ လေကြောင်း အာမခံ မလုပ်ထားပါဘူး။ အင်ဒိုနီးရှား စစ်ဘက်က သူတို့အတွက် သင့်လျော်တဲ့ လျော်ကြေးပေးပြီး လေယာဉ်ပျက်ကျမှုကြောင့် ပျက်စီးခဲ့တဲ့ လူနေအိမ်များ ပြန်လည် မွမ်းမံပြင်ဆင်တည် ဆောက်ရေး လုပ်ငန်းကို ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားတယ်။

အခု အင်ဒိုနီးရှားလေတပ်ဟာ လေယာဉ်ပျက်ကျမှု ဖြစ်ပွားတဲ့ အကြောင်းရင်းကို ဘက်စုံ စုံစမ်းနေတယ်။ အာဂူစ်က အကြောင်းရင်းကတော့ လေယာဉ် ဟောင်းသွားခြင်း ကြောင့် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ပြောကြားတယ်။ အခု အင်ဒိုနီးရှား လေတပ်မှာ ရှိတဲ့  Hercules-130သယ်ယူပို့ဆောင်ရေးလေယာဉ် အစင်း ၂၀ရဲ့ အများစုကို ပြီးခဲ့တဲ့ ၁၉၆၀ ပြည့်နှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီအကြိမ် ပျက်ကျတဲ့ လေယာဉ်ကို ၁၉၆၄ခုနှစ်က ဝယ်ယူတာ ဖြစ်ပြီး လေယာဉ် သက်တမ်းဟာ နှစ်၅၀ကျော် ရှိပြီ ဖြစ်ကြောင်း သိရတယ်။

၂၀၀၉ခုနှစ်မှာ အင်ဒိုနီးရှား လေတပ်မှ Hercules-130သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းဟာ ဂျကာတာကနေ အရှေ့ဂျာဗားသို့ ပျံသန်းစဉ် ပျက်ကျခဲ့ကြောင်း၊ အဲဒီ ပျက်ကျမှုမှာ လေယာဉ် ဝန်ထမ်းများ အပါအဝင် လေယာဉ်ပေါ်က စုစုပေါင်း ၁၁၂ဦးစလုံး သေဆုံးခဲ့ရ ကြောင်း သိရတယ်။

   Webradio